Apple iPhone 6S နှင့် 6S Plus အကြောင်း သိကောင်းစရာ (၁၀) ချက်

2iphone-6s.jpg

Apple ရဲ့ iPhone သစ်များက ထွက်ပေါ်လို့ လာခဲ့ပါပြီ။ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ Bill Graham Civic Auditorium မှာ ပြုလုပ်ခဲ့တဲ့ Hey Siri ပွဲမှာ iPhone 6S နဲ့ 6S Plus ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

ဒီစမတ်ဖုန်းသစ်တွေနဲ့ ပတ်သက်ပြီး Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က “သူတို့နဲ့ ရင်းနှီးနေသလို ခံစားရနေပေမယ့် ကျွန်တော်တို့က ဒီ iPhone တွေနဲ့ ပတ်သက်ပြီး အရာအားလုံးကို ပြောင်းလဲထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် Apple ရဲ့ နောက်ဆုံးပေါ် iPhone မှာ ပါဝင်လာတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးသိထားဖို့ လိုအပ်တဲ့အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါတယ်။

3D Touch

အသစ်ထွက်ပေါ်လာတဲ့ iPhone တွေမှာ 3D Touch လို့ခေါ်တဲ့ လုပ်ဆောင်ချက်သစ် ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်ချက်သစ်ဟာ iPhone သစ်တွေရဲ့ screen မှာ လက်ချောင်းနဲ့ ဖိနှိပ်တဲ့အားအပေါ် မူတည်ပြီးမတူညီတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ သုံးစွဲသူက selfie ဓာတ်ပုံရိုက်မယ် ဒါမှမဟုတ် အိမ်ပြန်ဖို့အတွက် လမ်းညွှန်ချက် ရယူမယ်စတဲ့ လုပ်ဆောင်ချက်တွေကို လျင်မြန်တဲ့နည်းနဲ့ ပြုလုပ်နိုင်ပါလိမ့်မယ်။ Message တစ်စောင် ဝင်လာတဲ့ အခါမှာလည်း browser ကို ဖွင့်စရာမလိုဘဲ web link တစ်ခုကို preview ကြည့်နိုင်စေပါ လိမ့်မယ်။

ဒါ့အပြင် document icon တစ်ခုကို စက္ကန့်အတန်ကြာ ဖိထားပြီး preview ကြည့်နိုင်ပါတယ်။ Email တစ်စောင်ထဲက လိပ်စာတစ်ခုကို ဖိထားလိုက်ရင်လည်း မြေပုံတစ်ခုကို ဖော်ပြပေးပါလိမ့်မယ်။ အချို့ဗီဒီယို app တွေမှာဆိုရင် screen ပေါ်ဖိတဲ့အားအလိုက် အရှေ့၊ အနောက် ရစ်တာကို လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။

ပိုမိုကောင်းမွန်လာတဲ့ 4G နဲ့ Wi-Fi စွမ်းဆောင်ရည်

Apple ဟာ iPhone 6s နဲ့ iPhone 6s Plus ရဲ့ wireless ချစ်ပ်တွေကို အဆင့်မြှင့်တင် ပေးခဲ့ပါတယ်။ ဒီချစ်ပ်တွေဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ပေးခဲ့တဲ့ iPhone ထက် အချက်အလက် download/upload  ပြုလုပ်မှုကို နှစ်ဆပိုမို လျင်မြန်စေပါတယ်။

တန်ဖိုး

iPhone 6S နဲ့ 6S Plus ကို ယခင်အမျိုးအစားရဲ့ တန်ဖိုးအတိုင်း ရောင်းချမယ်လို့ Apple က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် iPhone 6S ကို 16GB အတွက် ၆၄၉ ဒေါ်လာ၊ 64GB အတွက် ၇၄၉ ဒေါ်လာနဲ့ 128GB အတွက် ၈၄၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ iPhone 6S Plus အတွက်ကတော့ 16GB ကို ၇၄၉ ဒေါ်လာ၊ 64GB ကို ၈၄၉ ဒေါ်လာနဲ့ 128GB ကို ၉၄၉ ဒေါ်လာ ကျသင့်ပါလိမ့်မယ်။

လျင်မြန်တဲ့  fingerprint sensor

iPhone 6S နဲ့  6S Plus မှာသုံးထားတဲ့ TouchID finger print sensor ဟာ ယခင် iPhone တွေနဲ့ iPad တွေမှာ သုံးထားတာထက် နှစ်ဆ ပိုမိုလျင်မြန်ပါတယ်။

