သီးသန့်လမ်းကြောင်းတွေနဲ့ ရှင်သန်လာမယ့် EVs တွေ

Electric-Vehicles-1-LH-Online-Article-2015Aug18.jpg

EVs ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း လျှပ်စစ်စနစ်သုံး မော်တော်ကားတွေကို ပြောချင်တာဖြစ်ပြီး အရှည်ကောက် အနေနဲ့ Electric Vehicles လို့ အမည်ရတာပါ။ လျှပ်စစ်စွမ်းအင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး လည်ပတ်ရွေ့လျားတာလည်း ဖြစ်နိုင်သလို ဘက်ထရီကို အထိုင်ထားပြီး အားသွင်းသိုလှောင်ထားတဲ့ လျှပ်စစ်စွမ်းအင်ကိုပြန်ပြီး ထုတ်လုပ်သုံးစွဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အခု ကျွန်တော် ပြောမယ့်အကြောင်းအရာက လျှပ်စစ်မော်တော်ကားတွေ အကြောင်းပဲဖြစ်လို့ EVs တွေကို မော်တော်ကားတွေလို့ပဲ ဆိုလိုက်တာဖြစ်ပြီးတော့ တကယ်တမ်းကတော့ လျှပ်စစ်စနစ်နဲ့ ရွေ့လျားသွားလာတဲ့ စက်တွေအားလုံးကို ဆိုလိုတာပါ။ လျှပ်စစ်စနစ်သုံး မီးရထားတွေ၊ ရေပေါ် ရေအောက်သွား စက်တွေနဲ့ နောက်ဆုံးလျှပ်စစ်စနစ်သုံး ယာဉ်ပျံငယ်တွေထိအောင် ပါပါတယ်။ ၁၉ ရာစုနှစ် လယ်လောက်ကတည်းက ခေတ်စား တီထွင်လာတဲ့ EVs တွေအတွက် ဒီနေ့ခေတ်မှာတော့ လျှပ်စစ်အားသွင်းပြီး ခရီးမိုင်ဆယ်နဲ့ချီအောင် စီးနင်းနိုင်နေတဲ့ မော်တော်ကားတွေ ဈေးကွက်ဝင်နေပြီ ဖြစ်သလို ကျွန်တော်တို့ နိုင်ငံမှာလည်း အရေအတွက် အနည်းငယ် လောက်တော့ အဲဒီလို မော်ဒယ်တွေ ရှိနေပါတယ်။ ဥပမာ Nissan ရဲ့ ဈေးကွက်မှာ လူကြိုက်အများဆုံး လျှပ်စစ်ကား မော်ဒယ် Leaf လိုမျိုးပေါ့။ ဒီလိုအနေအထားမှာ ကျွန်တော်တို့ နိုင်ငံကနည်းပညာပိုင်းနဲ့ အသုံးအပိုင်းမှာ ခေတ်နည်းနည်း ကျန်နေသေးတာ ဖြစ်ပေမယ့် အခု EVs တွေရဲ့ အားသာချက်ကို ကောင်းကောင်းသိလာတဲ့ နိုင်ငံတွေမှာတော့ EVs အရေအတွက် အများအပြား လူကြိုက်များလာစေရေး၊ ထုတ်လုပ်နိုင်ရေး၊ နည်းပညာ  အဆင့်အတန်း မြင့်မားလာစေရေးနဲ့ မော်ဒယ်တွေကို အဖက်ဖက်က ပြည့်စုံအောင် ဖန်တီးနိုင်ရေးကို ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဘက် ကနေ ကြိုးစားဆောင်ရွက်နေတာ တွေ့နိုင်သလို အခုလည်း အစိုးရကိုယ်တိုင်က အဲဒီလို EVs တွေအတွက် သီးသန့်လမ်းကြောင်း ရေးဆွဲမောင်းနှင် နိုင်ရေးကိုပါ လုပ်ဆောင်လာတယ်ဆိုရင် သင့်အနေနဲ့ အံ့သြမိမယ် ထင်ပါတယ်။

