Crossover ဈေးကွက်အတွက် Buick Encore ကိုလည်း စောင့်ကြည့်ရမယ် …

Buick-Encore--LH-online-car-review-2015SEP-24.jpg

ဟုတ်ပါတယ်၊ အရင်တုန်းက အမေရိကန် အခြေစိုက် ကားကုမ္ပဏီတွေကနေ မော်ဒယ်တွေကို ထုတ်လုပ်ပြီဆိုရင် သူတို့ အတွက် အကြမ်းခံနိုင်ရည်၊ ကားရဲ့ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ မော်ဒယ်မျိုးကို ထုတ်လုပ်တတ်တာ တွေ့ရသလို တစ်ဖက်ကလည်း အကြီးစားတန်းဝင် မော်ဒယ်တွေကိုပဲ ထုတ်လုပ်တာများပေမယ့် အခု နောက်ပိုင်းမှာတော့ သူတို့လည်း Crossover လို့ခေါ်တဲ့ အရွယ်တော်အနေအထား SUV ကားလောကဘက်ကို ခြေဦးလှည့်လာတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ လိုက်ပါစီးနင်းနိုင်တဲ့ ခရီးသည် အရေအတွက် အတူတူလောက်ပဲ ဖြစ်ပေမယ့် အတွင်းခန်း အနေအထားနည်းနည်း ကွဲတာကလွဲလို့ Crossover မော်ဒယ်တွေအနေနဲ့က ဆီစားလည်း သက်သာတယ်၊ ထုတ်လုပ်မှုစရိတ်လည်း သက်သာတယ်၊ ဆွဲဆောင်မှုရှိအောင်လည်း ထုတ်လုပ်နိုင်တယ်၊ ဈေးကွက်ကလည်း ကြိုက်တယ်၊ ဒီအချက်တွေနဲ့ပဲ အဲဒီလို Crossover တွေဘက်ကို လှည့်လာကြတာဖြစ်ပြီး Buick ရဲ့ မော်ဒယ်တွေကတော့ ဇိမ်ခံတန်းဝင်အောင် ထုတ်လုပ်ထားတတ်တာကြောင့် ဈေးကွက်အတွက် စိတ်ဝင်စားစရာ ဖြစ်လာတာပါ၊ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆီမှာတော့ Lincoln လို မော်ဒယ်တွေလောက်ထိအောင် စီးနင်းနေတာ တွေ့ရပြီး Buick ကတော့ အရေအတွက် နည်းသေးပေမယ့် စိတ်ဝင်စားမယ်ဆိုရင် သိထားရအောင် ပြောပြချင်ပါတယ်။

အားသာချက် …

ပထမဆုံး ပြောရမယ့် အားသာချက်ကတော့ အတွင်းခန်း တည်ဆောက်မှု ဖြစ်ပြီးတော့ ရိုးရှင်းတယ်၊ အဆင့်မြင့်တယ်၊ အရည်အသွေးကောင်းတယ်၊ အသုံးပြုရ လွယ်ကူမယ့် အထိုင်တွေ
နဲ့ အတွင်းခန်းကို ပြင်ဆင်ထားတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဆီစားနှုန်းသက်သာကောင်းမွန်တာဖြစ်ပြီး ဒေသတွင်းအခြေစိုက် မော်တော်ကား ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု မော်ဒယ်တွေထက်လည်း ဆီစားကောင်းမွန်တာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ထည့်သွင်းထားတဲ့ အသုံးပြုနိုင်မှု နည်းပညာတွေများပြားတာ ဖြစ်ပြီးတော့ အဆင့်မြင့်ဇိမ်ခံမော်ဒယ်တွေ လောက်ထိအောင် ပြိုင်နိုင်တဲ့ အနေအထားတွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်ရဲ့ အသက်ကယ် စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းကလည်း ထိပ်တန်း အဆင့်မှာရှိနေတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

အားနည်းချက် …

မော်ဒယ်က အင်ဂျင်စနစ်ကို အသေးစားဖြစ်အောင် ဖန်တီးထားတာတွေ့ရလို ပုံမှန် အမေရိကန်ထုတ် မော်ဒယ်တွေလို ကောင်းမွန်တဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်နဲ့ အတူမြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေ အားနည်းတာတွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ အတွင်းခန်းအပြင်အဆင် ကောင်းမွန်တာမှန်ပေမယ့် ပုံမှန်အနေအထားထက် အတွင်းခန်း အကျယ်အဝန်းကျဉ်းတာ ဖြစ်ပြီး ခရီးဝေးသွားလာမှုအတွက် အနည်းငယ် အခက်တွေ့စေသလို တစ်ဆက်တည်းဖြစ်တဲ့ နောက်ဘက် ဝန်တင်ခန်းလည်း ကျဉ်းတာတွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်အနေနဲ့ Crossover တန်းဝင်အောင် ဖန်တီးထားတာဖြစ်ပြီး အပြင်ဘက် အရောင်အပိုင်းမှာ အခု နောက်ပိုင်း ဥရောပနဲ့ အာရှဈေးကွက် အကြိုက် တည်ငြိမ်တဲ့ အရောင် ၈ ရောင်ပဲ ထုတ်လုပ်ထားပြီး အတွင်းပိုင်း အပြင်အဆင်က အထည်နဲ့ တိုက်တမ်နီယမ်ဦးစားပေး ပုံစံနှစ်မျိုး ရပါတယ်။ မော်ဒယ်က အလျား ၁၄ ပေနဲ့ ၀.၄ လက်မပဲရှိပြီး မြို့တွင်းမောင်း မော်ဒယ်အနေနဲ့ အကောင်းဆုံး ဖြစ်သလို မျက်နှာစာ အကျယ်က ၅ ပေနဲ့ ၉.၉၈ လက်နဲ့ အမြင့်ကတော့ ၅ ပေနဲ့ ၅.၃ လက်မပဲရှိမှာ ဖြစ်ပါတယ်။ အာရှထုတ် မော်ဒယ်တွေနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုးကို ထုတ်လုပ်ထားတာတွေ့ရပြီး အတွင်းခန်းတွေကတော့ ရှေ့ဘက်ခန်းက ၅၄.၂ လက်မနဲ့ နောက်ဘက်ခန်း က ၅၂.၆ လက်မရှိပြီးတော့ ပုံမှန်အတွင်းခန်း အနေအထားထက် ၄ လက်မလောက်ထိအောင် ကျဉ်းနေတာလည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

