လက်တွေ့ အကောင်အထည် ဖော်လာနိုင်တဲ့ Apple Car

Apple-car5-UTW-online-article-2015OCT1.jpg

Apple ကုမ္ပဏီက မော်တော်ကား ထုတ်လုပ်မယ်ဆိုတဲ့ ကောလာဟလ သတင်းတစ်ခုက ၂၀၁၄ ခု နှစ် နှောင်းပိုင်း ကာလမှာ အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ ထုတ်လုပ်မယ့် မော်တော်ကားပုံစံကိုပင် သတင်းပေါက်ကြားမှုကရတဲ့ သတင်းလိုလို ကောလာဟလ သတင်းလိုလိုနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် ပျံ့လွင့်ရင်း နောက်ဆုံးငြိမ်သက် သွားခဲ့တာကို သတိရမိ ကြပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလဆန်းကစပြီး Apple Car ဆိုတဲ့ သတင်းပြန်ပေါ်ခဲ့တယ်။

၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ Apple ရဲ့ စီအီးအိုဖြစ်သူ Time Cook က ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Steve Zadesky ကို ကုတ်အမည် Titan လို့ ပေးထားတဲ့ Apple လျှပ်စစ်ကား စီမံကိန်းအကောင်အထည် ဖော်ဖို့လျှို့ဝှက်တာဝန် ပေးခဲ့တယ်ဆိုပြီး သတင်းပေါက်ကြား ခဲ့တာဖြစ်တယ်။ Steve Zadesky က Apple မှာ တာဝန်မထမ်းဆောင်မီ Ford မော်တော်ကား ကုမ္ပဏီရဲ့ ကြီးကြပ်ရေး အင်ဂျင်နီယာ အဖြစ်လုပ်ကိုင်ခဲ့တယ်။ Apple ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Mickey Drexler ကတော့ Apple  ကုမ္ပဏီအနေနဲ့ ကားထုတ်လုပ်ဖို့ အစီအစဉ်ကို ကွယ်လွန်သွားတဲ့ Steve Jobs ကိုယ်တိုင်စီမံချက် ထားရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်။ ၂၀၁၅ ခုနှစ် မတ်လ ရောက်တဲ့အခါ၊ Self driving Apple car ထုတ်လုပ်မယ်ဆိုတဲ့ သတင်းတစ်ခု ထပ်မံထွက်ခဲ့ပြီးနောက် စက်တင်ဘာလမှာ apple ကုမ္ပဏီက မော်တော်ကား ထုတ်လုပ်ရေးကို လက်တွေ့အကောင်အထည် ဖော်လာတော့မယ်လို့ ထပ်မံသတင်း ထွက်လာခဲ့တာ ဖြစ်တယ်။

နာမည်ကျော် Wall street Journal ကြီးက Apple အနေနဲ့ ၂၀၁၉ ခုနှစ်တွင် မော်တော်ကား ထုတ်လုပ်ရောင်းချ တော့မယ်လို့ ထုတ်ဖော်ရေးသားတာ ပထမဆုံး တွေ့ရတယ်။ Apple ရဲ့ ထုတ်ကုန်တွေထဲမှာ ဈေးကွက်အကောင်း ဆုံးဖြစ်နေတဲ့ iPhone ဈေးကွက်ထက် Apple Car ဈေးကွက်က လေးဆလောက်ရှိမယ်လို့ ခန့်မှန်းထားတယ်လို့ သိရတယ်။ Guardian စာစောင်နဲ့ Wall Street ဂျာနယ် အပါအဝင် သတင်းမီဒီယာ အသီးသီးက Apple ရဲ့ မော်တော်ကား ထုတ်လုပ်ရေး ရည်မှန်းချက်က အသေအချာ အကောင်အထည် ဖော်နိုင်မယ်လို့ ဆိုညွှန်းကြတယ်။

