မသန်စွမ်းသူများ အသက်မွေးလက်မှု ပညာ အစီအစဉ်၏ ဆရာဖြစ် လက်မှု အတတ်ပညာသင်တန်း ဖွင့်လှစ်

LP4TWD_WW_Kha-Wae-Chan_News_2015Sep14.jpg

City Love & Hope Foundation ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုး တိုးတက်မှုအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သော မသန်စွမ်းသူများ အသက်မွေးလက်မှု ပညာ အစီအစဉ် (Livelihood Program for Persons with Disabilities-LP4PSWD 2015-2016) ၏ ဆရာဖြစ် လက်မှုအတတ်ပညာ သင်တန်းနှင့် အခြေခံ လက်မှုပညာသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်က ခ၀ဲခြံမျက်မမြင်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မသန်စွမ်းသူများ အသက်မွေးလက်မှုပညာအစီအစဉ် (Livelihood Program for Persons with Disabilities-LP4PSWD 2015-2016) သည် မသန်စွမ်းသူများ၏ လူနေမှုဘဝ အမှီခို ကင်းစွာ ရပ်တည်နိုင် ရေးနှင့် City Love & Hope Foundation ၏ (CSR) လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် လူနေမှုဘဝ တိုးတက် မြင့်မားရေးကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ City Love & Hope Foundation မှ ငွေကျပ်သိန်း ၄၀၀ မတည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်း တက်ရောက်မည့်သူများ အနေဖြင့် မိမိတို့ရရှိသော ပညာများကို အကျိုးရှိစွာ အသုံးချသွားမည်ဟု ယုံကြည်ကြောင်းကို City Mart Holding Co.,Ltd မှတာဝန်ရှိသူ မခင်မေဒေးမှ ပြောကြားခဲ့သည်။

အခြေခံလက်မှု ပညာသင်တန်းများကို  ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သော မသန်စွမ်းသူများမှ အယောက် ၁၀၀ အတွက် ၁၀ ရက်ကြာ သင်တန်း ၃ ကြိမ်နှင့် ဆရာဖြစ် လက်မှု အတတ်ပညာ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ မသန်စွမ်းအဖွဲ့များ၊ သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ အဖွဲ့ဝင်များမှ မသန်စွမ်း ၁၅ ဦးကိုရွေးချယ်၍ တစ်ကြိမ်လျှင် ၅ ရက်ဖြင့် ၂ ကြိမ်ပို့ချသွားမည်ဖြစ်ပြီး တက်ရောက်သူများ ပြန်လည်ဆင့်ပွား သင်ကြားရာတွင်လည်း ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။