နယ်ဒေသရှိ အီလက်ထရွန်နစ် ပစ္စည်းများကို Samsung က အခမဲ့ လိုက်လံစစ်ဆေး

11118384_1160885010593692_2710515301832530845_o.jpg

ရေဘေးသင့်ဒေသတစ်ခု ဖြစ်သည့် ကလေးမြို့အပါအဝင် မြို့အနီးအနားရှိ ကျေးရွာများမှ ရေဘေးအတွင်း ပျက်စီးခဲ့ရသည့် အိမ်သုံး အီလက်ထရွန်နစ် ပစ္စည်းများကို Samsung က အခမဲ့ သွားရောက် စစ်ဆေးပေးခြင်း၊ ပြုပြင်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ငါးရက်အထိုင်ချပြီးတော့ ဝန်ဆောင်မှုပေးတာပါ။ ပထမရက်က ၂၇ လုံး လာပြင်တယ်။ တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက် အစုံပေါ့။ ဒုတိယရက်မှာ ၂၃ လုံး လာပြင်ကြတယ်။ ပျက်စီးတာတွေ အများဆုံးကတော့ ရွံ့ရေတွေကြောင့်ပါပဲ” ဟု Samsung မှ မမေမိုးဦးက ပြောသည်။

အီလက်ထရွန်နစ်ပစ္စည်း Brand မျိုးစုံတို့ကို စစ်ဆေးပေးခြင်းဖြစ်ပြီး ပြုပြင်ရရှိသည်များကို အစားထိုး ပြုပြင်ပေးကြောင်း၊ Samsung Brand မဟုတ်သည့် ပစ္စည်းများကို အပိုပစ္စည်း ဝယ်ယူပေးသည်နှင့် တစ်ပြိုင်နက် ပြန်လည် ပြုပြင် တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ဒေသအတွက် Samsung ၏ အီလက်ထရွန်နစ် ပစ္စည်းများ ပြန်လည်ပြင်ဆင်ပေးရေး အစီအစဉ်၌ ကျွမ်းကျင် ပညာရှင် ၅ ဦးပါဝင်ပြီး အာမခံ ကုန်ဆုံးသွားသော Samsung Brand အတွက် ပစ္စည်းဖိုး ၅၀ ရာခိုင်းနှုန်းသာ ပြန်လည်ရယူခဲ့သည်ဟု သိရသည်။

“အခြားဒေသတွေကိုလည်း ဒီလိုမျိုးလုပ်ပေးဖို့ဆိုပြီး ဖြန့်ချိရေး ကိုယ်စားလှယ်တွေကနေတစ်ဆင့် ဆက်သွယ်ပါတယ်။ အခြားဒေသတွေက မြို့နယ် အလှမ်းဝေးတော့ အဆင် မပြေခဲ့ဘူး။ ကလေးမြို့မှာကတော့ အားမာန်သစ် အီလက်ထရွန်နစ်အရောင်းဆိုင်နဲ့ ချိတ်ဆက်ပြီး ကျေးရွာတွေအထိ ကြိုတင် အကြောင်းကြားနိုင်ခဲ့တယ်” ဟု မမေမိုးဦးက ပြောသည်။

ရေဘေးပြန်လည်ထူထောင်ရေးအနေဖြင့် Samsung က ယခုကဲ့သို့ ဝန်ဆောင်မှုပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုအတွက် အပိုပစ္စည်းတန်ဖိုး မပါဝင်ဘဲ အခြားသော ကုန်ကျ စရိတ် သိန်း ၁၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။

“ ရေခဲသေတ္တာရေမြုပ်လို့ ပျက်သွားတာ ဒီလိုလာအပ်တာ သုံးရက်လောက်တော့ ကြာတယ်။ ပိုက်ဆံတော့ မပေးခဲ့ရပါဘူး” ဟု ကလေးဒေသခံ ကိုထွန်းဖေလွင်က ပြောသည်။