ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို အလေးထား စောင့်ကြည့်သင့်ပြီလား

sea-level-rise-1.jpg

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NASA ကနေ အရေးပေါ် အစည်းအဝေး တစ်ခုကို ခေါ်ယူ ပြုလုပ်ခဲ့တာ တွေ့ရပြီး အဲဒီလို အစည်းအဝေး ခေါ်ရတဲ့ အကြောင်းကတော့ ပင်လယ်ရေမျက်နှာ သိသိသာသာ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။ ဟုတ်ပါပြီ၊ ကျွန်တော်တို့ အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုက ဘာတွေ အရေးပါပါသလဲ၊ ဘာတွေ ဖြစ်လာနိုင်ပါ သလဲ။ အလွယ်တမ်း ပြောရရင်တော့ ကျွန်တော်တို့ရဲ့ မြေကမ္ဘာကို ရေလွှာက ဝါးမြိုလာတဲ့သဘောပါ။ မြေတွေ ဆုံးရှုံးလာရပါတယ်၊ လူတွေနေထိုင် အခြေချနိုင်တဲ့၊ စိုက်ပျိုး ရိတ်သိမ်းနိုင်တဲ့ မြေနေရာတွေ ပင်လယ် ရေမျက်နှာပြင်အောက်ကို တဖြည်းဖြည်း ရောက်ရှိသွားတာပါ။ အထူးသဖြင့်တော့ ပင်လယ်ကမ်းရိုးတန်းဒေသတွေနဲ့ အဆိုပါ ဒေသတွေမှာ  နေထိုင်တဲ့ ပြည်သူတွေအတွက် ရင်လေးစရာ ဖြစ်လာပါတယ်။

လက်ရှိမှာ သူတို့ ပိုင်ဆိုင်ထားတဲ့ မြေတွေဟာ နောက်တစ်ချိန်၊ နှစ်အနည်းငယ် အတွင်းမှာ ရေအောက်ကို ရောက်ရှိ လာနိုင်ပြီးတော့ မြေယာ ဆုံးရှုံးမှုနဲ့ မြေယာ လက်မဲ့ ဖြစ်မှုတွေ တွေ့ကြုံလာရနိုင်ပါတယ်။ ဒီနေရာမှာ NASAက ထောက်ပြတဲ့ အရေးကြီး တစ်ချက်ကတော့ ပထမဆုံး မြေယာ ဆုံးရှုံးမှုနဲ့ ရေလွှမ်းမိုး ခံရနိုင်မှု အပိုင်းမှာ ကမ်းရိုးတန်း မြေနိမ့် ဒေသမှာ နေထိုင်သူတွေနဲ့ အဆိုပါ မြေနေရာတွေ အရင်ဆုံး ရေလွှမ်းခံရနိုင်တယ်လို့ ဆိုတာပါ။ NASA အနေနဲ့ကတော့ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှုကို စောင့်ကြည့် နေခဲ့တာ ဆယ်စုနှစ်ကျော် လာပါ ပြီ။ အခုတော့ သူက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ပင်လယ် ရေမျက်နှာပြင် အနေအထားနဲ့ အခုနှစ်ပိုင်း အတွင်း မြင့်တက်လာမှုတွေကို ပုံတွေနဲ့  နှိုင်းစာ ထောက်ပြလာခဲ့တာပါ။

နောက်ပြီး NASA ရဲ့ အဆိုမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု အနေနဲ့ ခန့်မှန်းသိရှိဖို့ ခက်ခဲပြီးတော့ မြင့်တက်မှုနှုန်းဟာ မြန်ဆန်ချင်ရင်လည်း မြန်နိုင်သလို အချိန် အတိုင်းအတာ တစ်ခုထိလည်း ကြာနိုင်သေးတယ်လို့ ဆိုပါတယ်။ ကမ်းရိုးတန်းနေ ပြည်သူတွေ အတွက်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်၊ ကျွန်တော်တို့ ခန့်မှန်းချက် အရတော့ နောက်ထပ် ဆယ်စုနှစ် တစ်စုကနေ ရာစုနှစ် တစ်စုအတွင်း ပင်လယ် ရေမျက်နှာပြင် မြင့်တက်မှု သိသိသာသာ တိုးတက်လာနိုင်တာကြောင့် နေရာ ပြောင်းရွှေ့ အခြေချမှုလိုမျိုး ပြင်ဆင်မှုတွေ ကြိုတင် လုပ်ဆောင်ထားသင့် ပါတယ်၊ နောက်ထပ် အရေးကြီး တစ်ချက် အနေနဲ့ သိမှတ်ထားရမှာ ကတော့ အဆိုပါ ပင်လယ်ရေ မြင့်တက်မှု ဖြစ်စဉ်ဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာပါပဲလို့ NASAက ပညာရှင် Josh Willis က ပြောပါတယ်။

