IFA 2015

ifa-2015-SH-hifisentralen-2015sept16.jpg

နှစ်စဉ်ပြုလုပ်နေကျ IFA (InternationaleFunkausstellung) 2015 ပွဲကို စက်တင်ဘာလ ၄ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။ အဆိုပါ IFA ပွဲသည် ဂျာမနီနိုင်ငံတွင် ပြုလုပ်သော သက်တမ်းရင့် စက်မှုပြပွဲများအနက် တစ်ခုဖြစ်သည်။ ၎င်းပြပွဲကို ၁၉၂၄ နှင့် ၁၉၃၉ ခုနှစ်အတွင်း နှစ်စဉ်ကျင်းပလာခဲ့သည်။ ထို့နောက် ၁၉၅၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိတိုင် နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပသော ပြပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။ သို့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် နှစ်စဉ်စက်တင်ဘာလတိုင်းတွင် ပုံမှန်ကျင်းပခဲ့သည်။ IFA ပြပွဲတွင် ပါဝင်သူများအနေဖြင့် နောက်ဆုံးပေါ်ထုတ်ကုန်နှင့် တိုးတက်မှုရှိသော နည်းပညာများကို အများပြည်သူ တွေ့မြင်နိုင်စေရန် တင်ပြနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ရှည်လျားသည့် သမိုင်းကြောင်းအတွင်း ကမ္ဘာပေါ်ရှိ ဆန်းသစ်တီထွင်မှုအရှိဆုံး နည်းပညာများကို IFA ပြပွဲ၌ ပထမဆုံးအကြိမ်အဖြစ် လာရောက်ပြသလေ့ ရှိကြသည်။ ယခုနှစ် ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့် IFA 2015 ပွဲသည် စံချိန်သစ်တင်ခဲ့သည်။ ပွဲအတွင်း ပြသသူ ၁,၆၄၅ ရှိလာသည့်အပြင် ပြပွဲသို့လာရောက် လည်ပတ်သူမှာ ၅ သိန်းခန့် ရှိခဲ့သည်။

IFA 2015 ပြပွဲ၌ထုတ်ဖော် မိတ်ဆက်ခဲ့သည့် စိတ်လှုပ်ရှားမှု အရှိဆုံး PC နှင့် tablet များ

Asus Vivo Stick

Asus သည် IFA ထုတ်ကုန်ပြပွဲတွင် PC Stick ကိုပွဲဦးထွက် ပြသခဲ့သည်။ အဆိုပါ PC Stick သည် သေးငယ်သော ပလက်စတစ်ဖြင့် USB memory stick အရွယ်အစားအတိုင်း ဖန်တီးထားသည့် ကွန်ပျူတာ တစ်မျိုးဖြစ်သည်။ ၎င်း PC Stick များသည် တီဗွီများတွင် ပါဝင်သော HDMI ဖြင့် ချိတ်ဆက်နိုင်သည်။ ၎င်းတွင် Intel Atom ပရိုဆက်ဆာတွင် Windows 10 အသုံးပြုထားသည်။ Asus သည် PC Stick ထွက်ရှိမည့်ရက်ကို မထုတ်ပြန်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၌ ကန်ဒေါ်လာ ၁၂၉ ဖြင့်ရောင်းချသွားမည် ဖြစ်သည်။

Asus GX700 gaming laptop

Asus ၏ GX700 gaming laptop တွင် Nvidia ၏နောက်ဆုံး graphics card များ အသုံးပြုရာတွင် ရုပ်ထွက်ကောင်းမွန်ကြောင်း ဖော်ပြပေးမည့် 4K ၁၇လက်မ display အပြင် Intel ၏ စွမ်းဆောင်ရည်မြင့် K-series Skylake ပရိုဆက်ဆာများ အသုံးပြုထားသည်။ လက်တလောတွင် GeForce 980M အသုံးပြုထားသော်လည်း ဖြန့်ချိရောင်းချချိန်တွင် အပြောင်းအလဲ ပြုလုပ်နိုင်သည်။

၎င်း gaming laptop တွင်ကိုယ်ထည်နှင့် ချိတ်ဆက်ထားသော water-cooling အစိတ်အပိုင်းတစ်ရပ် ပါဝင်သည်။ အဆိုပါ water cooling အစိတ်အပိုင်းသည် တန်ဖိုးကြီး ကွန်ပျူတာများတွင်သာ တွေ့မြင်ရသော အရာဖြစ်ပြီး overclock ပြုလုပ်ခြင်းနှင့် error ကင်းစင်စေရန် ထောက်ပံ့ပေးနိုင်သည်။

GX700 ကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Asus မှထုတ်ပြန်ခဲ့သည်။ Laptop ဈေးနှုန်းနှင့် ထွက်ရှိမည့်ရက်ကို  မထုတ်ပြန်ခဲ့သေးပေ။