လျင်မြန်တဲ့ ပရိုဆက်ဆာ

iPhone 6S နဲ့ 6S Plus မှာ 64 bit A9 ချစ်ပ်သစ်နဲ့ M9 motion coprocessor တို့ကို အသုံးပြုထားပါတယ်။ ဒါကြောင့် app တွေကို အသုံးပြုတဲ့အခါမှာ  ၇၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်ပြီး ဂရပ်ဖစ်အနေနဲ့လည်း ၉၀ ရာခိုင်နှုန်း လျင်မြန်လာတယ်လို့ Apple က ဆိုပါတယ်။

ရောင်းချမယ့်အချိန်

iPhone 6S နဲ့ iPhone 6S Plus ကို စက်တင်ဘာ ၁၂ ရက်မှာ အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်နဲ့ ဂျပန်တို့မှာ ကြိုတင်မှာယူမှု စလုပ်နိုင်ပါမယ်။ တင်ပို့ရောင်းချမယ့်နေ့ကတော့ စက်တင်ဘာ ၂၅ ရက် ဖြစ်ပါတယ်။


အရောင်အသစ်

 

iPhone 6S နဲ့ 6S Plus ကို ငွေရောင်၊ ရွှေရောင်နဲ့ မီးခိုးရောင်အပြင် ပန်းရောင်သမ်းတဲ့ ရွှေရောင် (rose gold) နဲ့ ရရှိနိုင်ပါတယ်။

 

ပိုမိုအကြမ်းခံတဲ့ ကိုယ်ထည်

iPhone 6S နဲ့ 6S Plus ဒီဇိုင်းဟာ iPhone 6, 6 Plus ဒီဇိုင်းနဲ့ တူပေမယ့် ပိုမိုတောင့်တင်းခိုင်မာတဲ့ သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ အရည်အသွေးမြင့်မားတဲ့ 7000 အလူမီနီယံသတ္တုစပ်ကို အသုံးပြုထားတာကြောင့် စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ သတ္တုတွေထက် ပေါ့ပါးပြီး ၆၀ ရာခိုင်နှုန်း ပိုမိုတောင့်တင်း ခိုင်မာတယ်လို့ Apple က ပြောကြားထားပါတယ်။ ဒါ့အပြင် touchscreen မှာ အသုံးပြုထားတဲ့ ဖန်သားပြင်ဟာလည်း ယခင်ထက် ပိုပြီးခိုင်ခံ့တယ်လို့ ဆိုထားပါတယ်။

12MP ကျောဘက်ကင်မရာ

iPhone 4S ကတည်းက 8MP sensor ကို သုံးလာခဲ့တဲ့ Apple ဟာ iPhone 6S နဲ့ iPhone 6S Plus မှာ 12MP ကျောဘက်ကင်မရာကို အသုံးပြုခဲ့ပါတယ်။

iPhone အသစ်တွေမှာ ပါဝင်တဲ့ ကင်မရာဟာ ယခင်ထက် ပိုမိုကောင်းမွန်ပြီး အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်တယ်လို့ Apple က ပြောကြားထားပါတယ်။ နောက်ပြီး 63MP resolution ရှိတဲ့ panorama မြင်ကွင်းနဲ့ ရိုက်ကူးနိုင်သလို 4K ဗီဒီယိုတွေကို ဖမ်းယူနိုင်ပါတယ်။

5MP selfie ကင်မရာ

Selfie ကင်မရာကိုလည်း Apple က အဆင့်မြှင့် ပေးထားပါတယ်။ iPhone 6 နဲ့ 6 Plus မှာပါဝင်တဲ့ 1.2MP ကင်မရာက iPhone 6S နဲ့ 6S Plus မှာ 5MP အထိ ရှိလာပါတယ်။

Front-facing LED flash ထောက်ပံ့မပေးထားပေမယ့် ကြည်လင်တဲ့ selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် Apple က  Retina Flash လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဒီ  feature ဟာ screen ရဲ့ အလင်းကို သုံးဆပိုမိုစေပြီး ကျောဘက်က dual-LED flash နဲ့ ယှဉ်နိုင်တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Apple က Live Photos လို့ခေါ်တဲ့ feature တစ်ခုကို Camera app မှာထည့်သွင်းခဲ့ပါတယ်။ ဒီ feature ဟာ ၁.၅ စက္ကန့် ဗီဒီယိုကို ဖမ်းယူပြီး animated GIFတွေ ဖန်တီးပေးနိုင်ပါတယ်။

-Ref: CNET