ဒုတိယမျိုးဆက် Google Chromecast ကို ယခုလအတွင်း ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ

12011367_10153203455512825_1903813053569191649_n.jpg

Google သည် Chromecast streaming-media ထုတ်ကုန်အမျိုးအစားသစ်ကို စက်တင်ဘာ ၂၉ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ပွဲတစ်ခု၌ ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ 9-to-5Google က အတည်မပြုနိုင်သော စာရွက်စာတမ်းများကို အခြေခံကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Chromecast သည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် Google က စတင်မိတ်ဆက်ခဲ့သော ထုတ်ကုန်တစ်ခုဖြစ်သည်။ လက်မအရွယ်သာရှိသော ၎င်းထုတ်ကုန်ကို တီဗီ၏ အနောက်ဘက်တွင် တပ်ဆင်ခြင်းဖြင့် laptop သို့မဟုတ် ဖုန်းမှ content များကို stream လုပ်ကာ ကြည့်ရှုနိုင်သည်။ Chromecast ကို စတင်ရောင်းချရာတွင် နာရီအနည်းငယ်အတွင်း ရောင်းချခဲ့ရပြီး ဒေါ်လာ ၅၀ မှ ၁၀၀ အတွင်းရှိသော ပြိုင်ဘက် ထုတ်ကုန်များထက် ဈေးသက်သာသောကြောင့် အရောင်းရဆုံး ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

Google သည် Chromecast streaming-media ထုတ်ကုန် အမျိုးအစားသစ်ကို စမတ်ဖုန်းသစ် နှစ်မျိုးနှင့်အတူ ပွဲထုတ်မိတ်ဆက်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ ထုတ်ကုန်သစ်ကို လုံးဝန်းသည့် ဒီဇိုင်းဖြင့် တွေ့မြင်ရဖွယ်ရှိပြီး စွမ်းဆောင်ရည်မြင့်မားသော Wi-Fi signal များဖြင့် အလုပ်လုပ်နိုင်မည်ဟု 9-to-5Google မှ ဖော်ပြခဲ့သည်။

Ref: CNET