ကိုယ်တိုင်တီထွင်ထားသော နာရီကြောင့် ဖမ်းဆီးခံရသည့် လူငယ်ဘက်မှ နည်းပညာကုမ္ပဏီများ ရပ်တည်

12032079_10153196161497825_6730595672285401935_n.jpg

ကိုယ်တိုင်တီထွင်ထားသော နာရီကို တက္ကဆက်ပြည်နယ် အာဗင်းမြို့ရှိ မက်အာသာ အထက်တန်းကျာင်းသို့ ယူဆောင်လာပြီးနောက် ဖမ်းဆီးခံရသည့် အသက် ၁၄ နှစ်အရွယ် အာမက်မိုဟာမက် အတွက် လူထောင်ပေါင်းများစွာက ထောက်ခံခဲ့ကြပြီးနောက် နည်းပညာကုမ္ပဏီများကလည်း အဆိုပါ ဆယ်ကျော်သက်လူငယ်၏ နည်းပညာအပေါ် စိတ်ဝင်စားမှုကို ကူညီရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

အမေရိကန်သမ္မတ အိုဘားမားက မိုဟာမက်ကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ကလည်း မိုဟာမက်၏ အကြောင်းကို လူသိရှင်ကြား ပြောကြားခဲ့ပြီး ကုမ္ပဏီ ရုံးချုပ်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

Box အမှုဆောင်အရာရှိချုပ် အာရွန်လီဗိုင်းကလည်း မိုဟာမက်ကို ဖိတ်ကြားခဲ့သလို NASA မှ ခရစ္စဟတ်ဖီးလ်ကလည်း တိုရွန်တိုမြို့တွင် ကျင်းပမည့် Generator ပြပွဲအတွက် ဖိတ်ကြားမှု ပြုလုပ်ခဲ့သည်။

ထို့အပြင် Twitter နှင့် Reddit တို့ကလည်း ဆယ်ကျော်သက်လူငယ် တီထွင်ပညာရှင်ကို အလုပ်သင်အဖြစ် လာရောက်ရန် ကမ်းလှမ်းခဲ့ကြသည်။

အင်ဂျင်နီယာတစ်ဦး ဖြစ်လာရန် ရည်မှန်းထားသည့် အာမက်မိုဟာမက်သည် ကိုယ်တိုင်ပြုလုပ်ထားသော ဒီဂျစ်တယ်နာရီကို ၎င်း၏ ဆရာမထံ ပြသခဲ့ပြီးနောက် ဗုံးအတု ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Ref: TheNextWeb