IFA-2015 မှတစ်ဆင့် ထင်ဟပ်ခဲ့သော နည်းပညာသုံးပစ္စည်းများ

ifa--UTW-online-Article-2015SEP10.jpg

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်က စပြီး ၉ ရက်အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ကြီးတွင် IFA-2015  ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ ဥရောပနိုင်ငံများ အနေနဲ့ အလွန်ကြီးကျယ် ခမ်းနားစွာ ကျင်းပလေ့ ရှိတဲ့ အီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်းနဲ့ အိမ်သုံး ပစ္စည်းပြပွဲကြီးလို့ နားလည်ထားခဲ့ကြတယ်။  ၁၉၂၄ ခုနှစ် ကနေ ၁၉၃၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ရေဒီယိုပြပွဲကြီးလို့  မူလအစက နာမည်တွင်ခဲ့တယ်။ ဒီအချိန်က Berlin Radio Show လို့ ခေါ်တွင်ကြသူများလည်း ရှိကြတယ်။ နှစ်စဉ် ကျင်းပလာရာက ၁၉၅၀ ခုနှစ်က စပြီး ၂၀၀၅ ခုနှစ်အထိ ၂ နှစ်တစ်ကြိမ်သာ ကျင်းပတဲ့ပွဲကြီး ဖြစ်သွားပြန်တယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ် အထိ ကျင်းပတဲ့ ပုံစံ ပြန်ဖြစ်လာခဲ့ပြန်တယ်။ IFA (Internationale Funkausstellung) ဆိုတဲ့ အမည်ကိုတော့ ၁၉၇၁ ခုနှစ်မှ စတင်ခေါ်ဆို  သတ်မှတ်ခဲ့တာ ဖြစ်တယ်။ ၁၉၉၁ ခုနှစ်မှာ ဒီပြပွဲကြီးကို တက်ရောက်သူပေါင်း ၅ သိန်း နီးပါးရှိတဲ့ အတွက် ဧည့်သည်အများဆုံး စံချိန် တင်ထားတယ်။ ပြသ တဲ့ ပြခန်းကတော့ ပုံမှန် ၁၀၀၀ ကျော်ကျော် ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနှစ် ကျင်းပတဲ့ IFA-2015 မှာ  ပြသသူပေါင်း  ၁၆၄၅ ရှိတဲ့အတွက်  Exhibitors အများဆုံး စံချိန်သွားတယ်။ ပြပွဲကို အခြေပြုပြီး စီးပွားရေး လုပ်ငန်း ငွေကြေး ပမာဏ ယူရိုငွေ ၂.၅ ဘီလီယံကနေ ၅ ဘီလီယံအထိ မြင့်တက်လာတယ်။

IFA ပြပွဲတွေမှာ Television & Entertainment အပိုင်း၊ Personal Computing & Game အပိုင်း၊ Sound & Car Media အပိုင်း၊ Digital Imaging & Digital Music အပိုင်း၊ Personal Communication အပိုင်း၊ Gadget & Home Appliance အပိုင်းစသလို ပုံမှန် ပါဝင်စေတယ်။

IFA-2015 ရဲ့ ထူးခြားချက်က တော့ သမိုင်းအစဉ်အဆက် မြင်တွေ့ရတဲ့ နည်းပညာသုံး ပစ္စည်းတွေမှာ ဆန်းသစ်မှုနှုန်းထား အမြင့်ဆုံး ရှိနေတာ ကိုလည်း မြင်တွေ့ကြရတယ်။ Personal Computing & Game အပိုင်းနဲ့ ပတ်သက်ပြီး Intel ရဲ့ ဆဋ္ဌမမျိုးဆက် Core Processor Skylake အစချီပြီး Acer ရဲ့ Gaming PCs များက ထင်ပေါ်မှု အရှိဆုံး ဖြစ်ခဲ့သလို Digital Trend အဖွဲ့ရဲ့ Computing Award အဖြစ် Acer Predator 15 နဲ့ Acer Predator 17 တို့ကို ချီးမြှင့် ခံရတဲ့အထိ ရှိခဲ့တယ်။ Intel Core i7 (Skylake) ကို အသုံးပြုထားပြီး Geforce GTX 980 graphics နဲ့ 32 GB-DDR4-RAM တို့ တပ်ဆင်ပါဝင်တယ်။ Predator 17 မှာ 12W စပီကာ ၄ လုံးနဲ့  Subwoofer ၂ လုံး ထည့်သွင်းပါဝင်ပြီး Predator 15 မှာ 6W စပီကာ ၂ လုံးနဲ့ Subwoofer ၁ လုံး ထည့်ပေးထားတဲ့အတွက် အလွန် အင်အားကောင်းတဲ့ Gaming notebook အဖြစ် မြင်တွေ့ကြရတယ်။ Desktop အမျိုးအစားမှာ Acer Predator G6 နဲ့ G3 တို့ကလည်း ကြွားကြွားရွရွနဲ့ Gaming PCs များအဖြစ် မြင်တွေ့နိုင်ပြီး Tablet အမျိုးအစားအတွက် Predator 8 gaming tablet ကလည်း မြင်တွေ့သူတိုင်း ကြိုက်နှစ်သက်ကြတယ်။

