UCSY Product Show နှင့် Google Developer Festival Yangon 2015 ပွဲများကို တာဝန်ယူခဲ့သော ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား á

Ko-Ye-Linn-Wai.jpg

၂၀၁၅ သြဂုတ်လ ပထမပတ်တွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် နည်းပညာထုတ်ကုန် ပြပွဲ UCSY Product Show အား ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ထို့နောက် ယခုနှစ် အောက်တိုဘာ ပထမပတ်အတွင်း၌ Google နည်းပညာ ကုမ္ပဏီကြီး၏  ထောက်ပံ့မှုဖြင့် Google Developer Festival Yangon 2015 အား ပထမဆုံးအကြိမ် ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ နည်းပညာဆိုင်ရာ ပြပွဲနှစ်ပွဲအား တာဝန်ယူခဲ့သူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အသက် ၂၀ နှစ်အောက် ကျောင်းသားများ ဖြစ်သည်။

လက်ရှိအချိန်တွင် ခေတ်လွန်နပြီဖြစ်သော သင်ရိုးညွှန်းတမ်း အဟောင်းများကိုသာ အဓိက သင်ကြားနေရသည့် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများတွင် ပညာသင်ကြားနေဆဲ ကာလ၌ ရင်ဆိုင်နေရသော စိန်ခေါ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် ပြည်တွင်း နည်းပညာ နယ်ပယ်၌ အောင်မြင်လိုစိတ် ပြင်းထန်နေသည့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများအနက်မှ အထက်ပါ နည်းပညာပြပွဲ နှစ်ခုကို အဓိက တာဝန်ယူခဲ့ရသည့် ကွန်ပျူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား ကိုရဲလင်းဝေနှင့် အင်တာနက်ဂျာနယ်မှ တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပထမဆုံး သိချင်တာက ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ရဲ့ UCSY Product Show က  သိပ်မကြာခင်ကမှ ပြီးစီးသွားတာ ဆိုတော့ အဲ့ဒီပြပွဲကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလိုက်လဲ။

UCSY Product Show ကို လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်က ပထမဆုံး တက္ကသိုလ်ရဲ့ပုံရိပ်ကို ပြောင်းလဲဖို့ပေါ့။ ကျွန်တော်တို့ ကျောင်းသားတွေ နေ့စဉ် ကျောင်း ပုံမှန်တက်တယ်၊ ကျောင်းဆင်းတယ်၊ ဒီလိုနဲ့ သုံးလေးငါးနှစ် နေပြီးရင် ဘွဲ့တွေရကြတယ်။ အဲ့ဒါပြီးတော့ IT industry ထဲကို ပြန်ဝင်လာတဲ့သူတွေက အနည်းငယ် ပဲရှိတယ်။ ဥပမာ ရန်ကုန်မှာဆိုရင် ကျောင်းပြီးသွားတဲ့ ကျောင်းသား တစ်ထောင်လောက်မှာ တစ်ရာလောက်ကပဲ အိုင်တီနယ်ပယ်ထဲ ကို ပြန်ရောက်နေတာ တွေ့ရ တယ်။ အဲ့ဒါကြောင့်အတွက် ကျွန်တော့် အနေနဲ့ ရောက်လာတဲ့ ကျောင်းသားတွေကို နည်းပညာကိုပဲ စိတ်ဝင်စားစေချင်တယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေမှာလည်း ဖန်တီးနိုင်စွမ်းတွေ ရှိတယ် ဆိုတာ လူကြီးမိဘတွေကိုရော နိုင်ငံတကာကိုရော သိစေချင်တယ်။ ရလိုက်တဲ့ အကျိုးအမြတ်ကတော့ UCSY Product Show ပြီးတော့ Google Developer Festival Yangon ကို Com-munication Manager အဖြစ် တာဝန်ယူပေးဖို့ Google က ကမ်းလှမ်းခဲ့ပါတယ်။ ဒီကနေမှ နောက်ပိုင်း လူငယ်တွေအတွက် အကျိုးရှိမယ့် နည်းပညာပွဲတွေကို မကြာခဏ လုပ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားဖို့ ဖြစ်လာပါပြီ။

ဒါဆိုရင် ကိုရဲလင်းဝေ ပြောသွားတဲ့ အထဲမှာ ကျောင်းပြီးသွားရင် တက္ကသိုလ်က ကျောင်းသား အရင်းအမြစ် အကုန်လုံးက သက်ဆိုင်ရာ IT နယ်ပယ်ထဲကို ပြန်မဝင်နိုင်ဘူး ဆိုတာ ဘာကြောင့်လို့ ထင်လဲ။

