Metal Gear Solid V – The Phantom Pain

metal-gear-solid-v-5-the-phantom-pain7-NAL-online-gamereview-2015SEP17.jpg

Metal Gear Solid V – The Phantom Pain ဟာ ၂၀၁၅ ခုနှစ်ရဲ့ ပရိသတ်စိတ်ဝင်စားမှု အများဆုံး ဂိမ်းတစ်ခုလည်း ဖြစ်သလို Metal Gear ဂိမ်းကို စတင်ဖန်တီးသူ Hideo Kojima  အနေနဲ့  ၁၉၈၇ ခုနှစ် Metal Gear ဂိမ်းထွက်ရှိချိန်ကတည်းက Konami နှင့် တွဲဖက်ပြီး ဂိမ်းသစ်တွေ ရေးဆွဲ ခဲ့ရာကနေ Phantom Pain ဂိမ်းမထွက်ခင်မှာ Konami ကနေ နုတ်ထွက်ခဲ့တဲ့အတွက်ကြောင့် media တွေနဲ့ ကစားသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့တဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။ Graphics ပိုင်းရော gameplay ပိုင်း၊ ဇာတ်လမ်းပိုင်းတွေပါသေချာဖန်တီးထားတဲ့ ဂိမ်းသစ်အများစုကို ၂၀၁၅ ခုနှစ်ကစပြီး PC, PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက်သာ စထုတ်လာပြီ ဖြစ်ပေမယ့် Phantom Pain ကတော့ ရှားရှားပါးပါး PS3 မှာရော Xbox360 မှာပါ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ Story အသားပေး Metal Gear ဂိမ်းစီးရီးတွေထဲမှာတော့ Phantom Pain ဂိမ်းဟာ Open World gameplay ကို ပထမဦးဆုံး ထည့်သွင်းပေးထားလို့ အရင်ကထက် gameplay time ပိုကြာကြာ ကစားနိုင်မှာဖြစ်သလို missions တွေကိုလည်း စိတ်ကြိုက်ကစားပုံမျိုးစုံဖြင့် ကစားနိုင်မှာပါ။