Television & Entertainment အပိုင်းမှာ Panasonic UHDTV (4K) နဲ့ Samsung ရဲ့ ကမ္ဘာပေါ်မှာ ပထမဆုံး ထုတ်လုပ်တဲ့ UHD (Ultra high definition) Blu-ray Player တို့ကိုလည်း မိတ်ဆက် ပြသပေးတာကလည်း ထူးခြားတဲ့ ဆန်းသစ်မှုမြင်ကွင်းတွေ ဖြစ်ပါတယ်။ မကြာမီ ဧည့်ခန်းမကြီးတွေမှာ တင့်တင့် တယ်တယ် ဝယ်ယူ ထားရှိမယ့် ပစ္စည်းတွေလို့ ယူဆရပါလိမ့်မယ်။ နောက်ဆန်း သစ်တဲ့ ပစ္စည်းတစ်မျိုးက LG ရဲ့ Flexible OLED Displays များ ဖြစ်တယ်။ ၅.၃ မီလီမီတာသာ အထူရှိပြီး ၅၅ လက်မအရွယ်အစား ရှိတဲ့ Doublesided OLE Display က ဆွဲဆောင်မှု အပြည့်အဝ ရှိနေ စေတယ်။

အသံပိုင်းဆိုင်ရာနဲ့ ပတ်သက် ပြီး Yamaha YSP-5600  Sound bar က ပြီးပြည့်စုံတဲ့ စပီကာစနစ် ကြီးအဖြစ် မြင်တွေ့လိုက်ကြရတယ်။ သမားရိုးကျ Sound bar လို့ ခေါ်ဆိုစေတဲ့အစား Sound Projector လို့ ခေါ်ဆို သတ်မှတ်ထားတာ တွေ့ရတယ်။ 5.1 Standard နဲ့ 7.1 Standard နှစ်မျိုးနှစ်စားရှိ ပါတယ်။ Dolby Atmos နဲ့ DTS X စနစ် ပေါင်းစပ်ထားတဲ့ အတွက် အထူးအာရုံခံစားမှု ကောင်းစေတယ်။

Personal Communication အပိုင်းမှာလည်း IFA-2015 ပြပွဲ အတွင်း မိုဘိုင်းကိရိယာသစ်တွေ  တော်တော်များများ ပြသခဲ့တယ်။ Digital Trend အဖွဲ့ရဲ့ Mobile Award အဖြစ် Sony Xperia Z5 စီးရီးကို ပေးတယ်။ 4K Display တပ်ဆင်ထားတယ်။ မှန်ကူကွက် ပုံသဏ္ဌာန် Power button လေးထဲမှာ fingerprint sensor လေး တပ်ဆင်ထားပုံက အလွန်နှစ်သက်စရာ ကောင်းတယ်။ Xperia Z5 အပြင် Xperia Z5 Compact တို့ Xperia Z5 Premium တို့ကို အောက်တိုဘာလက စပြီး စီးရီးလိုက် ထုတ်လုပ်ရောင်းချမယ့် အကြောင်း ကြေညာရင်း မိတ်ဆက် တင်ပြသွားတာ ဖြစ်တယ်။ စီးရီးဝင် ၃မျိုး ရဲ့ အသေးစိတ် စာရင်းများ ကွာခြားချက် အနည်းငယ် ရှိတယ်။ ဒါပေမဲ့ Primary Camera ရဲ့ အရည်အသွေးက 23 MP အရည်အသွေးရှိပြီး Secondary Camera က 5.1  MP ရှိကြခြင်းတော့ တူညီကြ တယ်။ အားလုံးမှာ Android OS 5.11 (Lollipop) လည်ပတ်စနစ်နဲ့ လုပ်ကိုင်ပေးစေပါလိမ့်မယ်။