အခုလို ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု ဖြစ်စဉ်ကို ဖြစ်လာစေတဲ့ အချက်သုံးချက် ရှိတယ်လို့လည်း သူက ဆက်ရှင်းပြပါ တယ်။ ပထမ တစ်ချက်ကတော့ အပူပျံ့နှံခြင်းကြောင့်ပါတဲ့၊ ကမ္ဘာရဲ့ အပူချိန် ကျရောက်မှု မြင့်တက်လာတာနဲ့အတူ ပင်လယ်ရေတွေဟာ အပူကြောင့် ဘေးဘက်ကို ပျံ့နှံ့မြင့်တက် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ပင်လယ်ရေ ထုထည်ကိုလည်း တိုးလာစေသလို ရေမျက်နှာပြင်လည်း မြင့်တက်လာစေတာပါတဲ့။ ဒီလို ပင်လယ်ရေ အပူချိန် တိုးတက်လာရတဲ့ အကြောင်းရဲ့ အဓိက အခြေခံ အချက်က ဖန်လုံအိမ် ဓာတ်ငွေ့ထုတ် လွှတ်မှုနဲ့ လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ ပါဝင်မှု နှုန်းတွေလည်း များပြားလာတာကြောင့် ဖြစ်ပါတယ်တဲ့။ ဒီလိုမျိုး လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ပါဝင်မှု နှုန်းမြင့်တက်လာတာက ကမ္ဘာရဲ့ လေထု အပူချိန်ကို မြင့်တက်လာစေသလို ဂေဟစနစ်အရ လေထုနဲ့ မြေထုရဲ့ အပူချိန် ၉၀ ရာခိုင်နှုန်းကို ပင်လယ်ရေထုက စုပ်ယူပေးတာ ကြောင့် တဖြည်းဖြည်းနဲ့ ပင်လယ်ရေ အပူချိန်လည်း တိုးတက်လာပါတော့တယ်။

နောက်ထပ် ရေမျက်နှာပြင် မြင့်တက်လာစေတဲ့ ဒုတိယတစ် ချက်ကတော့ ရေခဲတောင်တွေ အရည်ပျော်ခြင်းကြောင့်ပါ။  အထူးသဖြင့် ဂရင်းလန်းနဲ့ အာတိတ် နယ်ဘက်က ရေခဲတောင်တွေ အရည် ပျော်နှုန်း မြင့်တက်လာသလို အဆိုပါ ရေခဲတောင်တွေနဲ့ ပတ်သက်တဲ့ ဂြိုဟ်တု ပုံရိပ်တွေ အရလည်း သိသာတဲ့ ရေခဲ အရည်ပျော် ပျောက်ဆုံးမှုတွေ မြင်တွေ့နေရ တာ ဖြစ်ပါတယ်။ NASA အနေနဲ့က လက်ရှိ ကမ္ဘာရေခဲလွှာတွေကို ထုထည် အတိုင်းအတာ ဘယ်လောက်ထိ ရှိနေတယ်၊ ဆိုတာတွေကို ဂြိုဟ်တုကနေ တစ်ဆင့် ပုံရိပ် တွေ ရိုက်ကူး သိမ်းဆည်းထားပြီး ဖြစ်သလို နှစ်စဉ် တိုက်စစ် လေ့လာမှုတွေလည်း လုပ်ဆောင်နေတာကြောင့် ရေခဲ အရည်ပျော် ပျောက်ဆုံးနှုန်းတွေကို သိရှိနေတာလည်း ဖြစ်ပါတယ်။

