လျှော့ဈေး (shop zay) Application ထွက်ရှိ

11999661_1165143013501225_3057824155357718123_o.jpg

ဈေးဝယ်စင်တာများရှိ အထူးလျှော့ဈေးနှုန်းများကို Mobile Application အနေဖြင့် စုစည်းဖော်ပြပေးထားသော လျှော့ဈေး (Shop Zay) Application ကို စတင်ရရှိနိုင်ပြီဟု Zwenexsys International ကုမ္ပဏီမှ ကိုသာထက်က ပြောသည်။

ယခုလအတွင်း စတင်အသုံးပြုနိုင်ခဲ့သည့် လျှော့ဈေး Mobile Application ၌ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဈေးဝယ်စင်တာများမှ အထူးလျှော့ဈေးနှုန်းများကို တင်ဆက်ပေးထားသည်ဟု သိရသည်။ နောက်ဆုံးရ လျှော့ဈေးများကို တင်ဆက်ပေးထားခြင်းဖြစ်ပြီး Android မိုဘိုင်းဖုန်း Version 4.0 နှင့် အထက် အသုံးပြုနိုင်ကြောင်း သိရသည်။

“ကျွန်တော် ဈေးဝယ်စင်တာတွေ ရောက်ရင် Discount စာရွက်တွေ တွေ့တာတောင်မှ ယူမကြည့်ဖြစ်ကြပါဘူး။ လျှော့ဈေးက ကိုယ်လိုတဲ့အချိန်မှာ ဘယ်ဈေးဝယ် စင်တာမှာ ဘာတွေဈေးလျှော့လဲဆိုတာ အလွယ်တကူ ကြည့်လို့ရအောင် လုပ်လိုက်တာပါ” ဟု ကိုသာထက်က ဆိုသည်။

အဆိုပါ Application ကို Google Play နှင့် shopzayapp.com ၌ အခမဲ့ ဝင်ရောက်ရယူနိုင်ပြီး အသုံးပြုစဉ်အတွင်း လွယ်ကူစေရန် ဈေးဝယ်စင်တာများကိုလည်း ခွဲခြားပြသထားကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဈေးဝယ်စင်တာတွေဆီကနေ မများလှတဲ့ ပမာဏတစ်ခုလောက်ပဲ ယူထားတာပါ။ အသုံးပြုသူတွေ အနေနဲ့ကတော့ အခမဲ့ပါ” ဟု ကိုသာထက်က ပြောသည်။