အဓိက အချက်က ဆယ်တန်းအောင်ပြီးတဲ့အချိန် တက္ကသိုလ်တက်ဖို့ ရွေးချယ်တဲ့အချိန် ကတည်းက စတာပဲလို့ပြောရမယ် ထင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကိုပဲ ရွေးချယ်သင့် တယ်။ အခုတွေ့ရတာက လူကြီးမိဘတွေက အတင်းတိုက်တွန်းလို့ စိတ်မဝင်စားဘဲ ဝင်လာတဲ့ ကျောင်းသားတွေလည်း တွေ့ရ တယ်။  ကျောင်းပြီးလို့ IT industry ထဲကို ပြန်ဝင်လာတယ်ဆိုတာက လည်း တကယ်ကို နည်းပညာကို စိတ်ဝင်စားလို့ ပြန်ဝင်လာတဲ့ သူ တွေပါ။ အဲ့ဒီအရေအတွက်က အရမ်းနည်းပါတယ်။ နောက်တစ်ချက်က အများစုက ကျက်စာတွေကို ကျက်ပြီးကျောင်းပြီးသွားတာ ဖြစ်တဲ့အတွက် တကယ့် Industry ထဲကို ပြန်ဝင်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးဖြစ် သွားကြတယ်။ Software တစ်ခု ရေးမယ်ဆိုရင် အခက်အခဲတွေ ရှိလာတဲ့အတွက် ကိုယ်သင်ကြားခဲ့ တဲ့နယ်ပယ်နဲ့ မတူတဲ့ တခြားနယ် ပယ်တွေကို ရောက်သွားကြတာ တွေ့ရတယ်။ အဲ့ဒါတွေကြောင့်လို့ ထင်တယ်။

နည်းပညာကို စိတ်ဝင်စားတဲ့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ အနာဂတ် အိပ်မက်ကရော ဘာတွေဖြစ်နိုင်မလဲ။

ကျွန်တော်အရင်တုန်းက တွေးခဲ့တာကတော့ Google လို နည်းပညာ ကုမ္ပဏီကြီးတွေမှာ သွားပြီး အလုပ်လုပ်နိုင်ဖို့အထိပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော့်အတွေးတွေ ပြောင်းလဲလာခဲ့တယ်။ ကိုယ့်မြန်မာနိုင်ငံမှာ ပဲနေပြီး software ကုမ္ပဏီတွေ ထောင်ပြီး လုပ်လို့ရတာတွေ အများကြီး ရှိတာပဲဆိုပြီး အတွေးတွေ စပြောင်းလာတယ်။ ကိုယ့်မြန်မာ နိုင်ငံမှာပဲ အစပိုင်းမှာ အလွတ် တမ်း software တွေ ရေးမယ်၊ နောက်ပိုင်း start-up ကုမ္ပဏီမျိုး ကနေ တစ်ဆင့်  software ကုမ္ပ ဏီတွေ ထောင်နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။

ဒါဆိုရင် လက်ရှိ ပညာသင်ကြားရေး စနစ်က ကိုရဲလင်းဝေရဲ့ အိပ်မက်တွေကို အကောင်အထည် ပေါ်လာဖို့အတွက် အပြည့်အဝ ထောက်ပံ့မှု ပေးနိုင်တယ်လို့ ထင်လား။

ဒီအကြောင်းနဲ့ပြောရမယ်ဆို ကျွန်တော်တို့အရင် ကိုယ့်ရဲ့စီနီယာ ကျောင်းသားတွေ ပြောခဲ့တာကတော့ သူတို့တုန်းကဆိုရင် ကွန်ပျူတာကိုတောင် ထိတွေ့ခွင့် မရ ခဲ့ဘူးလို့သိရတယ်။ ဒါပေမဲ့၂၀၁၂  ခုနှစ်နောက်ပိုင်းမှာတော့ အကုန်လုံး ကွန်ပျူတာ ကိုင်ခွင့်ရ လာကြတယ်။ ဒီလိုမျိုး ထောက်ပံ့တာတွေတော့ ရှိလာတယ်။ ဒါပေ မဲ့ လုံလောက်တယ်လို့တော့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ဆီမှာ သယံဇာတတွေ ကုန်သွားမယ့် တစ်ချိန်ကျရင် လူ့စွမ်းအား အရင်းအမြစ်ပဲကျန်ခဲ့မှာ။ အဲ့ဒီ အခြေအနေကျရင် လူငယ်တွေကိုပဲ ပြုစုပျိုးထောင်ရမှာ။ အိန္ဒိယကိုပဲ ကြည့်လိုက်မယ်ဆိုရင် သူတို့ဆီမှာ နည်းပညာကို အရမ်းဦးစားပေးတယ်။ လူငယ်တွေကို မြေတောင်မြှောက်ပေးတယ်။ နောက်ပိုင်းမှာ နေရာတိုင်းမှာ နည်းပညာ၊ နည်း ပညာ ဆိုတာတွေပဲဖြစ်လာတော့ မှာ။ အဲ့ဒါကြောင့်အတွက် ပညာရေးပိုင်းကို ဒီထက်ပိုပြီး ထောက်ပံ့မှုတွေပေးစေချင်တယ်။ အလေးပေးစေချင်တယ်။

