Facebook ပေါ်က အမုန်းစကား ဖြန့်ချိမှုများ အရေးနှင့် ပတ်သက်၍ ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

_MG_8018.jpg

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ နီးကပ်လာနေသည်နှင့် အမျှ လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်သည့် Facebook ကို အသုံးပြုနေသည့် Account အရေအတွက်သည် ယခုရက် သတ္တပတ်အတွင်း ၆ သန်းကျော် ရှိလာပြီ ဖြစ်သည်။ တစ်ရက်လျှင် Account အသစ် ဖွင့်လှစ်သည့် အရေအတွက်မှာ ၃ သောင်း နီးပါး ရှိလာသည်။ ထို့အပြင် အဆိုပါ လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် မိမိ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို အတိအကျ မဖော်ပြထားသော Account အတုများနှင့် ဝါဒဖြန့်မှုများ ပြုလုပ်နေသည့် Account များလည်း အများအပြား ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲ ကာလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ အမုန်းစကားရေးသားသူ၊ ဖြန့်ဝေသူများကို Facebook နှင့်ပူးပေါင်း၍ သတင်းပို့ စနစ်ဖြင့် ဖယ်ရှားခြင်း၊ အသိပညာပေးခြင်းများကို ပြုလုပ်သွားမည် ဆိုခြင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ အဖြစ်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ကို အင်တာနက်ဂျာနယ်မှ ဆက်သွယ် မေးမြန်းထားသည်များ ကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

ပထမဆုံးအနေနဲ့ မေးမြန်းလိုတာကတော့ မြန်မာအစိုးရနဲ့ Facebook တို့အကြား လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမုန်းစကား (Hate Speech) တွေ ကို ရေးသားသူ၊ ဖြန့်ဝေသူတွေကို ထိန်းချုပ်မယ်လို့ ကြားသိထားရပါတယ်ရှင့်။ အခုလိုမျိုး Facebook နဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ဖြစ်လာပုံကို ဝန်ကြီးက အသေးစိတ် ရှင်းလင်း ပြောကြားပေးပါဦးရှင့်။

အစိုးရနဲ့ Facebook ပူးပေါင်းဆောင်ရွက်မှုအပေါ် လူတွေက အထင်မှားနေတာပါ။ တကယ်တော့ ထိန်းချုပ်ဖို့ ဆောင်ရွက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှုမှာ အပိုင်း နှစ်ပိုင်းပါတယ်။ ပထမပိုင်းက Facebook အသုံးပြုတဲ့အခါမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို အသိပညာပေးတဲ့ အပိုင်း၊ နောက်တစ်ပိုင်းက အမုန်းစကား ရေးသားတဲ့ အကောင့်တွေ တွေ့ရင် Facebook ရဲ့ သတ်မှတ်ချက် အတိုင်း သတင်းပို့မယ်။ သူတို့က စိစစ်ပြီး Facebook ရဲ့ကျင့်ဝတ်များကိုရဲ့ ချိုးဖောက်တယ်လို့ ယူဆရင် သူတို့ စည်းမျဉ်း အတိုင်း ဖယ်ရှားတာမျိုး လုပ်မယ်။ မြန်မာအစိုးရက သူတို့ကို ဘယ်ဟာကို ပိတ်ပါ၊ ဖြုတ်ချပါလို့ ပြောလို့ မရပါဘူး။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အမုန်းစကား ရေးသားသူတွေကို အရေးယူမယ်ဆိုတာ ဘယ်လို ပုံစံမျိုးတွေနဲ့ အရေးယူမှာပါလဲ။ ပြုလုပ်သူကို ရှာဖွေဖော်ထုတ် အရေးယူမှာလား ဒါမှမဟုတ် account ကို ပိတ်သိမ်းပစ်တာမျိုးလား ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်သွားမှာပါလဲ ဆိုတာ အသေးစိတ် သိပါရစေရှင်။

အရေးယူတာကတော့ Facebook နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်တွင်း ဥပဒေများနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ချဉ်းကပ်မှု ကတော့  အရေးယူတာထက်  Facebook ကို စနစ်တကျသုံး တတ်အောင်၊ Facebook ပေါ်က သတင်းတွေကို စနစ်တကျ စိစစ်ပြီးမှ လက်ခံတတ်အောင် ပညာပေးဖို့ပါပဲ။  အကောင့်တုတွေနဲ့ လုပ်နေတာကို ဖော်ထုတ်အရေးယူဖို့ ဆိုတာ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။

အမုန်းစကားရေးသားသူတွေ အပြင် ထပ်ဆင့်ဖြန့်ဝေသူတွေကိုရော ဘယ်လိုဆောင်ရွက်ဖို့ ရှိပါလဲ။