လက်ရှိအချိန်မှာ ၁၉၆၄ ကနေစပြီး ၂၀၁၈ အထိ in-game story ဇာတ်လမ်းတွေ ထွက်ထားတဲ့ Metal Gear စီးရီးရဲ့ timeline အနေနဲ့ ကြည့်မည်ဆိုရင်တော့
Phantom Pain ဟာ ၁၉၈၄ ခုနှစ်မှာ ဇာတ်လမ်းဆင်ထားပြီး timeline အရသူ့ရှေ့မှာ Metal Gear Solid 3 – Snake Eater (1964)၊ Metal Gear Solid Portable Ops (1970)၊ Metal Gear Solid Peace Walker (1974) နှင့် Metal Gear Solid V – Ground Zeroes (1975) တို့ကို ကြိုကစားထားရင်တော့ ဇာတ်လမ်း အရသာပိုရှိမှာပါ။ Metal Gear Solid ဂိမ်းတွေဟာ ဇာတ်လမ်းအသားပေး ဂိမ်းတွေဖြစ်လို့ အရှေ့ပိုင်းက ဂိမ်းတွေ ကစားထားဖူးရင် ပိုကောင်းပေမယ့်၊ ကစားဖို့ အဆင်မပြေသူတွေကတော့ ဂိမ်းတွေအတွင်းမှာ ပါဝင်ထားတဲ့ ဇာတ်လမ်းအကျဉ်းကို ပြန်ဖတ်နိုင်သလို နောက်ကြောင်းပြန်ပြောပေးတဲ့ အပိုင်းတွေလည်း ပါဝင်ထားလို့ ကစားရတာ ကြောင်နေမှာတော့ မဟုတ်ပါဘူး။ အရင်ဂိမ်းတွေ ကစားဖို့ အချိန်မရှိဘူးဆိုရင်လည်း Online က ဇာတ်လမ်းအကျဉ်း Summary Videos တွေကို ကြည့်နိုင်ပါတယ်။ Metal Gear Solid V အနေနဲ့ Ground Zeroes နှင့် Phantom Pain ဆိုပြီး နှစ်ပိုင်းခွဲထားကာ MGS V – Ground Zeroes ကတော့ ပင်မ Metal Gear Solid V ဂိမ်း Phantom Pain ရဲ့ နိဒါန်း Prologue Chapter ဖြစ်ပါတယ်။ Ground Zeroes ကို Console version စတင်ရောင်းချချိန်မှာ 30$ နီးပါးပေးခဲ့ရလို့ ကစားသူ အချို့က ဈေးကြီးတယ် ပြောခဲ့ကြပေမယ့် ပရိသတ်အများစုကတော့ side missions ပုံစံမျိုးစုံ၊ ရန်သူ A.I စနစ်မျိုးစုံပါဝင်လို့ ကစားပုံပြောင်းလဲ ကစားမယ်ဆိုရင် အချိန်အကြာကြီး ကစားရလို့ တန်တယ် ဆိုပြီး ပြောခဲ့ကြပါတယ်။ Metal Gear Solid V – Phantom Pain မှာကတော့ ဒီလိုဖြစ်မှာ လုံးဝပူစရာမလိုတော့ဘဲ Open World မြေပုံကြီး အတွင်းမှာ story missions နှင့် side missions ပေါင်းများစွာကို နာရီရာနှင့်ချီပြီး ကစားနိုင်မှာ ဖြစ်လို့ original ခွေ 60$ ပေးပြီး ဝယ်ကစားရင်တောင်မှပဲ Metal Gear Online လိုမျိုး multiplayer mode တွေပါဝင်မှာမို့လို့ ၂၀၁၅ ရဲ့ အတန်ဆုံးဂိမ်းတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ Ground Zeroes က ၁၉၇၅ ခုနှစ်၊ Phantom Pain က ၁၉၈၄ ခုနှစ်တို့မှာ ဇာတ်လမ်း ဆင်ထားပြီး ကစားသူအနေဖြင့် Solid Snake နှင့် Liquid Snake တို့လို clone တွေရဲ့ မူရင်း host ဖြစ်တဲ့ Snake/ Big Boss နေရာကနေ ဝင်ရောက် ကစားရမှာပါ။ Solid Snake ပါဝင်တဲ့ MGS ဂိမ်းတွေက Science Fiction ပိုင်းနှင့် Gadget အသုံး ပြုရမှုပိုင်းကို ပိုအသားပေးထားပြီး Big Boss နဲ့ ကစားရတဲ့ ဂိမ်းအများစု ကတော့ နိုင်ငံရေးပိုင်းနှင့် Action Thriller ပိုင်းကို ပိုအသားပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Ground Zeroes ရဲ့ ဇာတ်လမ်းအစမှာတော့ MGS – Peacewalker ဂိမ်းမှာ ပါဝင်ခဲ့တဲ့ လူငယ်တပ်သား တစ်ယောက်ဖြစ်သူ Chico နှင့် စပိုင်တစ်ယောက်ဖြစ်သူ Paz Ortega ကို Cuba နယ်စပ်က အကျဉ်းထောင်တစ်ခုဖြစ်တဲ့ Camp Omega မှာ ဝင်ရောက် ကယ်ဆယ်ရပုံ ကစားရမှာ ဖြစ်ပါတယ်။ Ground Zeroes အပြီးမှာ Snake ရဲ့ MSF (militaires sans frontiers) စစ်စခန်းကို Cipher organization အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှာ Big Boss အနေနဲ့ ကိုးနှစ်ကြာမေ့မြောနေပြီး ပြန်နိုးအလာမှာ ရန်သူတွေကို လက်စားချေဖို့ ကြိုးစားပုံကို ဇာတ်လမ်းဆင်ထားပါတယ်။