ဒီလို အချက် နှစ်ချက်ကို ထုတ်ပြ အပြီးမှာတော့ NASA ကနေ အခု ၂၀ ရာစုနှစ်အတွင်း ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုနှုန်းကို ထုတ်ပြပါတော့တယ်။ ပုံရိပ်နဲ့ မှတ်တမ်းတွေအရ အခုရာစုနှစ် အတွင်း ပင်လယ်ရေ မျက်နှာပြင် ၂၀၃ မီလီမီတာ မြင့်တက် လာတာ တွေ့ရပါတယ်။ ဒါဟာ လက်မနဲ့ ပြောရမယ် ဆိုရင် ၈ လက်မ ဖြစ်ပြီးတော့ ကမ္ဘာနဲ့ အဝှမ်း တစ်ပြေးညီ မြင့်တက်လာမှု အတိုင်းအတာအရ အခု ရာစုနှစ် မကုန်ခင် အချိန်အတွင်းမှာ ပင်လယ်ရေ မျက်နှာပြင်မြင့် တက်လာမှုနှုန်းက ၀.၉ မီတာနဲ့ညီမျှတဲ့ ၃ ပေလောက် ထိအောင် မြင့်တက်လာဖို့ ရှိနေတာ ပါ။ ဒါဟာ ၂၃ နှစ်တာ NASA ရဲ့  ဂြိုဟ်တုက တစ်ဆင့် လေ့လာထား ရှိတဲ့ မှတ်တမ်းတွေနဲ့ ပြင်သစ် အခြေစိုက် Centre National d’Etudes Spatiales အဖွဲ့တို့ ပူးပေါင်း လေ့လာမှုကနေ ရရှိလာတဲ့ ခန့်မှန်းချက် ဖြစ်ပါတယ်။

ဒါ့အပြင် ရေမျက်နှာပြင် မြင့်တက်လာမှုနဲ့ အတူ အမေရိကန် အနောက်ပိုင်း ကမ်းရိုးတန်း တစ်လျှောက်မှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အချိန်ကနေ အခုအတွင်း မြေယာ ဆုံးရှုံးမှု သိသိသာသာ ဖြစ်ခဲ့တာကိုလည်း NASA က ထောက်ပြပါတယ်။  သူတို့ရဲ့ နောက်ထပ် ခန့်မှန်းချက်ကတော့ လာမယ့် ဆယ်စုနှစ် အတွင်းကနေ စတင်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုနှုန်း သိသာလာဖို့ ရှိသလို မြန်ဆန်လာမယ်လို့လည်း ဆိုတာပါ။ နောက်ဆုံး တစ်ချက်ကတော့ အပူလှိုင်း ဖြတ်သန်း စီးဆင်း တိုက်ခတ်မှုတွေကလည်း ဒုတိယ တစ်ချက်ဖြစ်တဲ့ ရေခဲတောင်တွေ အရည်ပျော်မှု နှုန်းကို မြန်ဆန်စေသလို ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ မိုးမမှန်မှု၊ မိုးနည်းမှု၊ မိုးများမှုတွေကိုပါ ဖြစ် လာစေပါတယ်တဲ့။ ပညာရှင်က ဆက်ပြီးတော့ အာတိတ်က ရေခဲ တွေ အရည်ပျော်မှုနဲ့ အတူ ပင်လယ်ရေ ထုထည် မြင့်တက်လာမှု ကလည်း သိသာလာကြောင်း ပြောပါတယ်။ ရေခဲတောင်တွေရဲ့ ပမာဏဟာ ထုထည် အလွန်တရာ ကြီးမားသလို အဆိုပါ ရေခဲတွေ အရည်ပျော်မှုကြောင့် ပင်လယ် ထဲ ရောက်ရှိ၊ ထပ်တိုးလာတဲ့ ရေတွေရဲ့ ပမာဏဟာလည်း အလွန်တရာ များပြားလှတယ်လို့ ထောက်ပြပါ တယ်။ လက်ရှိ အာတိတ်မှာ ရှိနေတဲ့ ရေခဲတွေရဲ့ အရည်ပျော်နှုန်းက မြင့်တက်များပြားနေတာ မှန်ပေမယ့် ပြဿနာအကြီးစား အနေအထားလောက်တော့ မဟုတ် သေးပါဘူး၊ ဒါပေမဲ့ နောက်ထပ် အချိန် ဘယ်လောက် ထိအောင် ဂေဟစနစ်က ပုံမှန် လည်ပတ်နေမလဲ ဆိုတာ အာမခံချက်တော့ မရှိပါဘူးလို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပညာရှင် Eric Rignot က ပြောထားပါတယ်။