Gadget နဲ့ Home Appliance အပိုင်းမှာလည်း ထူးခြားဆန်းသစ် တဲ့ ပစ္စည်းများနဲ့ မိတ်ဆက် တင်ပြမှုတွေ ရှိခဲ့တယ်။ Wearable Technology အသုံးချ စမတ် နာရီ  ထဲတွင် Samsung Gear S2 ကို လူကြိုက်များကြတဲ့အပြင် Digital Trend ကလည်း Wearable Award အဖြစ် ပေးအပ်ခဲ့တယ်။ Samsung Gear S2 က Apple Watch ကို ရင်ပေါင်တန်းယှဉ် ပြိုင်စိန်ခေါ်နိုင်တဲ့ အခြေအနေရှိ တဲ့အတွက် Asus Zen Watch တို့ ၊ Huawei Watch တို့၊ Moto 360 (2nd Gen) တို့ ၊LG Watch Urbane တို့ထက် ပိုမိုထင်ရှားပေါ် လွင်မှု ရှိသွားတယ်။ ဒါပေမဲ့ Android Watch အားလုံးက  ကိုယ်ပိုင်စတိုင် ကိုယ်ပိုင် ဆန်းသစ်မှုတွေနဲ့ မိတ်ဆက် တင်ပြကြတာ ဖြစ်တာကြောင့် အားလုံးကကြိုက် နှစ်သက်စရာချည်း ဖြစ်နေစေတယ်။

သမားရိုးကျပုံစံနဲ့ ထုတ်လုပ်ကြတဲ့ လက်ပတ်နာရီဈေးကွက်ကိုပင် ထိခိုက်ပျက်စီးစေမလားလို့ ထင်မှတ်စရာ ဖြစ်နေတယ်။ သမားရိုးကျ နာရီ ထုတ်လုပ်မှု လောကမှာ ဈေးနှုန်း ကြီးမားလှတဲ့ Luxury Watch လိုင်းလိုပင် Andorid Watch လိုင်းက ကြီးထွားသွားခဲ့တယ်လို့ ရှုမြင်နိုင်ပါလိမ့်မယ်။

အိမ်သုံး ကိရိယာထဲမှာ Haier Duo Washing Machine ရဲ့ နည်းပညာဆန်းသစ်မှုကို ထူးထူးခြားခြား တွေ့မြင်ကြရတယ်။ Drum နှစ်ခုပါတယ်။ အရောင် အရင့်အနု၊  အထည်အား ကွာခြားမှုအလိုက် သီးခြား အသုံးပြုခွင့်ရနိုင်တယ်။ အဝတ်အထည်ပေါင်း ၁၇ ပေါင် အထိ လက်ခံဆောင်ရွက်ပေးနိုင်တယ်။

၇ လက်မအရွယ် LCD Screen လေးပါရှိပြီး လိုအပ်သလို စီမံကွပ်ကဲမှု ပြုလုပ်နိုင်တယ်။ ပါဝါ သုံးစွဲမှု လျော့နည်းစေတဲ့ အစီအမံက အကြိုက်နှစ်သက်ဆုံး ဖြစ်နေ တယ်။ ဒီလို IFA-2015 က ထင်ဟပ်လာတဲ့ နည်းပညာသုံး ပစ္စည်းထဲက ကောက်နုတ် တင်ပြ သမျှ အားလုံးက မကြာမီဝယ်ယူ အသုံးပြုနိုင်တော့မှာ ဖြစ်ပါကြောင်း တစေ့တစောင်း တင်ပြပေးလိုက်ရပါတယ်။