Microsoft က မြန်မာနိုင်ငံ အတွက် Country Manager ခေါ်ယူ

1022_Microsoft.jpg

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Microsoft သည် မြန်မာနိုင်ငံအတွက် Country Manager အဖြစ် တာဝန်ထမ်းဆောင်နိုင်သူကို ၎င်းတို့၏ ဝက်ဘ်ဆိုက်မှ ခေါ်ယူခဲ့ သည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် Country Manager ကို Microsoft က ခေါ်ယူခဲ့ခြင်းသည် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၌ ရုံးခွဲလာရောက်ဖွင့်လှစ်ရန် ပထမခြေလှမ်းဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ နည်းပညာ အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“Microsoft အနေနဲ့ ဒီနိုင်ငံမှာ ရုံးခွဲအနေနဲ့ လာရောက်ဖွင့်လှစ်ထားတာ မရှိသေးဘူး။ ဖွင့်တော့ ဖွင့်ရမှာပေါ့။ ဒီလိုမျိုး သူတို့လာရောက် ဖွင့်လှစ်မယ်ဆိုရင် ဝန်ဆောင်မှုကိုလည်း ပိုပြီး ထိထိရောက်ရောက် ပေးလာနိုင်ပါလိမ့်မယ်” ဟု MIT ကုမ္ပဏီမှ ဦးနေလင်းသန်းက ပြောသည်။

Microsoft အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ MIT ကုမ္ပဏီနှင့် လက်တွဲကာ ပြည်တွင်း နည်းပညာလောကသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းတို့နည်းပညာများကို စီးပွားရေး လုပ်ငန်းကြီးများ၌ တရားဝင် အသုံးပြုစေရန် ဈေးကွက်ရှာဖွေနေသည်ဟု သိရသည်။

မကြာသေးခင် ကမ္ဘောဇ ကုမ္ပဏီများလုပ်ငန်းစုသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအသီးသီး၌ Microsoft နည်းပညာများကို တရားဝင် ဝယ်ယူအသုံးပြုသွားမည်ဟု ကြေညာခဲ့ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် Microsoft အတွက် မြန်မာနိုင်ငံ၌ ပထမဦးဆုံးအနေဖြင့် အကြီးမားဆုံးသော သဘောတူညီမှုတစ်ခုဖြစ်ကြောင်း သိရသည်။