ကမ္ဘာကျော် မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ GM ကုမ္ပဏီက ၂၀၁၄ ခုနှစ်အတွင်းက ကုန်ထုတ်လုပ်ရေး ကုန်ကျစရိတ်ပေါင်းစုံနဲ့ နည်းပညာဖွံ့ဖြိုးမှု ကုန်ကျစရိတ် ၂ ခုပေါင်းအတွက် ဒေါ်လာငွေ ၁၄.၄ ဘီလီယံလောက် အသုံးပြုရတာ ဖြစ်တယ်။ ဒီလိုကုန်ကျစရိတ် မျိုးအတွက် Apple ကုမ္ပဏီအနေနဲ့ မတောင်းတာလှပေ။ လောလောဆယ် ရသုံးခန့်မှန်းချေ ဒေါ်လာငွေ ဘီလီယံ ၂၀၀ လောက်ရှိတယ်။ iDevice တွေ ထုတ်လုပ်ရောင်းချခဲ့တဲ့ အနေအထားအရ မော်တော်ကား ထုတ်လုပ်ရောင်းတဲ့အခါမှာ ပူးတွဲလုပ်ဆောင်ကြမယ့် dealer များတကူးတက ရှာဖွေစရာမလိုပေ။ Apple Store နဲ့ဆက်သွယ် လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းလည်း ရှိတယ်။ iPhone တွေ ထုတ်လုပ်တဲ့အခါ Foxcam နဲ့ Samsung တွေကို ကန်ထရိုက်ပုံစံနဲ့ လုပ်ကိုင်စေသလို သြစတြေးလျနိုင်ငံက Magna steyr တို့ ဖင်လန်နိုင်ငံက Valmet Automotive တို့နဲ့ ကန်ထရိုက်ပုံစံ တည်ဆောက်သွားမယ့် အခြေအနေရှိတယ်။

ဒါပေမဲ့ ဝေဖန်ဆန်းစစ်သူများကတော့ Apple Car ကို ထုတ်လုပ်ရောင်းချတဲ့အခါ မော်တော်ကား ဝယ်ယူအသုံးပြု သူများအနေနဲ့ ထူးခြားစွာ တောင့်တောင့်တတ လိုလိုလားလားဝယ် ယူသူသိပ်မရှိနိုင်လို့ ထောက်ပြပြောဆိုမှုတွေ ရှိကြတယ်။ Apple က ထုတ်လုပ်မယ့် မော်တော်ကား အမျိုးအစားက လျှပ်စစ်ပါဝါနဲ့ လည်ပတ်မယ့် အမျိုးအစား ဖြစ်တဲ့အတွက် လောလောဆယ် ဈေးကွက်ကျယ်ပြန့်မှု သိပ်မရှိလှတဲ့ လျှပ်စစ်ကား အခြေအနေကို လေ့လာပြီး ပြောဆိုကြတာလို့ ယူဆရ ပါလိမ့်မယ်။

လျှပ်စစ်ကား သဘာဝက အင်ဂျင်နဲ့ မောင်းနှင်တဲ့ ကားလောက် စွမ်းအားမကောင်းနိုင်ပေ။ ဘက်ထရီဈေးနှုန်းက ကြီးမြင့်နေနိုင်တယ်။ ဒီလိုအားနည်းချက်တွေကြောင့် လက်တွေ့လောကမှာ လျှပ်စစ်ကားများရဲ့ ဈေးကွက် သိပ်မကောင်းလှတာကိုလည်း တွေ့မြင်နေကြရတယ်။ ဒါပေမဲ့ International Business Times မဂ္ဂဇင်းကြီးကတော့ Apple Car ကို အကြောင်းပြုပြီး လျှပ်စစ်ကားတွေရဲ့ ဈေးကွက် သဘာဝ အပြောင်းအလဲကြီး ဖြစ်သွားနိုင်တယ် ဆိုပြန်တယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး မော်တော်ယဉ်သုံး ဘက်ထရီ နည်းပညာအတွက် သုတေသန လုပ်ငန်းများနဲ့ တီထွင်စမ်းသပ်မှုများ လုပ်ကိုင်ခဲ့ကြတယ်။ Envia System ဆိုရင် မိုင်ပေါင်း ၃၀၀၀ လောက်ဝေးတဲ့ ဆန်ဖရန်စစ္စကိုကနေ နယူးယောက်အထိ ခရီးကိုရှစ်ကြိမ်တည်း အားသွင်းရုံမျှနဲ့ မောင်းနှင်နိုင်စေမယ်လို့ ကြေညာတဲ့အထိ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်။  Apple ကုမ္ပဏီအနေနဲ့ အသုံးပြုနိုင်မယ့် ဘက်ထရီနဲ့ ပတ်သက်ပြီး အလေးအနက်ထားကာ ထဲထဲဝင်ဝင် ပံ့ပိုးကူညီ ထုတ်လုပ်နိုင်မယ့် သူတွေလဲ ချဉ်းကပ်ထားပြီး ဖြစ်တယ်။

