HTC ဖုန်းများရှိ ဗီဒီယို Player အကြောင်း

05_TKK_Screenshot_User-Guide_18Sep2015.jpg

HTC ဖုန်းတွေထဲကို ဗီဒီယိုဖိုင်တွေကို ထည့်သွင်းကြည့်ရှုတဲ့အခါမှာ ကိုယ်ထည့်သွင်းလိုက်တဲ့ ဗီဒီယိုဖိုင်တွေဟာ ထည့်သွင်းလိုက်တဲ့ ဖိုင်ထဲမှာ ရှိနေပေမယ့် ဖွင့်လို့မရခြင်း၊ ဗီဒီယိုဖိုင်အနေဖြင့် မဖော်ပြခြင်း၊ Filemanager အတွင်းတွင် ပြန်လည်ရှာဖွေရာ၌ ဖိုင်များရှိသော်လည်း ဖွင့်၍မရခြင်း  အစရှိတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။

နောက်ပိုင်းထွက် အသစ်ထွက် HTC ဖုန်းတွေထဲမှာ ဗီဒီယိုဖိုင်တွေကို ဖုန်းထဲကို ထည့်သွင်းတဲ့ အခါမှာပဲဖြစ်ဖြစ် ဖုန်းရဲ့ Memory Card ထဲကို ထည့်သွင်းလိုက်တဲ့ အခါမှာပဲဖြစ်ဖြစ် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ထည့်သွင်းလိုက်တဲ့ ဗီဒီယိုဖိုင်တွေကို မြင်တွေ့ရတဲ့ ပုံစံဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ကထည့်သွင်းလိုက်တာက မူဗီဖိုင်ငါးခုဆိုရင် သုံးခုလောက်က ဖိုင်ပုံစံမှားယွင်းနေသလို ဖြစ်နေပြီး နှစ်ခုခန့်က ဗီဒီယိုအနေနဲ့ မြင်တွေ့ရတာမျိုးလည်း ရှိပါတယ်။

ဒီလိုမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာဖိုင်ရဲ့အမျိုးစား File Format မတူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ထည့်သွင်းလိုက်တဲ့ ဖိုင်ကိုမမြင်ရတဲ့ အခက်အခဲမျိုးလည်း ရှိပါတယ်။ ကိုယ်ထည့်သွင်းလိုက်တဲ့ ဖိုင်ကို File manager ထဲမှာပြန်ပြီး ရှာဖွေလို့ မရဖြစ်နေတယ် ဆိုရင်တော့ ဖိုင်က Hide ဖြစ်နေတာမျိုး ဖြစ်နိုင်သလို ဖုန်းနဲ့အဆင်မပြေတဲ့ ဖိုင်မျိုးဖြစ်နေရင်လည်း မမြင်ရဖြစ်တတ်ပါတယ်။

File manager ထဲကနေမြင် တွေ့ရတဲ့ဖိုင်ကို ဖွင့်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ဖိုင်အမျိုးအစား မဟုတ်တဲ့ဖိုင်ဆိုရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါဟာဖုန်းက သတ်မှတ်ထားတဲ့ ဖိုင်အမျိုးအစား မဟုတ်တဲ့အတွက် ဖွင့်လို့မရတာ ဖြစ်ပါတယ်။ သို့ပေမယ့် File manager ထဲမှာ ဖွင့်လို့မရတဲ့ ဗီဒီယိုဖိုင်တွေကို Gallery ထဲမှာပြန်သွားပြီး ရှာနိုင်ပါတယ်။ Gallery ထဲမှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ထည့်သွင်းလိုက်တဲ့ ဗီဒီယိုဖိုင်ကို Gallery က ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Gallery ထဲမှာတော့ ထည့်သွင်းသမျှ ဗီဒီယိုဖိုင်တွေ အားလုံးကို ဗီဒီယိုဖိုင်အနေနဲ့ မြင်တွေ့ရပါလိမ့်မယ်။ သို့ပေမယ့် Gallery ထဲမှာဆိုရင်တော့ ဗီဒီယိုဖိုင်တွေကို ပြန်လည်ရှာဖွေရာမှာ အနည်းငယ် မျက်စိရှုတ်စေ နိုင်ပါတယ်။

