Jaguar XE S မော်ဒယ် အသစ်စက်စက်ပေါင် နှစ်ဘီလီယံ

Jaguar-XE-S-LH-online-carreview-2015SEP15.jpg

အခု မော်ဒယ်ကတော့ Jaguar ရဲ့ မျှော်လင့်ချက် မော်ဒယ်တစ်ခုပါပဲ။ ဒီမော်ဒယ်ကို ဖန်တီးဖို့အတွက် ကုမ္ပဏီက ပေါင် နှစ်ဘီလီယံဖိုးတောင်မှ ရင်းနှီး စမ်း သပ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အခု မော်ဒယ်နဲ့ ပတ်သက်ပြီး ကားဈေးကွက် တစ်ခုလုံးရော ပြိုင်ဘက်ကုမ္ပဏီတိုင်းကပါ စိတ်ဝင်စားမှုကို ရခဲ့တာလည်း ဖြစ် ပါတယ်။ စွမ်းဆောင်ရည်လည်း မြင့်မားအောင်၊ ဈေးကိုလည်း အသင့်အတင့်နဲ့ရောင်းနိုင်အောင်၊ ဇိမ်ခံတန်းဝင် မော်ဒယ်လည်းဖြစ်အောင်၊ ဆီစားပိုင်းလည်း ချိုသာ ကောင်းမွန်အောင်၊ ပြောရမယ်ဆိုရင်တော့ အဖက်ဖက်ကနေ ဟန်ချက်ညီအောင် အခု မော်ဒယ်ကို ဖန်တီးချင်ခဲ့တာပါ။ ဟုတ်ပါပြီ၊ ဒီတော့ အခု ဈေးကွက်ကို ရောက်လာတော့ ထင်သလို ဖြစ်လာပါရဲ့လား။ ကျွန်တော်တို့ နည်းနည်းလောက်တော့ လေ့လာကြည့်ဖို့ လိုနေပြီပေါ့ဗျာ။ စာဖတ်သူတွေ အနေနဲ့လည်း စိတ်ဝင်စားကြမယ် ထင်ပါရဲ့၊ ကျွန်တော်တို့ ဆက်သွားလိုက်ရအောင်ပါ။

အားသာချက် …

မော်ဒယ်ရဲ့ အတွင်းခန်း ကျယ်ဝန်းတဲ့အနေအထားက ပထမဆုံး လူကြိုက်များမယ့် အချက်ပါ၊ ခရီးဝေးမောင်းနှင်မှုတွေအတွက်ပါ အဆင်ပြေစေနိုင်မယ့် အခန်းဖွဲ့ကိုတွေ့ရပြီးတော့ နောက်တစ်ချက်က အတွင်းခန်း အပြင်အဆင်ပိုင်းမှာ အဆင့်မြင့်သလို အရည်အသွေးကောင်းတာပဲ ဖြစ်ပါတယ်။
ပြိုင်ဘက်လို့ ဆိုနိုင်မယ့် BMW 340i မော်ဒယ်ထက်ကိုပဲ အတွင်းခန်း အပြင်အဆင်သာနေတာပါ။ ဇိမ်ခံ မော်ဒယ် ပီသတယ်လို့ ဆိုနိုင်ပြီး စွမ်းဆောင်ရည် ပိုင်းမှာလည်း အင်ဂျင်စနစ် လည်ပတ်အား များပေမယ့် ပြိုင်ဘက်မော်ဒယ်တွေကို မီအောင် လိုက်နိုင်တာ တွေ့ရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အသက်ကယ်စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းတွေမှာ အားကောင်းတာပဲ ဖြစ်ပြီးတော့ တစ်စီးလုံး ရမှတ်အပိုင်းမှာ ကြယ်လေးပွင့်ခွဲ ထိအောင် ရရှိထားတာပဲ ဖြစ်ပါတယ်။

အားနည်းချက် …

ဒီအပိုင်းမှာတော့ မော်ဒယ်က အထက်မှာ ပြောခဲ့တဲ့ ပြိုင်ဘက် 340i  ထက်စာရင် ဆီစားနည်းနည်း ပိုများချင်နေတာ တစ်ချက်ရယ် ဈေးနှုန်းပိုင်း ပိုများတာတွေရယ်က စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီနေရာမှာ ဈေးနှုန်းအပိုင်းကတော့ ဇိမ်ခံစစ်စစ်ဖြစ်အောင် ဖန်တီးထားတာကြောင့်လို့ ဆိုနိုင်ပေမယ့် ဆီစားများတာ တစ်ချက်ကတော့ ပြိုင်ဘက်ထက် အားနည်းချက် ဖြစ်သွားစေတာပါ။ နောက်ပြီး အင်ဂျင်လည်ပတ်အား များတာ တစ်ချက်က ပုံမှန်ထက် ဆူညံသံပိုစေနိုင်တာလည်း ဖြစ်ပါ တယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်အနေနဲ့က Sport ဆန်ဆန် ဆီဒင်အနေနဲ့ ဖန်တီးထားတာ ဖြစ်ပြီးတော့ အလျားက ၄.၆၇ မီတာထိအောင် ရှိမှာ ဖြစ်ပြီး မျက်နှာစာ အကျယ်က ၁.၈၅ မီတာနဲ့ ကိုယ်ထည်ရဲ့ အမြင့်ကတော့ ၁.၄၁ မီတာပဲ ရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဘက်ဝန်တင်ခန်းရဲ့ ဝန်တင်ဆောင်နိုင်မှု အကျယ်အဝန်းက ၄၅၅ လီတာ
ထိအောင်ရှိမှာဖြစ်ပြီး နောက်ဘက်ခန်း နည်းနည်းကျဉ်းချင်ပါတယ်။ ကိုယ်ထည်ရဲ့ အလေးချိန် ၁၆၆၅ ကီလိုထိအောင် လေးမှာ ဖြစ်ပြီး ဈေးကွက်မှာ ပြိုင်ဘက် မော်ဒယ်တွေထက် ကီလို ၅၀ ဝန်းကျင်လောက်ပိုပြီး လေးနေတာဖြစ်ပေမယ့် ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်မှုကို မြှင့်ထားတာ တစ် ချက်ကြောင့် ဖြစ်ပါလိမ့်မယ်။