Story Mode ကိုတော့ single player ကစားရမှာဆိုပေမယ့် ဂိမ်းထဲမှာ အကူအဖြစ် Quiet လိုမျိုး Sniper Support တွေ၊ D-Horse လိုမျိုး မြင်းနှင့် resources တွေကို marking ပေးနိုင်မည့် D-Dog လိုမျိုး ခွေးလေးတွေ ပါဝင်ထားပါတယ်။ Peace Walker မှာ စတင်ခဲ့ပြီး Phantom Pain မှာတော့ လုပ်စရာ function ပိုစုံအောင် ပြင်ထားတဲ့ Mother base system ပါဝင်ထားပြီး ရန်သူအကျဉ်းသားများကို မိမိဘက်သို့ ပါလာအောင် ပြုလုပ်ကာ လက်နက်သစ်များနှင့် အခြား weapon upgrades အစိတ်အပိုင်းများ၊ consumable items များကို လေ့လာနိုင်စေတဲ့  စနစ်များလည်း ပါဝင်ထားပါတယ်။ အရင်MGS ဂိမ်းတွေတုန်းက Open World ဂိမ်းမဟုတ်ဘဲနဲ့ သတ်မှတ်ထားတဲ့ mission တွေကို ပုံသေနည်းတွေနဲ့သာ ကစားခဲ့ရပေမယ့် အခုဆိုရင် ရန်သူစစ်သားတွေကို ဖမ်းပြီး သဲလွန်စတွေ ရှာမလား၊ ရန်သူတွေ မမြင်အောင် စခန်းတွေထဲ ခိုးဝင်မလား အစရှိတဲ့ tactical option တွေ အသုံးပြုနိုင်သလို Stealth သီးသန့်မဟုတ်ဘဲ သေနတ်ပစ်တဲ့ shooting gameplay ပိုင်းကို အသားပေးပြီး ကစားချင်ရင်လည်း ရပါတယ်။ PC မှာ Mouse နှင့် Keyboard နဲ့ ကစားရတာ အဆင်ပြေပေမယ့် Stealth ပိုင်း အသားပေးပြီး ဖြည်းဖြည်းချင်း သွားမယ်ဆိုရင်တော့ controller သုံးပြီး ကစားတာပိုအဆင်ပြေတာ တွေ့ရပါတယ်။ PC version အတွက် 60 frame per second (FPS) support အပြင် Shadows၊ Texture နှင့် Dept of Field effect တွေကို ပိုကောင်းအောင် ပြင်ဆင်ထားသလို Resolution ကိုတော့ 3840×2160 (4K) အဆင့်အထိ အားရပါးရ တင်နိုင်တာ တွေ့ရပါတယ်။

Kojima Productions ရဲ့ Metal Gear Solid V – The Phantom Pain ဟာ အရင် MGS ဂိမ်းတွေ မကစားဖူးရင်တောင် အရင်လို cutscenes အရှည်ကြီးတွေ သိပ်မပါတဲ့ Big Boss ရဲ့ လက်စားချေတဲ့ Revenger story ပုံစံဖန်တီးထားတဲ့အတွက် Phantom Pain သီးသန့် ကစားမယ်ဆိုရင်တောင် ကောင်းမွန်တဲ့ ဂိမ်းဖြစ်တာ တွေ့ရှိရပြီး ထွက်ရှိထားသမျှ Metal Gear ဂိမ်းတွေထဲမှာတော့ gameplay functions အစုံဆုံး ဂိမ်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။ မူလ Metal gear ဂိမ်းပရိသတ်တွေအပြင် Open World ဂိမ်းပရိသတ်တွေ Action ဂိမ်း နှစ်သက်သူတွေအတွက်ပါ သင့်တော်တဲ့ ဂိမ်းဖြစ်ပါတယ်။

(mmgamers.com)