ဒါနဲ့ ဘာကြောင့်များ EVs တွေအတွက် သီးသန့်လမ်းကြောင်း ဖောက်လုပ်မောင်း နှင်စေဖို့ လိုအပ်တာပါလဲ။ ကျွန်တော် နည်း နည်းလောက် ရှင်းပြချင်ပါတယ်။ EVs တွေ ဆိုတာက လျှပ်စစ်စနစ် တစ်ခုတည်းကိုပဲ အသုံးပြု လည်ပတ်တဲ့ မော်ဒယ်တွေ ဖြစ်ပြီးတော့ တခြားအပြင်အဆင်နဲ့ ဒီဇိုင်းတွေကတော့ ပုံမှန်ကားတွေလိုပါပဲ။ ဒီနေရာမှာ ပုံမှန်ကားတွေက စက်သုံးဆီစနစ်နဲ့ သွားပြီးတော့ လိုအပ်သလောက် ဆီပမာဏကို တိုင်ကီဆံ့သလောက် ထည့်ထားပြီး မောင်းနှင်သွားလာ နိုင်တာဖြစ်ပေမယ့် EVs တွေကတော့ လျှပ်စစ်စနစ်နဲ့လည်း ဖြစ်တယ်၊ နောက်တစ်ချက်ကတော့ EVs တွေရဲ့ အားပြန်လည် ဖြည့်သွင်းရတဲ့ လျှပ်စစ် ပင်မစနစ်က ပုံမှန်အိမ်သုံး လျှပ်စစ်ပင်မစနစ်ကို လိုအပ်တဲ့ အားအနေအထားပြောင်းလဲ အသုံးပြုဖြည့်သွင်း ရတာတွေ ပါပါသေးတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ဖုန်းတွေကို အားသွင်းချိန်မှာ ဖုန်းနဲ့ လျှပ်စစ်ပင်မ စနစ်နဲ့ကြားထဲမှာ Adapter ကို ကြားခံထားပြီး အားသွင်းရသလို အခုလည်း EVs  တွေကို အားသွင်းဖို့ ကြားခံအထိုင် လိုသေးတာဖြစ်ပြီး အဲဒီအတွက် EVs တွေရဲ့ အားနည်းချက်လို့ ဆိုနိုင်မှာက နေရာတိုင်းမှာ အားသွင်းဖို့ မလွယ်ကူတာပါ။ ပြီးတော့ အဲဒီလို အားပြည့်အောင် ပြန်သွင်းဖို့အတွက်က အချိန်နာရီ အနည်းဆုံး ၅ နာရီ ကျော်လောက်ထိအောင် သွင်းရပြီး ပုံမှန်ဆိုရင် ၇ နာရီလောက် ကြာပါတယ်။ ဒီတော့ဟုတ်ပါပြီ၊ သူက နေရာတိုင်း အားသွင်းလို့ မရဘူး၊ အားသွင်းချိန်ကြာတယ် ဆိုတော့ ကျွန်တော်တို့ EVs တွေကို မောင်းနှင်နေရင်းကနေ အားမကုန်အောင်၊ အားကုန်သွားခဲ့ရင် လမ်းမကြီးပေါ်မှာ ရပ်မနေရအောင် ဘယ်လိုဖြေရှင်း ရပါ့မလဲဗျာ။

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု သုညရာခိုင်နှုန်းဖြစ်လို့ ပတ်ဝန်းကျင်အတွက်ရော ရေရှည်အတွက်ပါ အကောင်းဆုံး မော်ဒယ်တွေကို မသုံးဘဲ လက်လွှတ်လိုက်ကြမလား၊ ဒါမှမဟုတ် ဒီလိုမော်ဒယ်တွေကို အဆင်ပြေစေနိုင်မယ့် နည်းလမ်းကိုသာလုပ်ဆောင် အကောင်အထည် ဖော်လာနိုင်ရင် လူတိုင်း EVs တွေကို စီးချင်လာမှာ မဟုတ်လားဗျာ။ ဥပမာ အခု ပုံမှန်မော်ဒယ်တွေအတွက် စက်သုံးဆီဆိုင်တွေ နေရာတကာမှာ လွယ်လွယ်ရှိနေသလို EVs တွေအတွက်လည်း အားသွင်းဖို့ လွယ်ရင်တော့ သေချာတာ တစ်ခုက နောက်ဆိုဆီဖိုး မကုန်တော့တဲ့ EVs တွေကို လူတွေအရမ်းစီးချင်လာမှာ အမှန်ပါ။ အဲဒီအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အခုအင်္ဂလန်မှာ စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ ဘယ်လို နည်းလမ်းလဲဆိုတော့ လျှပ်စစ်စွမ်းအင်ကို ကြိုးမဲ့အားသွင်းပေးနိုင်မယ့် လမ်းကြောင်းတွေ ဖြစ်ပါတယ်။

ဒီလိုလမ်းနဲ့ မော်တော်ကားအကြား ကြိုးမဲ့အားသွင်းနိုင်အောင် လမ်းဘက်ကတော့ ကြိုးမဲ့အနေအထားနဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနေမှာ ဖြစ်ပြီးတော့ အားသွင်းလိုတဲ့ မော်ဒယ်မှာတော့ အဆိုပါကြိုးမဲ့ ထုတ်လွှင့်ထားတဲ့ လျှပ်စစ်စွမ်းအင်ကို ဖမ်းနိုင်မယ့်စနစ် ပါရပါမယ်။ ဒါပေမဲ့ အဆိုပါအား လက်ခံနိုင်မယ့် ကြိုးမဲ့စနစ်က လျှပ်စစ်ကား အများစုမှာ ထည့်ထားပြီးသားဖြစ်သလို မထည့်ရသေးရင်လည်း ဈေးနှုန်းသက်သက်သာသာနဲ့ ထည့်သွင်းတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်တဲ့။ ဒီစနစ်ကိုတော့ အင်္ဂလန်အဝေးပြေးလမ်း ဖောက်လုပ်မှုအဖွဲ့က တာဝန်ယူ စမ်းသပ်လုပ်ဆောင်မှာ ဖြစ်ပြီးတော့ ပထမအဆင့် အနေနဲ့တော့ အဆိုပါ EVs တွေအတွက် လမ်းနမူနာပုံစံကို ဖောက်လုပ်ပြီး စမ်းသပ်မောင်းနှင် အသုံးပြုဖို့ရှိနေတာပါ။ ဒီလိုအစမ်း လမ်းကြောင်း ဖောက်လုပ်ဖို့အတွက်တောင်မှ လမ်းတိုအနေအထားလေး တစ်ခုကို အချိန် ၁၈ လ ကြာအောင် ဖန်တီးယူရမယ်လို့ သိရပါတယ်။