ကိုယ်ထည့်သွင်းလိုက်တဲ့ ဖိုင်ထဲကနေ ဗီဒီယိုဖိုင်တွေကို တိုက်ရိုက်ဖွင့်လို့ မရတာကတော့ ဗီဒီယိုဖိုင်ရဲ့ Format ဟာ ဖုန်းကသတ်မှတ်တဲ့ ဖိုင်အမျိုးအစား မဟုတ်တာကြောင့် ဖြစ်ပါတယ်။ ဖုန်းကနေ သတ်မှတ်ထားတဲ့ ဗီဒီယိုဖိုင် အမျိုးအစားဟာ MP4 ဖိုင်အမျိုးအစားဖြစ်ပြီး အခြားဗီဒီယို ဖိုင်အမျိုးအစားတွေကတော့ ဖုန်းကလက်ခံတဲ့ ဖိုင်အမျိုးအစားတွေ မဟုတ်တဲ့အတွက် File manager ထဲကနေ ဖွင့်လို့မရတာပါ။

ဒါကြောင့် ဖုန်းရဲ့ File manager ထဲကနေ ဗီဒီယိုဖိုင်ကို တိုက် ရိုက်ဖွင့်ချင်တယ်ဆိုရင်တော့ ကိုယ်ထည့်သွင်းမယ့် ဗီဒီယိုဖိုင်ကို MP4 ဖိုင်အမျိုးအစားဖြစ် ပြောင်းလဲပြီး ထည့်သွင်းနိုင်သလို ဘယ်လိုဗီဒီယိုဖိုင် အမျိုးအစားတွေကိုပဲမဆို သိရှိစေနိုင်တဲ့ Video Player ဆော့ဖ်ဝဲတစ်ခုခုကို ဖုန်းထဲကို ထပ်မံထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုတဲ့ Player ဆော့ဖ်ဝဲကတော့ ကိုယ်ကြိုက်နှစ်သက်ရာ ဆော့ဖ်ဝဲတွေကို အသုံးပြုနိုင်ပါတယ်။ ဘယ်လိုဗီဒီယို  Player ဆော့ဖ်ဝဲကို အသုံးပြုသည်ဖြစ်စေ ဗီဒီယိုဖိုင်ကိုတော့ File manager ထဲကနေ တိုက်ရိုက်ဖွင့်နိုင်မှာ ဖြစ်ပေမယ့် အသုံးပြုတဲ့ ဆော့ဖ်ဝဲအမျိုးအစားပေါ် မူတည်ပြီး ဖိုင်ကို ဗီဒီယိုဖိုင်ပုံစံအဖြစ် မြင်ရခြင်း မမြင်ရခြင်းကတော့ ကွဲပြားနိုင်ပါတယ်။  ဗီဒီယိုဖိုင်တွေကို ထည့်သွင်းတဲ့ အခါမှာလည်း ဖိုင်အမျိုးအစားကို လိုက်လံပြီးရွေးချယ် ထည့်သွင်းနေရမယ်ဆိုရင် အချိန်ကြန့်ကြာ နိုင်ပါတယ်။ ဒါကြောင့် သင့်လျော်တဲ့ ဗီဒီယို Player ဆော့ဖ်ဝဲတစ်ခုခုကို ထပ်မံထည့်သွင်း အသုံးပြုခြင်းဟာ အဆင်အပြေဆုံးပါပဲ။

နောက်ပိုင်းထွက် HTC ဖုန်းတွေမှာ ဗီဒီယိုစနစ်ဟာ ခုလိုမျိုးပြောင်းလဲ လာခဲ့တာဖြစ်ပါတယ်။ MP4 ဖိုင်အဖြစ် ဗီဒီယိုဖိုင်တွေကို ပြောင်းလဲချင်တယ် ဆိုရင်လည်း File Converter လိုဆော့ဖ်ဝဲမျိုးတွေကို အသုံးပြုပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် ဂရုပြုစရာ အချက်တစ်ခုကတော့ ဗီဒီယိုဖိုင်တွေကို File manager ထဲကနေ ကိုယ်ထည့်သွင်းလိုက်တဲ့ ဖိုင်ထဲမှာသွားပြီး ဖျက်လိုက်ပေမယ့် တစ်ခါတစ်ရံမှာ ဖုန်းရဲ့ Gallery ထဲမှာ ဖိုင်ဟာ ကျန်နေတတ်ပြီး တစ်ခါတစ်ရံမှာ Temp ဖိုင်အနေနဲ့ ပြန်ပြနေတာ မျိုးတွေလည်း ရှိပါတယ်။