လက်ရှိ ပညာသင်ကြားနေတဲ့ အချိန်ကာလတစ်ခုမှာ သင်ကြား ရေးနဲ့ ပတ်သက်ပြီး တခြားဘယ်လို စိန်ခေါ်မှုတွေရှိသေးလဲ။

အဓိကကတော့ ကျွန်တော်က လည်း လူငယ် တစ်ယောက်ဖြစ်တဲ့ အတွက် တစ်ခါတစ်ရံမှာ ဆရာတွေကို စိန်ခေါ်ချင်တဲ့ စိတ်လေး တော့ ရှိမိတယ်ခင်ဗျ။ ဆရာတွေ ကတော့ academic ပိုင်းမှာကျ တော့ သာချင်သာနေပါ လိမ့်မယ်။ ဒါပေမဲ့ လက်တွေ့ လုပ်ဆောင်နိုင်မှုပိုင်းမှာတော့ နောက်ပိုင်း နည်းပညာတွေကို လိုက်ပဲ မလိုက် နိုင်တော့တာလား၊ ဆက်ပြီးပဲ မလေ့လာ ဖြစ်တော့တာလားတော့  မသိဘူး။ အခု ကျွန်တော်တို့ သင်ကြား နေရတာတွေက သင်ရိုးအဟောင်းတွေ။ လက်ရှိဖြစ်နေတဲ့ နည်းပညာတွေအကြောင်းမေးရင် ဆရာတွေရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်နေတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဆရာမတွေကို ကလန်ကဆန်လုပ်တဲ့ ပုံစံမျိုးတွေ ဖြစ်သွားတတ်တယ်ခင်ဗျ။ တစ်ခါတလေမှာ ကိုယ်သင်နေရတာတွေကို အားမလို အားမရ ဖြစ်သွားပြီး ကျောင်းထွက်ချင် စိတ်တွေပေါက်လာတဲ့အထိ ဖြစ်သွားတတ်တယ်။

ဒါဆို အခုလက်ရှိ ကွန်ပျူတာ တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်း တွေကို ပြောင်းလဲသင့်နေပြီလို့ ဆို လိုချင်တာလား။

ဟုတ်ကဲ့။ သင်ရိုးညွှန်းတမ်းတွေကို အဆင့်မြှင့်တင်သင့်နေပါ ပြီ။ စာအုပ်တွေကိုတင်မဟုတ်ဘဲ သင်ကြားရေးပုံစံတွေကိုရော၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး တွေကိုရော အကုန်ပြန်ပြီး အဆင့်မြှင့်တင်သင့်ပြီလို့ ထင်ပါတယ်။ သင်ကြားရေးပိုင်းမှာ အကုန်လုံးကို ပြောင်းပြန်လှန်ပစ်လိုက်ရင် ပို ကောင်းသွားမှာပါ။ အစိုးရကဆ ရာ၊ ဆရာမတွေရဲ့ သင်ကြားမှုပိုင်း ကိုလည်း ခေတ်နဲ့အညီ ဖြစ်အောင် အဆင့်မြှင့်တင်တာ ပံ့ပိုး တာတွေ လုပ်ပေးသင့်ပါပြီ။

အစိုးရပိုင်းရဲ့ နည်းပညာနယ်ပယ်က လူငယ်တွေအပေါ် ပံ့ပိုးပေးမှုကိုရော ကျေနပ်လား။ ဘယ်လိုမြင်လဲ။