အင်ဂျင်ပိုင်း …

တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင်တော့ ၃.၀ လီတာသုံး Supercharged စနစ်ကို ထည့်သွင်း ဖန်တီးထားတဲ့ V6 အင်ဂျင်ကို တပ်ဆင်ထား တာတွေ့ရပြီး ဓာတ်ဆီသုံး စနစ်နဲ့ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ ၂ ဘီလီယံအကုန် အကျခံဖန်တီးထားတဲ့အထဲမှာ အခု အင်ဂျင်စနစ်က အဓိကကျတယ်လို့ လည်း သိရပါတယ်။ အင်ဂျင်စနစ်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၅၀၀ မှာ ရုန်းအား ၃၃၂ ပေါင်-ပေထိအောင် ရှိမှာဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၃၅ အားထိအောင်ရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဂျင်က အခြေခံ လည်ပတ်အားလည်း များပေမယ့် အမြင့်ဆုံး လည်ပတ်အားကိုတော့ ပုံမှန် မော်ဒယ်တွေလိုပဲ အပတ်ရေ ၆၅၀၀ မှာပဲ ထိန်းထားတာ တွေ့ ရပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်အနေနဲ့က နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ  ဖြစ်ပြီးတော့ ဂီယာချက်အပိုင်းမှာတော့ အခု နောက်ပိုင်း ဥရောပဈေးကွက်မှာ လူကြိုက်များလာနေတဲ့ ဂီယာချက် အများအပြား သုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရပြီး စုစုပေါင်း ဂီယာချက် ၈ ချက်ထိအောင် အသုံးပြု မောင်း နှင်နိုင်မှာလည်း ဖြစ်ပါတယ်။ Auto စနစ်နဲ့ သွားမှာဖြစ်ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ နှုန်းကတော့ ၁၅၅ မိုင်မှာ Limited လုပ်ထားတာ တွေ့ရပြီး ဒီနှုန်းကပြိုင်ဘက်တွေနဲ့ တန်းတူ အနေအထား ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင်တော့ တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းအတွက် အချိန် ၅.၁ စက္ကန့် ကြာမှာဖြစ်ပြီး အဓိက ပြိုင်ဘက် 340i နဲ့ အတူတူ ဖြစ်ပြီး တခြားပြိုင်ဘက်တွေထက် နည်းနည်း ပိုမြန်ချင်နေတာပါ။

ဆီစားနဲ့ သုံးသပ်ချက် …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၆၃ လီတာထိအောင် ဆံ့ဝင်နိုင်တာ တွေ့ရပြီး ပုံမှန်ထက် နည်းနည်း ကြီးထားတာပါ။ ဆီစားနှုန်းအနေနဲ့ကတော့ ပျမ်းမျှ
ဆီတစ်ဂါလံကို ၃၅ မိုင် ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီး ဆီတိုင်ကီအပြည့်နဲ့ တောက်လျှောက် မောင်းမယ်ဆိုရင်တော့ ခရီးမိုင် ၄၈၄ မိုင်ထိအောင် ခရီးပေါက်ပါလိမ့်
မယ်။ လက်မ ၂၀ အရွယ်ဘီးတွေကို တပ်ဆင်ထားပြီး လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အသင့်ရှိတာ တွေ့နိုင်သလို Suspension စနစ်မှာလည်း Double Wishbones စနစ်နဲ့ Multi-link စနစ်တွေကို ပင်မအထိုင် အနေနဲ့ ထားပြီးတော့ Anti-rill bar တွေကိုအကူ ထိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိ ဈေးနှုန်း အပိုင်းမှာတော့ မော်ဒယ်က ပြိုင်ဘက်တွေထက် နည်းနည်းများချင်နေတာမျိုး တွေ့ရပြီးတော့ ဇိမ်ခံကား ကောင်းကောင်းကို စီးချင်တယ် ဆိုတဲ့သူတွေအတွက်တော့ စိတ်ကြိုက် ဖြစ်စေမှာ ဖြစ်သလို လက်ခံနိုင်စရာ မော်ဒယ်တစ်ခုပါ။

Ref: www.edmunds.com