အင်္ဂလန်နိုင်ငံ Swansea University တွင် Business Management ကို ပညာသင် ထူးချွန်ဆုဖြင့် တက်ရောက်မည့် မိညီညိမွန်၏ Student Life

11950785_1039065529448700_1585293_n.jpg

ဒီအပတ်မှာတော့  မွန်ပြည်နယ်၊  သံဖြူဇရပ်၊  ပငကျေးရွာ ဒေသခံမှ ပေးအပ်တဲ့ ပညာသင်ထူးချွန်ဆုနဲ့ အင်္ဂလန်နိုင်ငံ Swansea University မှာ Business Management ကိုတက်ရောက်မယ့် မိညီညိမွန်ရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

ပညာအရည်အချင်းနဲ့ နေရပ်လိပ်စာလေးကိုပြောပြပေးပါ။

မွန်ပြည်နယ်၊ သံဖြူဇရပ်၊ ပငကျေးရွာကပါ။ ၁၀ တန်းကို မော်လမြိုင် အထက (၆) ကနေ ၂၀၁၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။

ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကိုတက်ရောက်မလဲဆိုတာပြောပြပေးပါ။

ယူကေမှာရှိတဲ့ Swansea University မှာ Business Management ကို ၃ နှစ်သွားပြီး တက်ရောက်သင်ကြားရမှာပါ။

ပညာသင်ဆုရရှိခဲ့ပုံလေးကို ပြောပြပေးပါဦး။

၂၀၁၃ ခုနှစ်က ရွာမှာ ပညာသင်ဆုရွေးချယ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်ဝေတယ်။ အဲ့ဒီကနေသိပြီး မိမိရဲ့အရည်အချင်းကို စာတင်ခိုင်းပါ တယ်။  နောက်တော့  အင်္ဂလိပ်စာ  ၁  နာရီခွဲစာလောက် ဖြေခိုင်းတယ်။ မွန်စာ ၁ နာရီလောက်စစ်ဆေးတယ်။ ပညာသင်ဆုတင်
တာ ၁၅ ယောက်လောက်မှာ ၁၁ ယောက်လောက် ဝင်ဖြေတယ်လို့ သိရပါတယ်။ အဲ့ဒီထဲကနေ ၄ ယောက်ကိုနာမည်စာရင်း ထုတ်ပြန်ပြီး နောက်တစ်နေ့မှာ ကိုယ့်ကျေးရွာနဲ့ ပတ်သက်ပြီး ကိုယ့်အမြင်တွေကို ပညာသင်ဆု ရွေးချယ်ရေး အဖွဲ့လူကြီးတွေက အင်တာဗျူးလုပ်တယ်။  အဲ့ဒီမှာ ကိုယ့်အမြင်ကို ဒီလိုပြော ခဲ့တယ်။ ရွာမှာက ဟိုတုန်းကဆို ၈ တန်း၊ ၉ တန်းဆို ထိုင်းမှာ သွားအလုပ်လုပ်ကြပြီ။ အခုနောက်ပိုင်းဆို ၇ တန်း၊ ၈ တန်းနဲ့ သွားနေကြပြီ။ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေ ကျကုန်ကြတယ်။ ဒါမျိုးတွေနည်းသွား၊ လျော့ကျသွားအောင် တတ်သိ နားလည်တဲ့ လူကြီးတွေက သူတို့ကို အသိပညာပေးနိုင်ဖို့၊ အသိပညာ ပေးနိုင်တဲ့ လူကြီးတွေ ပိုရှိလာဖို့၊ အသိပညာပေးတဲ့ နည်းလမ်းတွေပိုလုပ်ဖို့ လိုလာတာမြင်မိတယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့လဲ။

CROWN Education မှာ AMERICAN COLLEGE PROGRAM (Global Assessment Certificate – GAC) ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ တက်ခဲ့ပြီး GPA 2.6 ရခဲ့တယ်။ သူ့ရဲ့သင်ကြားတဲ့ စနစ်က အလွတ်ကျက်ရတဲ့စနစ် မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေး ခွင့်တွေ ရတယ်။ စာတွေကို ကိုယ့်ကိုယ်ပိုင် အတွေးအခေါ်တင်ပြရတာမျိုးတွေ၊ ကိုယ့်တင်ပြချက်တွေက သူများနဲ့ မတူအောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် လေ့လာ လုပ်ကိုင်ရတာမျိုးတွေ ဆိုတော့ တစ်ဖက်ကကြည့်ရင် သူများစာကို ကူးချလို့လည်း မရတော့ဘူး။ ကိုယ့်အားကိုယ်ကိုးချင်စိတ်ကို ပိုဖြစ်စေပြီး ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်မှုရှိလာစေတယ်။ အရင်ကဆို လူတွေရှေ့ထွက်ပြီး စကားပြောရတာတွေ မလုပ်ရဲဘူး။ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။ ပြီးတော့ ဆရာတွေနဲ့
ထိတွေ့ရတဲ့ အချိန်က ပိုများတော့ ကိုယ့်မှာ ဘာအားနည်းချက်ရှိတယ် ဆိုတာကို ဆရာတွေကပိုသိတော့ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းသင်
ကြားပေးနိုင်တယ်။ ဒီမှာ IELTS ကိုလည်းစစ်ပေးတော့ ဖြေတာလည်း IELTS 6.0 ရပါတယ်။

ကျောင်းပြီးသွားရင်ရော ဘာတွေဆက်လုပ်ဖို့စဉ်းစားထားလဲ။

ဒါပြီးသွားလို့ အဆင်ပြေရင်တော့ နောက်ထပ် ပညာသင်ဆုတွေ ရအောင် ထပ်ရှာလျှောက်ပြီး Master အထိဆက်တက်ချင်ပါတယ်။ ပြီးမှ ရွာကိုပြန်ပြီး ဒေသ ဖွံ့ဖြိုးရေး အတွက် အထူးသဖြင့် လူငယ်တွေကို ဒီလိုနိုင်ငံတကာ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေလမ်းပြပေးချင်ပါတယ်။

နောက်လူငယ်တွေကို ဘယ်လိုအကြံဉာဏ်ပေးချင်လဲ။
ကိုယ်သာ ဒီလိုနိုင်ငံတကာကတက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရရင်၊ ဒီပညာတွေတတ်ရင် နောက်လူငယ်တွေကို လမ်းပြပေးချင်တယ်။ အထူးသဖြင့် ကလေးတွေ ကို သူတို့တွေရဲ့ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် အယူအဆတွေနဲ့ ကိုယ်ဝါသနာပါတာတွေကို ဖန်တီးတီထွင်နိုင်ဖို့ လမ်းပြ ဦးဆောင်ပေးချင်တယ်။ သူတို့ ၀ါသနာ ပါတာတွေကို ဖော်ထုတ်ပေးပြီး သူတို့သာတကယ်ဝါသနာပါတာတွေကိုလုပ်ခွင့်ရမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တယ် ဆိုတာကို သိစေချင်တယ်။