လူကြီးတွေအနေနဲ့ရော အစိုးရအနေနဲ့ရော လူငယ်တွေမှာ နည်းပညာနဲ့ပတ်သက်ရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ အပြည့်အဝရှိ တယ်ဆိုတာ ယုံကြည်စေချင် တယ်။ အခုကြည့်မယ်ဆိုရင် အသက် ၂၀ အောက်ပိုင်းမှာကိုပဲ နည်းပညာထူးချွန်တဲ့ လူငယ်တွေအများကြီး ရှိနေတယ်။ အခုရွေးကောက် ပွဲကိုပဲ ကြည့်လိုက်မယ်ဆိုရင် ကွန်ပျူတာစနစ်ချို့ယွင်းလို့ မှားနေတာတွေ ကြားနေရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ နည်းပညာကို ကျွမ်းကျင်သူတွေ တကယ်ပဲ မရှိတာလား၊ ကျွမ်းကျင်သူတွေကို ခေါ်ပဲ မသုံးတာလားဆိုတာ မေးခွန်း ပြန်ထုတ်စရာဖြစ်နေပါပြီ။ နည်းပညာ ကျွမ်းကျင်သူတွေကို ဘာလို့ ခေါ်မသုံးတာလဲ။ သူတို့တွေ အချက်အလက်တွေကို ရိုက်တာ လူနှစ်ယောက် သုံးယောက်လောက်နဲ့ပဲ ရိုက်ကြတယ်။ ဒီမှာကွန်ပျူတာတက္ကသိုလ်တွေ ရှိမယ်၊ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်တွေ ရှိနေတယ်။ အဲ့ဒီမှာ လူငယ်တွေ အများကြီးရှိတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ လူငယ်တွေကိုပဲ အပ်မယ် ဆိုရင်တောင် ကျွန်တော်တို့တွေ ၉၀ ရာခိုင်နှုန်းမှန်အောင် လုပ်နိုင်တယ်ဆိုတာ အာမခံတယ်။

လက်ရှိ ကွန်ပျူတာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့အခါ တက္ကသိုလ်က သင်ရိုးညွှန်းတမ်းနဲ့ ကိုယ်တိုင်လေ့လာမှုအပိုင်း ဘယ် အပိုင်းက ပိုများမလဲ။

ကျောင်းသားတွေကို အမျိုးအစားပြန်ခွဲရမယ်လို့ ထင်ပါတယ်။ ကျောင်းတက်ပြီး ကျောင်းကိုပဲ အားကိုးတဲ့ ကျောင်းသား ရှိမယ်။ ကျောင်းနဲ့ကျူရှင်ကို အားကိုး တဲ့ ကျောင်းသားရှိမယ်။ နောက်တစ်ခုက ကျောင်းတော့တက် နေတယ် ကိုယ့်ဘာသာ Self Sutdy လုပ်နေတဲ့ ကျောင်းသားရှိမယ်။ ကျောင်းကိုပဲအားကိုးနေရင် ဒါ ကျက် ဒါဖြေပေါ့။ ကျောင်းနဲ့ ကျူ ရှင်ကျတော့ ကျောင်းမှာတစ်မျိုး ကျူရှင်မှာတစ်မျိုး ဖြစ်နေမယ်။ ဒီလိုနဲ့အောင်သွားမယ်။ ကိုယ်တိုင် လေ့လာတာကို ပိုအားထား တဲ့ ကျောင်းသားကျတော့ Standford University  ကိုတက်ဖို့ ခဲယဉ်နေး တဲ့အတွက် အွန်လိုင်းကနေ လေ့လာတယ်။ e-Learing ပိုင်းကို ပိုအားထားပြီး သွားတာမျိုးပေါ့။

ကိုရဲလင်းဝေ အနေနဲ့ကျတော့ တက္ကသိုလ်က သင်ရိုးညွှန်းတမ်းနဲ့ အင်တာနက်ပေါ်က ကိုယ်တိုင် လေ့လာမှုကို ဘယ်အပိုင်းကိုပို လုပ်ဖြစ်လဲ။

ကျွန်တော်ကတော့ အွန်လိုင်းကနေ အခမဲ့ရတဲ့ သင်ခန်းစာတွေ၊ Harvest University က အခမဲ့ရတဲ့ သင်ခန်းစာတွေကို တက်တယ်။ အွန်လိုင်းကနေ ငွေပေးချေ ပြီးတက်လို့ရတဲ့ သင်ခန်းစာတွေကိုလည်း တက်တယ်။ အွန်လိုင်းကျတော့ ကိုယ်ကြိုက်တဲ့ အချိန် တက်လို့ရတယ်။

ဒီလိုဆိုရင် ကိုရဲလင်းဝေ လက်ရှိ နားလည် ကျွမ်းကျင်နေပြီဖြစ်တဲ့ နည်းပညာပိုင်း ပညာရပ်တွေက ဘယ်လိုသင်ယူမှုကနေ ရရှိထားတာ ပိုများမလဲ။