လမ်းသားရဲ့အောက်မှာ လျှပ်စစ်ပတ်လမ်းကို ထည့်သွင်းဖောက်လုပ်မှာဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ လျှပ်စစ်စွမ်းအားကို ဖြန့်ကြက်ထားမှာ ဖြစ်သလို EVs တွေက အဆိုပါ လမ်းကြောင်းအထက်မှာ မောင်းနှင်နေရင်း အားကုန်သွားပြီဆိုရင် ကားကိုရပ်လိုက်စရာမလိုဘဲ အားသွင်းနိုင် နေမှာလည်း ဖြစ်ပါတယ်။ လမ်းကြောင်းမှာရှိနေမယ့် လျှပ်စစ်စွမ်းအင် စနစ်ကတော့ လမ်းမတွေနဲ့ အနီးဆုံးနေရာမှာရှိနေတဲ့ ဓာတ်အားလိုင်းတွေကနေ ဆင့်ကဲအား ပြောင်းလဲရယူပြီး လျှပ်စစ်စီးနေစေမှာလည်း ဖြစ်ပါတယ်။ အခုနှစ်ကုန်ပိုင်းမှာ အဆိုပါလမ်းကြောင်း အစမ်းဖောက် လုပ်မှုကို စတင်မှာဖြစ်ပြီး လမ်းကြောင်းစနစ် အောင်မြင်ပြီဆိုရင်တော့ အထူးသဖြင့် မြို့တွင်းလမ်းတွေမှာ အဆိုပါ EVs သီးသန့်လမ်းတွေကို ဖောက်လုပ်ပေးဖို့ အစီအစဉ်လည်း ရှိနေတာဖြစ်ပါတယ်။ ဒီစနစ်ကို တီထွင်သူတွေကတော့ စတန်းဖို့ဒ် တက္က သိုလ်က ဖြစ်ပြီးတော့ အစပိုင်းမှာ သူတို့ရဲ့တီထွင်မှုက အင်္ဂလန်အတွက် မဟုတ်ဘဲ ကိုရီးယားနိုင်ငံမှာ လျှပ်စစ်စနစ်သုံး ခရီးသည်တင် မြို့တွင်းကားတွေအတွက် အဆင်ပြေစေဖို့ဖြစ်ပြီး အခုတော့ အိမ်စီး EVs တွေအတွက်ပါ အဆင်ပြေနိုင်လာလို့ စမ်းသပ်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

တကယ်လို့ လမ်းစနစ် အောင်မြင်ခဲ့ရင်တော့ အိမ်စီးတွေအတွက်တင် မဟုတ်ဘဲ အကြီးစားလျှပ်စစ် စနစ်သုံး မော်ဒယ်တွေလည်း ဖြတ်သန်းမောင်းနှင် အားသွင်းလာနိုင်ဖို့ရာရှိသလို ကနဦးအနေနဲ့တော့ အကျိုးသက်ရောက်မှု ထိရောက်စေဖို့နဲ့ လမ်းအန္တရာယ် ကင်းရှင်းဖို့ ဦးစားပေး စမ်းသပ်မယ်လို့ ဆိုပါတယ်။ နောက်ပြီး အခုလိုလမ်းကြောင်းတွေ ဖောက်လုပ်ပေးနိုင်မှု မရှိသေးတဲ့ နေရာတွေအတွက်လည်း EVs တွေ အလွယ်တကူ သွားလာ၊ မောင်းနှင်နိုင်အောင် မိုင် ၂၀ မှာ (ကီလိုမီတာ ၃၂) တစ်နေရာပုံစံနဲ့ အားသွင်းနိုင်မယ့် ပင်မစနစ်အထိုင်တွေ ထားရှိပေးသွားဖို့လည်း ရှိနေတာဖြစ်ပါတယ်။ အခုလို လျှပ်စစ်စွမ်းအား ပြန်ဖြည့်ပေးနိုင်မယ့် လမ်းတွေကတော့ A အဆင့်သတ်မှတ်ချက် လမ်းကြောင်းမျိုးအနေနဲ့ ဖောက်လုပ်သွားဖို့ ရှိနေပြီးတော့ မောင်းနှင်နေရင်း ကားရပ်တန့်မှု ဖြစ်စဉ်ကနေ အောင်မြင်အောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါတယ်။