Hatsune Miku – Project Mirai DX

Hatsune-Miku-–-Project-Mirai-DX1-NAL-Online-gamereview-2015Sep10.jpg

Nintendo Company ရဲ့ ဂိမ်းစက်သစ်အများစုဟာ Region တွေခွဲထားပြီး NTSC-U, PAL နှင့် NTSC-J နယ်မြေတွေ ကွဲပြားနေတဲ့အခါမှာ အသစ်ထွက်တဲ့ ဂိမ်းခွေတိုင်းကို ကစားဖို့ အခက်ကြုံခဲ့ရပါတယ်။ အထူးသဖြင့် NTSC-U version 3DS ဂိမ်းစက်ကို ဝယ်ထားရင် English language ဂိမ်းတွေ အများစုနဲ့ အမြန်ဆုံးထွက်တဲ့ NTSC-U version ဂိမ်းခွေတွေကို ဝယ်ပြီး ကစားနိုင်ပေမယ့်နာမည်ကြီး ဂျပန်ဂိမ်းသီးသန့်တွေကို ကစားလို့ရမှာ မဟုတ်သလို Japan က NTSC-J region ဂိမ်းစက်ကို ဝယ်မိပြန် ရင်လည်း English Version ဂိမ်းတွေ ကစားလို့ရမှာမဟုတ်တော့ သိပ်အဆင်ပြေမှာမဟုတ်သလို ဂျပန်စကားမတတ်ရင်လည်း ကစားရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ အရင်က ဂျပန်ဘာသာ စကားနဲ့ပဲ ထွက်နေကြ Rhythm ဂိမ်းစီးရီးဖြစ်တဲ့ Project Mirai ဂိမ်းရဲ့ English Version ဂိမ်းသစ် Hatsune Miku –  Project Mirai DX ထွက်ရှိလာပြီဖြစ်ပြီး Rhythm ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာတွေ့ရမှာပါ။

Nintendo 3DS ဂိမ်းစက်ရဲ့ 3D display နှင့် Gyro Camera စနစ်ကို အပြည့်အဝ အသုံးပြုနိုင်ခဲ့တဲ့ Hatsune Miku – Project Mirai ဂိမ်းတွေရဲ့ အဆက်ဖြစ်ပြီး အရင်လိုပဲ Vocaloid သီချင်းတွေနဲ့ Song Sythesiser Software တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်လေးတွေ ပါဝင်တဲ့ ဂိမ်းသစ် Hatsune Miku –  Project Mirai DX ဟာ SEGA က ရေးဆွဲထားပြီး Nintendo 3DS ဂိမ်းစက်ပိုင်ရှင် Rhythm ဂိမ်းပရိသတ်တွေ သဘောကျမယ့်ဂိမ်း ဖြစ်ပါတယ်။ Project Mirai 2 မှာ ဂီတပရိသတ်များနှင့် Rhythm ဂိမ်းပရိ သတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Crypton Future Media  ရဲ့ Singing Synthesizer Software နဲ့ Character Vocal (CV) တစ်ယောက်ဖြစ်သူ Hatsune Miku နှင့်အတူ Crypton ရဲ့ အခြား Vocaloid ဇာတ်ကောင်တွေဖြစ်တဲ့ Kaito, Meiko, Rin, Len နှင့် Luka တို့ရဲ့ သီချင်းများ ပါဝင်ပါတယ်။

Project Diva ဂိမ်းတွေထဲမှာ Crypton Future Media က Vocaloid ဇာတ်ကောင်တွေပဲ ပါဝင်ပေမယ့် Project Mirai DX မှာတော့ Internet Co., ရဲ့ Vocaloid character တစ်ယောက်ဖြစ်သူ Gumi နှင့် သူမရဲ့ သီချင်းတွေလည်း ပါဝင်လာပါတယ်။ ပထမဂျပန်မှာပဲဖြန့်ချိခဲ့တဲ့ Project Mirai ဂိမ်းတုန်းကလို 2D ဇာတ်ကောင်ပုံစံမဟုတ်ဘဲ 3D character model ဖြင့်ပါ မြင်တွေ့ရမှာပါ။ Sega ကပဲ PS3 နှင့် PSP တို့မှာ ဖြန့်ချိထားတဲ့ Project Diva ဂိမ်းတွေရဲ့ 3D ဇာတ်ကောင်တွေနဲ့ ပုံစံကွာခြားချက်ကတော့ Project Mirai DX ဂိမ်းထဲက ဇာတ်ကောင်လေး တွေကို သူတို့ရဲ့ ပုံမှန်အရွယ် အတိုင်း မြင်တွေ့ရမှာ မဟုတ်ဘဲ၊ Good Smile Company မှ ထုတ်လုပ် တဲ့ ခေါင်းကြီးကိုယ်သေး Nendoroid အရုပ်ပုံစံမျိုးလေးတွေနှင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ သီချင်းအများစုမှာ 3D ဇာတ်ကောင်တွေ ပါဝင်သလို သူတို့ရဲ့ မူရင်း Music Video တွေကို 3D version နဲ့ကြည့်နိုင်မယ့် PV တွေလည်း ပါဝင်ပါတယ်။ အချို့သီချင်းတွေကို difficulty level မျိုးစုံပြောင်းဆော့ပြီးရင် ဇာတ်ကောင်ပြောင်းတိုင်း အဆိုတော်အသံပါ ပြောင်းနိုင်မယ့် vocal option ကိုလည်း ထည့်သွင်းထားပါတယ်။