ကျောင်းကတော့ သီအိုရီပိုင်းပဲပေါ့။ လက်တွေ့ကျတော့ Android OS, iOS Application တွေ ကျတော့ ကျောင်းက သင်မှာ စောင့်နေရင် ဖြစ်လာမှာ မဟုတ်သေးဘူး။ ဒါတွေက ကိုယ့်ဘာသာ လက်တွေ့သင်ကြားမှုပိုင်းကို အွန်လိုင်းတွေကနေ သွားနေရတာ။

တက္ကသိုလ်က ဆရာတွေရဲ့နည်းပညာ အသုံးချမှုအပိုင်းကို ရော ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်လိုတွေ့မြင်ရလဲ။

ဆရာ၊ ဆရာမတွေတောင် အီးမေးလ် ပုံမှန်မသုံးဖြစ်ကြဘူး။ ဆရာမတစ်ယောက်ကတောင် နည်းပညာကို ပုံမှန်မထိတွေ့ဖြစ်ရင် e-Government ကိုတောင် သွားဖို့ လိုဦးမှာပဲ။ ပြီးတော့ Google Class Room လိုဟာမျိုးကို သုံးရင် ဆရာနဲ့ တပည့်တွေကြား တော်တော်အဆင်ပြေမယ်။

အခုလာမယ့် ရွေးကောက်ပွဲ  အတွက် တာဝန်ရှိသူတွေက နည်းပညာကို အပြည့်အဝအသုံး မချတာကြောင့် ဒီရွေးကောက်ပွဲ အပေါ် ဘယ်လိုထင်မြင်မိလဲ။

အဓိက အချက်က ပညာရှင်တွေကို ခေါ်မသုံးတာဘဲ။ ပညာရှင်ဆိုတာ အသက်အရွယ် အပိုင်းအခြားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ လူငယ်တွေဆိုတာ လူကြီး တွေထက်တောင် ပိုပြီးလေ့လာနိုင် စွမ်းအား ပိုကောင်းတယ်။ လူကြီးပညာရှင်တွေမှာတော့ အတွေ့အကြုံကောင်းတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ လူငယ်တွေမှာ တော့ လေ့လာနိုင်စွမ်းနဲ့ သင်ယူလိုစိတ်တွေ အများကြီးရှိနေတယ်။ ကွန်ပျူတာတက္ကသိုလ်မှာ ဒီလို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နည်းပညာနဲ့ ပတ်သက်တဲ့ အကူအညီတွေကို စေတနာ့ဝန်ထမ်း အဖြစ် လုပ်ပေးချင်တဲ့ ကျောင်းသားတွေ အများကြီးရှိနေပါတယ်။

ဒါဆိုရင် ကိုရဲလင်းဝေတို့ အနေနဲ့ လတ်တလောမှာ ရွေးကောက်ပွဲအတွက် နည်းပညာကို အသုံးချပြီး လုပ်နေတာတွေရှိနေလား။

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ကျွန်တော်တို့ မဲပေးစို့ဆိုတဲ့ Hack Challenge လုပ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး Vote Educate လုပ်တာပါ။ မဲပေးမယ့်သူတွေကို မဲပေးရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာပါ။ ကျွန်တော်တို့ လူငယ်တွေ စုစည်းပြီး ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး Application တွေရေးတယ်။ အဲ့ဒီမှာ ပထမဆုရသွားတဲ့ လူငယ်တွေဆိုရင် အသက် ၂၀ အောက်ပိုင်း လူငယ်တွေချည်းပါပဲ။ ဒီ Application တွေကလည်း မကြာခင်မှာ ပြည်သူတွေဆီကို ရောက်ပြီး အသုံးပြုနိုင်ကြတော့မှာပါ။

အခုနောက်ဆုံး သိချင်တာက အခု ပညာသင်ကြားနေဆဲ ကာလမှာ ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လို စိန်ခေါ်မှုမျိုးတွေ ရှိနေသေးလဲ။

အဓိကက သယ်ယူပို့ဆောင်ရေး စနစ်ပါပဲ။ အခု ကျောင်းတစ်ခါသွားရင် အရင်က တစ်နာရီကြာရင် အခု တစ်နာရီခွဲ နှစ်နာရီကြာတယ်။ ဖြစ်စေချင်တာကကျောင်း မှာ အဆောင်တွေ ထားချင်ရင် ထားပေး၊ ဒီလိုမှမဟုတ်ရင် ကျောင်းကြီးကိုမြို့ထဲ ပြန်ရွှေ့ပေးစေချင်တယ်။ နောက်တစ်ခုက ကျောင်းသားတွေကို ပညာသင်ကြားမှုနဲ့ ပတ်သက်ပြီး အင်တာနက် အသုံးပြုမှုကို လွယ်လွယ်ကူကူနဲ့ ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင် လုပ်ပေးစေချင်တယ်။