e-waste ပြဿနာများမှာ အနာဂတ်ကာလ အတွက် လေ့လာဆန်းစစ် သုတေသန ပြုရမည့် ခေါင်းစဉ် တစ်ခုတွင် ပါဝင်

12141103_10207497509217060_5424963280532308464_o.jpg

တယ်လီဖုန်းများမှ ထွက်သည့် စွန့်ပစ်ပစ္စည်းအပါအဝင် လျှပ်စစ်စွန့်ပစ်ပစ္စည်း (e-waste) ပြဿနာများမှာ အနာဂတ်ကာလအတွက် လေ့လာဆန်းစစ် သုတေသနပြုရမည့် ခေါင်းစဉ် တစ်ခုဖြစ်ကြောင်း မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) ၊ ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR) တို့ပူးပေါင်းပြီး မြန်မာ့ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ၏ သက်ရောက်မှုများ လေ့လာ ဆန်းစစ်ခြင်း ထုတ်ပြန်ချက် အရ သိရသည်။

မကြာမီကြုံရနိုင်သည့် ကိစ္စရပ်များတွင် အဆိုပါကိစ္စရပ်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ လက်ရှိတွင် တယ်လီဖုန်း ကိရိယာပစ္စည်းများ ထုတ်လုပ်သည့် ပြည်တွင်း ကုန် ထုတ်လုပ်မှု ကဏ္ဍသည် မရှိသလောက် နည်းပါးကြောင်း၊ အနိမ့်ဆုံး အခြေခံဖုန်းများနှင့် သုံးပြီးသားဖုန်းဟောင်းများကိုပင်လျှင် လူအများ၏ ဝယ်လိုအား ကောင်းနေသေးသည့် အချိန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုအချိန်တွင် အခြားနိုင်ငံများတွင် တွေ့ရသော လျှပ်စစ်စွန့်ပစ်ပစ္စည်း (e-waste) သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းစေ သည့် ပြဿနာများ မြန်မာနိုင်ငံတွင် တွေ့ရှိရခြင်း မရှိသေးကြောင်း၊ တစ်ချိန်တွင် တွေ့ကြုံလာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှု လုပ်ငန်းများ မရှိသေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် ရွှေ၊ ဒန်၊ သံ၊ ဒုတ္တာ၊ တိုက်တေနီယံ စသည့် သတ္တုထုတ်လုပ်မှု ပဋိပက္ခများ လေ့လာနိုင်ခြင်း မရှိသေးကြောင်း၊ ရွှေ၊ ဒန်၊ သံ တို့မှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော်လည်း လေ့လာဆန်းစစ်ခြင်း မလုပ်နိုင် ခဲ့ကြောင်း ဆိုသည်။ ယင်းသတ္တုများ မည်သို့ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းနှင့်ဆိုင်သည့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံအတွင်းရှိ ပဋိပက္ခများသည် အနာဂတ်ကာလ အတွက် လေ့လာ ဆန်းစစ်ပြီး သုတေသနပြုလုပ်နိုင်သည့် အသုံးဝင်သော ခေါင်းစဉ်တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။