ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်ဖြစ်သော Surface Book ကို Microsoft မိတ်ဆက်

12111983_10153228341832825_2544773041441839984_n.jpg

Microsoft သည် ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်အဖြစ် Surface Book ဟု ခေါ်ဆိုသော ၁၃.၅ လက်မ Windows 10 ထုတ်ကုန်ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

Microsoft ၏ ထုတ်ကုန်များဌာန အကြီးအကဲဖြစ်သူ ပါနော့စ် ပန်နေက Surface Book သည် အကောင်းဆုံး လက်တော့ပ်ဖြစ်ကြောင်းနှင့် ၎င်းသည် ဖန်တီးခဲ့သမျှတွင် အပါးလွှာဆုံးနှင့် စွမ်းဆောင်ရည် အကောင်းဆုံး ကွန်ပျူတာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Surface Book ၏ screen သည် pixel ၆ သန်းဖြင့် ဖော်ပြပေးနိုင်ပြီး Surface Pro 4 tablet ကဲ့သို့ Gorilla Glass နှင့် PixelSense touch နည်းပညာကို အသုံးပြုထားသည်။

အဆိုပါ display ကို ကိုယ်ထည်မှ ဖြုတ်ကာ လက်တော့ပ်ကို tablet အသွင်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်သည်။ ထိုကဲ့သို့ အသုံးပြုခြင်းဖြင့် Surface Book ကို Surface Pen stylus ဖြင့် ပုံကြမ်းများရေးဆွဲရာတွင် အောက်ခံကတ်ပြားတစ်ခုကဲ့သို့ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။

Surface Book ကို backlit ခလုတ်များနှင့် ဖန်သား trackpad တစ်ခုဖြင့် အသုံးပြုနိုင်သည်။

၎င်းတွင် ဆဋ္ဌမမျိုးဆက် Intel ပရိုဆက်ဆာနှင့် Nvidia GeForce GPU တို့ကို အသုံးပြုထားသည်။ Microsoft ကမူ Surface Book သည် ဖန်တီးခဲ့သမျှ tabet များအနက် အလျင်မြန်ဆုံး ၁၃ လက်မ tablet ဖြစ်ပြီး Apple ၏ MacBook Pro ထက် နှစ်ဆပိုမိုလျင်မြန်ကြောင်း ပြောကြားခဲ့သည်။

ဘက်ထရီဖြင့် အသုံးပြုရာတွင် ၁၂ နာရီကြာ အသုံးပြုနိုင်ကြောင်း ကုမ္ပဏီမှ ကတိပြု ပြောကြားခဲ့သည်။

Surface Book ကို အောက်တိုဘာ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁,၄၉၉ ဖြင့် စတင် ရောင်းချမည် ဖြစ်သည်။

Ref: CNET