CDMA ဖုန်းများ နည်းပညာ တိုးမြှင့် ပြောင်းလဲပေးရန် အစီအစဉ် ရှိဦးမည်မဟုတ်

12080037_861015064012781_2322013812732617799_o.jpg

ပြည်တွင်း၌ အသုံးပြုနေသော CDMA ဖုန်းများအား နည်းပညာတိုးမြှင့်ပြောင်းလဲပေးရန်မှာ လတ်တလော အစီအစဉ်မရှိသေးကြောင်း MPT/KDDI/Sumitomo Corporation တို့၏ Joint Operation CEO ဖြစ်သူ Mr Takashi Nagashima က ပြောသည်။

CDMA နည်းပညာမှာ ဟောင်းနေသည့် နည်းပညာဖြစ်ပြီး GSM ဝန်ဆောင်မှုတွင် ပေးအပ်သည့် ဝန်ဆောင်မှုအချို့အား CDMA တွင် ပေးရန်ခက်ခဲကြောင်း သိရသည်။

“နည်းပညာတစ်ခုကနေတစ်ခုကို ပြောင်းဖို့ဆိုတဲ့ဟာ သေချာစဉ်းစားပြီးတော့ အစီအစဉ်ဆွဲရတယ်။ အသုံးချရမယ့်ငွေကလည်း အများကြီးဖြစ်ပါတယ်၊ သုံးစွဲသူတွေကို ထိခိုက်မှု မရှိအောင် အတွက် ပြောင်းလဲပေးရတဲ့ အရာလည်း ရှိတယ်။ ဂျပန်နိုင်ငံမှာဆိုလို့ရှိရင် KDDI လည်း နည်းပညာတစ်မျိုးကနေ အခြားတစ်မျိုးကို ပြောင်းလဲခဲ့တယ်။ အဲဒီအတွက် အချိန်တော်တော်ကြာတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် CDMA ဖုန်းများမှာ GSM ဖုန်းများရရှိသော ဝန်ဆောင်မှုအချို့(ဥပမာ Roaming) ကဲ့သို့ မရရှိသော်လည်း အဓိကကျသည့် ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲလျှော့ချ သတ်မှတ်လိုက်ခြင်းတွင် အကျုံးဝင်ကြောင်း ပြောကြားသည်။

“အဓိကကတော့ သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့အောင် လုပ်ရတဲ့ဟာလေးတွေပေါ့။ ဒီမှာလည်း အဲ့လိုမျိုးလုပ်မယ်ဆိုရင် အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်လောက်အထိ ကြာနိုင်တယ်” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 MHz, CDMA 450 MHz ဖုန်းအမျိုးအစားများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ မိုဘိုင်းဖုန်း ဝန်ဆောင်မှု အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများအား အော်ပရေတာလေးခုမှ အဓိက ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် အော်ပရေတာ သုံးခုမှ ဆောင်ရွက်နေပြီး စတုတ္ထမြောက် အော်ပရေတာကို ရွေးချယ်နေဆဲ ဖြစ်သည်။

အဆိုပါအော်ပရေတာမှာ မြန်မာနိုင်ငံ၏ ဒုတိယမြောက် အော်ပရေတာ ဖြစ်လာမည် ဖြစ်သည်။ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာကို ဖွဲ့စည်းပြီးပါက နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကော်ပိုရေးရှင်းတစ်ခု အနေဖြင့် မိုဘိုင်းဖုန်းအပြင် အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။