Acer Predator 8

Acer Predator 8 သည် ၈ လက်မအရွယ်ရှိ FHD display ပါဝင်သော gaming tablet ဖြစ်သည်။ ၎င်း၏ ရုပ်ထွက်အရည်အသွေးမှာ 1,920×1,200 ရှိပြီး TacSense ဟုအမည်ရသော အထိအတွေ့တုံ့ပြန်မှု နည်းပညာကို အသုံးပြုထားသည်။ ထို့အပြင် အဆိုပါ gaming laptop ၏ရှေ့ဘက်တွင် စပီကာနှစ်ခု ပါဝင်သည်။ Predator 8 GT-810 ကိုနိုဝင်ဘာလ ၆ ရက်တွင် Newegg လက်လီအရောင်းဆိုင်များတွင် ရက်သတ္တပတ်နှစ်ပတ်တိုင် ကန်ဒေါ်လာ ၂၉၉ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

Toshiba Satelliter Radius 12

Toshiba သည် ၁၂.၅ လက်မအရွယ်ရှိ ပါးလွှာသည့် Windows 10 hybrid ထုတ်ကုန်တစ်မျိုးဖြစ်သည်။

Satellite Radius 12 သစ်သည် ပါးလွှာသေးငယ်သော အရည်အသွေးမြင့် laptop တစ်မျိုးဖြစ်သည်။ ၎င်းတွင် Core i7 CPU အသုံးပြုထားသလို tablet အသွင်ပြောင်းလဲ အသုံးပြုနိုင်သော ၃၆၀ ဒီဂရီလှည့်နိုင်သော ပတ္တာတစ်ခုလည်း ပါဝင်သည်။ ထို့အပြင် Harman Kardonစပီကာနှင့် storage 512GB SSD အထိပါဝင်သည်။

Radius 12 ကို၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း အမေရိကန်နှင့်ယူကေသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ Laptop ၏ဈေးနှုန်းအတိအကျ ထွက်ရှိလာခြင်း မရှိသေးပေ။

Lenovo IdeaPad Y Series

Lenovo IdeaPad Y700 gaming laptop သည်မနှစ်က ထွက်ရှိခဲ့သည့် မော်ဒယ်များအတိုင်း ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ် Intel ဆဋ္ဌမမြောက်မျိုးဆက် Core i7 ပရိုဆက်ဆာများ အသုံးပြုထားသည့်အပြင် Nvidia GeForce mobile graphics card များ ပါဝင်လာသည်။ ၎င်း laptop ကို AMD ပရိုဆက်ဆာများ ပါဝင်သည့် မော်ဒယ်အဖြစ် ထုတ်လုပ်ထားသေးသည်။ IdeaPad Y700 ၏ ၁၅ လက်မနှင့် ၁၇ လက်မဟူ၍ ဖြန့်ချိသွားမည် ဖြစ်ပြီး ၁၅ လက်မ ဗားရှင်းတွင် Intel ၏ RealSense 3D ကင်မရာပါဝင်သည်။ ယခင်က ထွက်ရှိထားသော Lenovo gaming laptop များကဲ့သို့ graphics ကတ်များကို အဆင့်မြှင့်တင်ထားသည်။ လက်ရှိတွင် laptop တွင် Nvidia GeForce GTX 960M အသုံးပြုထားသည်။ Y700 laptop များကို အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ၌ ကန်ဒေါ်လာ ၉၄၉ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ Y700 နှင့် Y900 desktop ကွန်ပျူတာများကို ကန်ဒေါ်လာ ၉၉၉ နှင့် ၁,၅၉၉ နိုဝင်ဘာလ၌ တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။

Lenovo Yoga Tablet 3 Pro

Lenovo Yoga Tablet 3 Pro ကိုပရိုဂျက်တာ အဖြစ်လည်း အသုံးပြုနိုင်သည်။ ၎င်း၏ဒီဇိုင်းမှာ ကိုင်တွယ်ရ မြဲမြံစေရန် လုံးဝန်းသော spine ကို အသုံးပြုထားသလို pic ပရိုဂျက်တာလည်း ပါဝင်သည်။ ၎င်းပရိုဂျက်တာသည် ၁၈၀ ဒီဂရီအထိ လှည့်၍ အသုံးပြုနိုင်သလို ရုပ်ပုံများကို လက်မ ၇၀ အထိ ချဲ့ကြည့်နိုင်သည်။

Lenovo Yoga Tablet 3 Proတွင် kickstand ပါဝင်လာပြီး မျက်နှာကြက် သို့မဟုတ် နံရံပေါ်တွင် ရုပ်ရှင်များ အလွယ်တကူကြည့်ရှုနိုင်ရန်အတွက် tablet နှင့်ပရိုဂျက်တာ ရှုထောင့်များကို လိုအပ်သလို ချိန်ညှိနိုင်သည်။ Lenovo Yoga Tablet 3 Pro ကိုကန်ဒေါ်လာ ၄၉၉ ဖြင့် နိုဝင်ဘာလတွင် အမေရိကန်စတိုးများ၌ ရောင်းချသွားမည် ဖြစ်သည်။ မျက်နှာပြင် ၁၀ လက်မအရွယ်ရှိ Yoga Tab 3 ကိုမူကန်ဒေါ်လာ ၁၉၉ ဖြင့် အမေရိကန်နိုင်ငံ၌ ရောင်းချသွားမည် ဖြစ်သည်။ မျက်နှာပြင် ၈ လက်မအရွယ် မော်ဒယ်ကိုမူ ကန်ဒေါ်လာ ၁၆၉ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Ref: CNET