MPU ကတ်များအား City Mart ဆိုင်ခွဲ သုံးခုတွင် ထပ်မံအသုံးပြုနိုင်

12079952_867448943369393_665640212845343843_o.jpg

Myanmar Payment Union ကတ်များအား City Mart ဆိုင်ခွဲ သုံးခုတွင် ထပ်မံအသုံးပြုနိုင်ကြောင်း သတင်းရရှိသည်။

သမိုင်း၊ ရန်ကင်းနှင့် ဇဝန တို့ရှိ City Mart အရောင်းဆိုင်များတွင် ထပ်မံ၍ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး ယနေ့မှစတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ MPU ကတ် အသုံးပြုနိုင်သော City Mart အရောင်းဆိုင် ခြောက်ဆိုင်ရှိပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ City Mart အရောင်းဆိုင် ခြောက်ဆိုင်မှာ MPU ကတ်တွေ သုံးနိုင်ပြီဖြစ်ပါတယ်။ နောက်ထပ် City Mart ဆိုင်တွေအားလုံးမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု MPU ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

အသုံးပြုနိုင်သော City Mart များမှာ အထက်ပါသုံးဆိုင်အပြင် City Mart မြေနီကုန်း၊ City Mart Junction 8 နှင့် City Mart Junction Maw Tin တို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

MPU ကတ်များဖြင့် ချိတ်ဆက်ထားသောဘဏ်များ ကွန်ရက်အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာများတွင် ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ဝယ်ယူ အသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ MPU (Myanmar Pay Union) ကွန်ရက်တွင် ဘဏ်ပေါင်း ၂၂ ဘဏ် ပါဝင်ပြီး လက်ရှိအချိန်တွင် အသုံးပြုသူ ၂.၁ သန်းကျော် ဝန်းကျင် ရှိကြောင်း၊ MPU ကတ် အသုံးပြုနိုင်မှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင်သာ အသုံးပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် MPU ကတ်ဖြင့် လေယာဉ်လက်မှတ် ဝယ်ယူနိုင်ရန်လည်း ဆောင်ရွက်ထားသည်။ MPU ကတ်ဖြင့် ငွေပေးချေနိုင်သည့် လေကြောင်းလိုင်းများမှာ THAI လေကြောင်းလိုင်း၊ Myanmar National Airlines ၊ Asian Wings Airways နှင့် Air Bagan လေကြောင်းလိုင်းတို့ ဖြစ်ကြောင်း MPU မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် Myanmar Mobile Shop တွင်လည်း MPU အနေဖြင့် ငွေပေးချေခြင်း ပြုလုပ်နိုင်သည်ဟု သိရသည်။