Gameplay ပိုင်းအနေနဲ့ Rhythm game ဖြစ်တဲ့အတိုင်း 3DS ရဲ့ A, B, X, Y ခလုတ်တွေကို သီချင်းရဲ့ စည်းချက်အတိုင်း လိုက်နှိပ်ရမှာဖြစ်ပြီး ပထမဂိမ်းတုန်းကလို နာရီလက်တံသွားတဲ့ပုံစံ စက်ဝိုင်းလေးတွေမှာ ခလုတ်လိုက် နှိပ်ရတာ မဟုတ်တော့ဘဲ Upper Screen တစ်လျှောက် စည်းချက်အလိုက် ပြေးနေတဲ့ လိုင်းကလေး ပေါ်ကသွားပြီး music note lines လေးတွေမှာ ပေါ်တဲ့ ခလုတ်တွေကို နှိပ်ရမှာပါ။ နောက်ထက် gameplay option တစ်ခုကတော့ Taiko Drum ဂိမ်းတွေမှာလို Touch control နဲ့ကစားနိုင်တဲ့ game mode ဖြစ်ပြီး ပုံမှန် screen ပေါ်ကို လိုက်ထိရုံ မဟုတ်ဘဲ screen ရဲ့ ဘယ်ဘက်၊ အပေါ်ဘက် အစရှိတဲ့ အရပ်လေးမျက်နှာကိုပါ လိုက်ရွေ့ ပေးရမှာပါ။ Easy, Normal နှင့် Hard difficulty သုံးခုပါဝင်ပြီး ခလုတ်လိုက်နှိပ်ရတဲ့ gameplayကတော့ touch gameplay ထက် ပိုခက်သလို Hard mode နဲ့ ကစားရင် ပိုအရသာရှိမှာ ဖြစ်ပါတယ်။

သီချင်းတွေအနေနဲ့ကတော့  Electro Pop ကနေ Rock နှင့် Jazz ပုံစံသီချင်းတွေအထိ မျိုးစုံပါဝင်ပါတယ်။ နာမည်ကြီး Vocaloid သီချင်းဖန်တီးသူ Producer တွေရဲ့ လူကြိုက်အများဆုံးနဲ့ ရောင်းအကောင်းဆုံးသီချင်းတွေ စုထားပြီး Happy Synthesizer, Melancholic, Deep Sea Girl တို့လို ပထမ Project Mirai ဂိမ်းထဲက သီချင်းအားလုံးပြန်ပါပါတယ်။The Celestial Fox, Payapaya Kitten လိုမျိုး သီချင်းသစ်တွေနဲ့ Project Diva game series မှာပဲ ပါဖူးတဲ့ Romeo and Cinderella နှင့် Senbonzakura လိုမျိုး သီချင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။ ဂိမ်းကစားရင်း ရရှိတဲ့ Points တွေနဲ့လည်း Costumes (Modules) အသစ်တွေကို ဝယ်ယူနိုင်မှာပါ။  ပုံမှန် Accessories အပြင် idol တွေကို လက်ဆောင်တွေ၊ သူတို့အတွက် ကိုယ်ပိုင်အခန်းတွေ ပြင်ဆင်ပေးနိုင်မယ့် Diva room-simulation ဂိမ်းအသေးစားလေးလည်း ထည့်သွင်း ပေးထားပါသေးတယ်။ Rhythm ဂိမ်းကစားရတာ ပျင်းလာရင်လည်းပြောင်းကစားနိုင်အောင် Othello နှင့် Sega ရဲ့ Puyo Puyo လိုမျိုး mini-game လေးတွေကိုလည်း ထည့်သွင်း ပေးထားပါသေးတယ်။

Hatsune Miku – Project Mirai DX ဂိမ်းသစ်ဟာ English ဘာသာစကားဖြင့် ပထမဆုံး ထွက်ရှိလာတဲ့ Project Mirai ဂိမ်းဖြစ်ပြီး Rhythm ဂိမ်းပရိသတ်တွေနှင့်အတူ အရင်က ဂျပန်စကားနဲ့ပဲ ထွက်ထားလို့ Diva Room function တွေကို အပြည့်အဝ အသုံးမချခဲ့ရသူတွေပါ အကြိုက်တွေ့မယ့် ဂိမ်းကောင်း ဖြစ်ပါတယ်။