Tesla ကုမ္ပဏီကတော့ လျှပ်စစ်ကားအတွက် မိနစ် ၃၀ နဲ့ အားအပြည့် ဖြည့်နိုင်ပြီး မိုင် ၁၇၀ လောက်အထိ သွားနိုင်မယ့် ဘက်ထရီစနစ်ကို တီထွင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း မကြာသေးတဲ့လ အနည်းငယ်တွင်းက ထုတ်ပြန်ကြေညာခဲ့တယ်။ ကိုရီးယားနိုင်ငံက Samsung ကုမ္ပဏီနဲ့ ရုရှားနိုင်ငံက Roman Abra movich တို့ပူးပေါင်းပြီး ဒေါ်လာငွေ ၆၆ သန်း အရင်းနှီးပြုကာ လျှပ်စစ်ကားတွေအတွက် အကောင်းဆုံး ဘက်ထရီစီမံကိန်းကို ပြုလုပ်ခဲ့ကြတယ်။ လုပ်ငန်းရဲ့ အမည်ကို StoreDot လို့အမည်ပေးခဲ့တယ်။ Tesla ရဲ့ ခေါင်းဆောင် Elon Musk  ရဲ့ ကြိုတင်ဟောကိန်းက ၂၀၂၀ ခုနှစ်မှာ မိုင်ပေါင်း ၃၈၀ ကနေ ၄၅၀ လောက်အထိ တစ်ကြိမ်အားသွင်းရုံနဲ့ မောင်းနှင်နိုင်မယ့် ဘက်ထရီများ ပေါ်ပေါက်နေလိမ့်မယ်လို့ ဆိုထားတယ်။ ဒီအတွက် ဘက်ထရီခေတ်ပြောင်း တော်လှန်ရေးတစ်ခုကတော့ ထွန်းပေါ်လာစေမှာ အမှန်ဖြစ်တယ်။

စက်တင်ဘာလအကုန်မှာ Apple ကုမ္ပဏီနဲ့ BMW မော်တော်ကား ထုတ်လုပ်ရေး ပူးပေါင်းပြီး Apple Car ထုတ်လုပ်ကြမယ့် အလားအလာရှိကြောင်း လူမှုကွန်ရက်တွေမှာ ဖော်ပြနေတာ တွေ့ကြရတယ်။ Apple က Consumer technology အတွက် premium brands များကို လိုလိုလားလား အသုံးချလေ့ရှိတယ်။ မေလအတွင်းက BMW ရဲ့ ဘုတ်အဖွဲ့ဝင်လူကြီး Herbert diessနဲ့ ဆွေးနွေးခဲ့ကြတဲ့ အထောက်အထားလည်း ရှိခဲ့တယ်။ BMW i3 ကို Apple က မျက်စိကျခဲ့တဲ့ အခြေအနေတွေလည်း ရှိပြန်တယ်။ ဒီအတွက် Apple အနေနဲ့ သီးခြားထုတ်လုပ်မှု လုပ်ငန်းထက် BMW ရဲ့အကူအညီနဲ့ ထုတ်လုပ်ဖို့ သေချာသလောက် ဖြစ်နေတယ်။

Apple Car ကို မောင်းသူမဲ့ပုံစံနဲ့ တွေ့မြင်ကြရမလား၊ အလွန် ဒီဇိုင်းလှပပြီး ဈေးနှုန်းသင့်တင့်တဲ့နှုန်းထားနဲ့ ရောင်းချမယ့် လျှပ်စစ်ကားကို ဖန်တီးလေမလား ဒါမှမဟုတ် အင်မတန်ခေတ်မီတဲ့ ဒီဇိုင်း နဲ့ Luxury ဆန်ဆန် လျှပ်စစ်ကားကို ထုတ်လုပ်မလားဆိုတာကို နောက်ထပ် ၂ နှစ်လောက်မှသာ အဖြေပေါ်လာနိုင်စရာ အကြောင်းရှိတယ်။ နှစ်ပေါင်းမြောက်မြားစွာ လုပ်ကိုင်လာပြီး ကမ္ဘာ့ဈေးကွက်မှာ နာမည်ရှိပြီးတဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီများကတော့ Apple ရဲ့ ကားထုတ်လုပ်ရေးအပေါ် စိတ်ဝင်စားလာမှုအပေါ် အရေးတယူ စဉ်းစားနေကြတဲ့ အနေအထား မရှိကြပေ။ ဒါပေမဲ့ Apple Car ရဲ့ ကောလာဟလ သတင်းအဆင့်ကနေ ၂၀၁၅ ခုနှစ် နှောင်းပိုင်းကာလအတွင်း လက်တွေ့ အကောင်အထည်ဖော်မယ့် စီမံကိန်းဖြစ်ကြောင်း ကြေညာတဲ့အဆင့် ဖြစ်လာပါတော့တယ်။