သူကပဲ ဆက်ပြီးတော့ ကျွန်တော်တို့ လေ့လာချင်တဲ့ အပိုင်းတချို့က ပင်လယ်ရေ မျက်နှာပြင် အောက်မှာလည်း ရောက်နေတဲ့ ရေခဲလွှာတွေ ဖြစ်ပါတယ်။ အဲဒီ အတွက် လေ့လာမှုတွေ လုပ်ဆောင် ဖို့ အခက်အခဲလည်း ရှိနေပါသေးတယ်၊ သူတို့က ရေအောက်ထဲမှာ ပေပေါင်းများစွာ အနက်ရှိနေတာကြောင့် ဂြိဟ်တုကနေ တစ်ဆင့် ပုံတွေ ရိုက်ကူး လေ့လာဖို့လည်း အခက်အခဲ ရှိနေတာပါ၊ ဒီအတွက် သေချာတဲ့ ခန့်မှန်းချက်ကို မထုတ်ပေးနိုင်သေးတာလည်း ဖြစ်ပါတယ်လို့ ဆက်ပြောပါတယ်။ နောက်ဆုံး Eric ရဲ့ စကား အရတော့ သေချာတာ တစ်ခုက ရေမျက်နှာပြင် မြင့်တက်မှု ဖြစ်ကို ဖြစ်လာပါလိမ့်မယ်။ မနက်ဖြန်လည်း ဖြစ်နိုင်သ လို ဆယ်စုနှစ်လည်း ကြာနိုင်ပါတယ်၊ ရပ်တန့်လို့လည်း မရပါဘူးလို့ ဆိုပါတယ်။ ရေခဲလွှာတွေနဲ့ ပတ်သက်လို့တော့ နောက်ဆုံး ခြောက်နှစ်တာ တိုင်းတာ နှိုင်းယှဉ်မှုတွေ လုပ်ဆောင်နိုင်ပြီ ဖြစ်သလို ရေခဲ အရည်ပျော်နှုန်းတွေကိုပါ လေ့လာ မှတ်သားပြီး ဖြစ်တယ်လို့ NASA က ဆိုပါတယ်။ အဆိုပါ ရေခဲ အရည်ပျော်မှုတွေကတော့ ဂရင်းလန်းက ရေခဲတွေ ဖြစ်ပါတယ်။

အစည်းအဝေးမှာ NASAက ပုံတွေကို ဆေးရောင်တွေ ချယ်ပြီး ရေပြင်မြင့်တက်လာမှုကို သရုပ်ပြခဲ့သလို အဆိုပါ မြင့်တက်နှုန်းတွေ အရ ကမ်းရိုးတန်းဒေသ အခြေ စိုက်မြို့ကြီးတွေ အတွက် မြေနေရာဆုံးရှုံးမှု ဘေးအန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာတာပါ။ ကမ္ဘာ့အကြီးဆုံး မြို့ကြီးတွေထဲက ၁၁ မြို့ဟာ ပင်လယ် ကမ်းရိုးတန်းမှာ အခြေစိုက်ထားတာ ဖြစ်သလို အမေရိကန် တစ်နိုင်ငံတည်းမှာတင် လူသန်းပေါင်း ၁၆၀ က ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်လျက် ရှိနေတာပါ။ ဒီလို ရေမျက်နှာပြင် မြင့်တက်မှုနဲ့ ဆုံးရှုံးလာနိုင်တဲ့ မြေနေရာတွေ အကြောင်းကို ပြောဆို တင်ပြ အပြီးမှာတော့ နောက်ဆုံး အနေနဲ့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုက ရေကြီး၊ ရေလွှမ်းမှုမျိုးလို ရေအတက်၊ အကျ မရှိနိုင်ကြောင်းနဲ့ ပုံသေ အနေနဲ့ မြင့်တက်သွားခဲ့ပြီ ဆိုရင် မြေနေရာ ပြန်လည် ရနိုင်တော့မှာ မဟုတ်သလို အခုလို ပင်လယ်ရေ မြင့်တက်မှုတွေက ဟာရီကိန်း မုန်းတိုင်တွေကိုလည်း ဖြစ်စေနိုင်သလို ကမ်းရိုးတန်း ဒေသတွေကို ရေကြီးမှုတွေ ဖြစ် လာစေနိုင်တယ်လို့ ဆိုသွားပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ပင်လယ် ကမ်းရိုးတန်း ပိုင်ဆိုင် ဆက်စပ်နေတဲ့ အနေအထားမှာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှု အကျိုးတွေကို ကမ္ဘာနဲ့ တစ်ပြေးညီ ခံစားလာရဖို့ ရှိနေတာကြောင့် NASA ရဲ့ အဆိုအတိုင်း ကျွန်တော်တို့ နိုင်ငံမှာလည်း ကမ်းရိုးတန်းနေ ပြည်သူတွေ အနေနဲ့ ကြိုတင် ပြင်ဆင် ထားရှိမှုတွေ လုပ်ဆောင်ဖို့တော့ သင့်နေပြီလို့ ဆိုလိုက်ပါရစေ။