အမေရိကန်ထုတ် မော်ဒယ်တွေထဲမှာ အင်ဂျင်အသေးစား စနစ်တပ် မော်ဒယ်ဖြစ်ပြီးတော့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို Turbo တွေ Charger တွေ တစ်ခုမှ ကူမထားပါဘူး။ အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ်အပတ်ရေ ၁၈၅၀ မှာ ရုန်းအားက ၁၄၈ ပေါင်-ပေထိအောင် ရှိနေပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၃၈ ကောင်အားပါ။ ရုန်းအားများ တဲ့ မော်ဒယ် ဖြစ်ပေမယ့် ကိုယ်ထည်က မြေပြင်နဲ့  ၆ လက်မကျော်လေးပဲ လုပ်ဆောင်ထားသလို အင်ဂျင်စနစ်သေးတာကြောင့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် မကောင်းလှပါဘူး။ အင်ဂျင်ရဲ့ အများဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ် အပတ်ရေ ၄၉၀၀ ထိအောင်ပဲဖြစ်လို့ ပုံမှန်ထက် သိသိသာသာနည်းတာဖြစ်ပြီး အမြန်ဆုံး မောင်းနှင်နိုင်မှုလည်း အားနည်းတာ တွေ့ရပါတယ်။

မောင်းနှင်နိုင်မှု …

ကားရဲ့ အလေးချိန် ပေါင် ၃၂၃၇ ထိအောင် ရှိနေတာက အင်ဂျင်ကို မနိုင်ဝန် ထမ်းခိုင်းနေသလိုပါ၊ ဝန်တင်ဆောင် ရုန်းကန်နိုင်မှု ၁၀၁၈ ပေါင်နဲ့ဆိုရင် မော်ဒယ်ကအင်ဂျင်လည်း သေးတော့ အပြေးသန်မယ် မထင်ရတော့ပါဘူး။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင် တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းအတွက် အချိန် ၉.၈ စက္ကန့်လောက်ထိအောင် ယူနေတာတွေ့နိုင်ပြီး ဂီယာချက်စနစ်မှာAuto စနစ်နဲ့ ဖြစ်ပေမယ့် ဂီယာချက် ၆ ချက်ထိအောင်ပဲ သုံးနိုင်မယ့် အနေအထားကတော့ လူကြိုက်နည်းစေပါတယ်။ ကျွန်တော်တို့ အာရှဈေးကွက်အတွက်တော့ အဆင်ပြေပေမယ့် အခုနောက်ပိုင်း မော်ဒယ်က ဥရောပ ဈေးကွက်ဘက်မှာ နေရာ သိပ်မရလှတာ တွေ့ရပါတယ်။

သုံးသပ်ချက် …

တန်ကြေးပိုင်းမှာတော့ အသင့်လောက်ရှိတဲ့ မော်ဒယ် ဖြစ်ပြီးတော့ ဈေးကွက်မှာ အမေရိကန်ရဲ့ အင်ဂျင်အသေးစားတပ် မော်ဒယ်အနေနဲ့ အစမ်းထွက်လာတဲ့ သဘောပါ။ ဆီစားနှုန်း အပိုင်းမှာဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ ၂၆ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်ဆိုတော့ မဆိုးပါဘူး။ ဒါပေမဲ့ အာရှထုတ် မော်ဒယ်တွေနဲ့စာရင်တော့ နည်းနည်း များနေသေးတာပါ။ နောက်ပြီး အသက်ကယ်စနစ်နဲ့ ကိုယ်ထည်ရဲ့ လုံခြုံစိတ်ချရမှု မြင့်မားသလို ဘရိတ်ပိုင်းမှာလည်း တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆိုရင် ၁၂၃ ပေလောက် ထိပဲယူတဲ့ အနေအထားကပုံမှန်ပါပဲ။ ဒီတော့ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ဈေးနှုန်းပိုင်းမှာကိုပဲ ကြည့်ပြီး ရွေးချယ်ရမယ့် သဘော ဖြစ်သလို ပြိုင်ဘက် မော်ဒယ်တွေ ထက် ဈေးများနေမယ်ဆိုရင်တော့ အရည်အသွေးကောင်းတာ မှန်ပေမယ့် Encore  က နောက်မှာ ကျန်နေခဲ့နိုင်ပါတယ်။