Credit Card ဝန်ဆောင်မှုကို Online စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်

Computer_Credit-Card_iStock_000010960891Large.jpg

ပြည်တွင်းဘဏ်လုပ်ငန်း စီးဆင်း လည်ပတ်မှုတွင် တကျော့ ပန်လည် အသုံးပြုနိုင်တော့မည့် credit card ဝန်ဆောင်မှုကို အွန်လိုင်း စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ ငွေပေးချေရေး အဖွဲ့ (Myanmar Payment Union- MPU) မှ သိရသည်။

၂၀၀၂ ခုနှစ်ဝန်းကျင်က ပထမဆုံး စတင်အသုံးပြုခဲ့သည့် အကြွေးဝယ်ခွင့်ကတ် (Credit Card)  ဝန်ဆောင်မှုသည် Offline စနစ်သာဖြစ်ခဲ့ပြီး ယခုတကျော့ ပြန်လည် အသုံးပြုတော့မည့် အချိန်တွင် Online စနစ်ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း အဆိုပါ ငွေပေးချေရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Online စနစ်ဖြင့် ချိတ်ဆက် ထားသည့်အတွက် credit card ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် မိမိအသုံးပြုနိုင်သည့် ငွေလက်ကျန်ပမာဏများအပါအဝင် အခြားအချက်အလက်များကို မိုဘိုင်း အင်တာနက်မှတဆင့် အလွယ်တကူ စစ်ဆေးသွားနိုင်မည်လည်း ဖြစ်သည်။

၂၀၀၃ ခုနှစ်က ပြည်တွင်း ဘဏ်လုပ်ငန်းအချို့ ပြိုလဲခဲ့ရ သည့် သင်ခန်းစာကိုယူ၍ ယခုပြန်လည်အသုံးပြုခွင့်ရလာသည့် credit card သုံးစွဲမှုကို နည်းပညာအသုံးချ၍ စနစ်တကျ ထိန်းချုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြွေးဝယ်ခွင့် ကတ် (Credit Card ) ဝန်ဆောင်မှုကိုပေးရန် ခွင့်ပြုချက်ရရှိထားသည့် ဘဏ်အားလုံး အနေဖြင့် လာမည့် ၂၀၁၆ တွင် စတင်၍အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။

 အကြွေးဝယ်ကတ်များ ဖြစ်သည့် Credit Card သုံးစွဲခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က MPU အဖွဲ့ဝင်ဘဏ်များကို ထုတ်ဝေခွင့်ပေးလိုက်ခြင်းဖြစ်ပြီး လတ်တလောတွင် အဆိုပါ ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ် အပါအဝင် ဘဏ်လေးဘဏ်က  စတင်နေပြီ ဖြစ်ကြောင်းသတင်း ရရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ အဆိုပါကတ်ထုတ်ဝေခွင့်ကို ရရှိထားသော MPU အဖွဲ့ဝင်ဘဏ် ၂၂ ရှိပြီး ယင်းအနက်မှ ၁၅ ဘဏ်က Credit Card ဝန်ဆောင်မှုကို ပေးသွား မည် ဖြစ်ကြောင်း မြန်မာငွေပေးချေရေးအဖွဲ့၏ တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။