မျိုးဆက်သစ် iPad Mini နှင့် iPad Pro တို့ကို Apple ထုတ်ဖော်ပြသ

ipad-pro-announcement-SH-cnet-2015sept10.jpg

Apple အနေဖြင့် ဆန်ဖရန်စ္စကိုမြို့တွင် နှစ်စဉ်ပြုလုပ် နေကျပွဲတွင် iPad Mini 4 နှင့် iPad Pro တို့ကို မိတ်ဆက်ခဲ့သည်။

မျက်နှာပြင် ၈လက်မအရွယ်ရှိ iPad Mini 4 ၏အထူမှာ ၀.၂၄ လက်မ (၆.၁ မီလီမီတာ) ရှိပြီး အလေးချိန်မှာ ၀.၆၅ ပေါင် (၂၉၈.၈ ဂရမ်) ရှိသည်။ ၎င်းတွင် A8 ပရိုဆက်ဆာအပြင် 2048 x 1536 ရုပ်ထွက် အရည်အသွေးနှင့်အတူ Retina Display ပါဝင် လာသည်။

iPad Mini 4 သည် အရွယ်အစား သေးငယ်သော tablet စိတ်ဝင်စား သူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နည်းပညာမြင့် ထုတ်ကုန်တစ်မျိုး ဖြစ်သည်။ iPad Mini 4 ၏ 16GB ဗားရှင်းကို ကန်ဒေါ်လာ ၃၉၉၊ 64GB ဗားရှင်းကို ကန်ဒေါ်လာ ၄၉၉ နှင့် 128GB ဗားရှင်းကို ကန်ဒေါ်လာ ၅၉၉ ဖြင့်ရောင်းချ သွားမည်ဖြစ်သည်။ အကယ်၍ 4G LTE အသုံးပြုနိုင်သည့် iPad Mini 4 ထုတ်ကုန်များသည် ကန်ဒေါ်လာ ၁၃၀ ပိုမိုကျသင့်မည် ဖြစ်သည်။

Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်က ပွဲအတွင်း လူအများ စိတ်ဝင်စားလျက်ရှိသော iPad Pro အား ကိုယ်တိုင်ထုတ်ဖော် ပြသခဲ့သည်။ မျက်နှာပြင် အရွယ်အစား ၁၂.၉ လက်မရှိ iPad Pro ကိုလက်နှစ်ဖက်ဖြင့် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး တစ်ခြမ်းစီတွင် app ၂ ခုအသုံးပြုနိုင်မည် ဖြစ်သည်။ Apple အနေဖြင့် အလွန်ပါးလွှာပြီး iPad Pro ကာဗာအဖြစ် အသုံးပြုနိုင်သည့် smart keyboard ကို မိတ်ဆက်ခဲ့ကာ ၎င်းကို အထူးပြုလုပ်ထားသော အထည်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ Appleမှ iPad Pro ဖြင့်တွဲဖက် အသုံးပြုနိုင်သော Pencil ထုတ်ကုန်သစ်ကိုလည်း မိတ်ဆက်ခဲ့သေးသည်။

“ငါးနှစ်အတွင်း iPad ဟာ ကျွန်တော်တို့ သင်ယူသလို အလုပ်လုပ်ကိုင်သလို ဖန်တီးသလို အဆင့်ဆင့် ပြောင်းလဲလာပါတယ်။ iPad Pro ဟာ ကျွန်တော်တို့ ဖန်တီးသမျှထဲမှာ လုပ်ငန်းပိုင်း ကျွမ်းကျင်စွာ ဆောင်ရွယ်နိုင်တဲ့ iPad ဖြစ်ပါတယ်’ဟု တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။ iPad Pro storage 32 GB ကို ကန်ဒေါ်လာ ၇၉၉ ဖြင့် စတင်ရောင်းချကာ နိုဝင်ဘာလတွင် စတင်ရောင်းချသွားမည် ဖြစ်သည်။ Keyboard နှင့် pencil တို့ကိုမူ ကန်ဒေါ်လာ ၁၆၉ နှင့် ၉၉ ဟူ၍ အသီးသီး ရောင်းချသွားမည် ဖြစ်သည်။

Ref : CNET