ဒါက ခုနကပြောတဲ့ အသိပညာ ပေးမှုနဲ့ ပိုဆိုင်ပါတယ်။ မိမိ ကလစ် (click) တစ်ချက်ကြောင့် ကမ္ဘာ ပျက်သွားနိုင်တယ် ဆိုတာ Facebook သုံးတဲ့သူတွေ နားလည်အောင် ပညာပေးခြင်းကပဲ အထိရောက်ဆုံး ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်ချက်မှာ Hate Speech ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို ဘယ်လို အချက်အလက်တွေနဲ့ တိုင်းတာမှာပါလဲ။  Hate Speech အဖြစ် သတ်မှတ်ချက်ကိုရော ဘယ်သူတွေက သတ်မှတ် ဆောင်ရွက်မှာပါလဲရှင့်။ ပြီးတော့ အခုလို အမုန်းစကားတွေကို အရေးယူမယ်ဆိုတာမှာ အဓိက စောင့်ကြည့်သူက မြန်မာ အစိုးရဘက်ကဖြစ်မလား Facebook ဘက်က ဖြစ်မလား။

အစိုးရ အပါအဝင် Facebook သုံးစွဲသူတိုင်းက အမုန်းစကားဖြစ်စေတယ်။ ညစ်ညမ်းတယ်လို့ ယူဆရင် Facebook ကို သတင်းပို့ လို့ရပါတယ်။ Facebook အဖွဲ့က စိစစ်ပြီး သူတို့စံအရ အမုန်းစကား ဖြစ်တယ်၊ ညစ်ညမ်းတယ်လို့ သတ်မှတ်ရင် သူတို့ကပဲ ဆက်ပြီး ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ကတော့ Facebook ကို သူ့ဆီမှာ မြန်မာဘာသာစကား  ကျွမ်းကျင်သူတွေ တိုးချဲ့ တာဝန်ပေးဖို့ ပြောတာပဲရှိပါတယ်။

အမုန်းစကားရေးသားသူ၊ ဖြန့်ဝေသူလို့ သတ်မှတ်ခံရပြီး အရေးယူခံရမယ်ဆိုရင် တစ်ဖက်မှာ ကာယကံရှင်က သူရေးထားတာတွေ ဟာ Hate Speech တွေ မဟုတ်ပါဘူးလို့ မှတ်ယူမယ်ဆိုရင် သူ့အတွက် ဥပဒေအရ ဘယ်လို အကာအကွယ်တွေ ရှိမလဲရှင့်။

နိုင်ငံတကာမှာတောင် အင်တာနက်နဲ့ ပတ်သက်တဲ့ ဥပဒေ စည်းမျဉ်းတွေက တိတိကျကျ မဖြစ်သေးဘူး။ နည်းပညာရဲ့ ခုန်ပျံ ကျော်လွှား တိုးတက်မှုက ဥပဒေ ထက်ပိုမြန်နေတာကိုး။ ဒါ့ကြောင့်  ကျင့်ဝတ်ပိုင်းဆိုင်ရာ အသိပညာပေးမှုက ပိုအရေးကြီးတယ်လို့ ကျွန်တော်တို့က လက်ခံထားတာပါ။

မြန်မာနိုင်ငံမှာ Facebook  သုံးစွဲနေတဲ့ account အရေအတွက်က ၆ သန်းထိရှိလာပါပြီ။ ဒီအရေအတွက်မှာ account အတုနဲ့ ကိုယ်ရေးရာဇဝင် (profile) အမှန် မဖော်ပြတဲ့ အတုအယောင် သုံးစွဲတဲ့ အရေအတွက်ကို ဘယ်လောက် အထိ ခန့်မှန်းမိပါလဲရှင့်။

အဲဒါတော့ မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အောက်မှာလာရေးတဲ့ Commentတွေ၊ Like လုပ်သူ၊ Share လုပ်သူတွေ ကို စံထားပြီးတိုင်းရင်တော့ ၆၀% လောက်က အတုတွေပဲ။ 

Facebook ပေါ်မှာ အမည်မှန်မဖော်ပြတဲ့ profile အတုနဲ့ account အတုတွေထဲမှာ အစိုးရ အဖွဲ့အစည်းကိုဖြစ်စေ၊ တခြား အဖွဲ့အစည်း တစ်ခုခုကို ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ ဝါဒဖြန့်တဲ့ account တုတွေလည်း ရှိနေပါတယ်။ အဲ့ဒီလို သတင်းအမှား တွေနဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတဲ့ account တုတွေကိုရော အစိုးရဘက်က အရေးယူဖို့ ရှိပါသလား။

ဖော်ထုတ်လို့ ရရင်တော့ သက်ဆိုင်ရာ ဥပဒေများအရ အရေးယူမှာပါ။ ဥပမာ ဆည်ကျိုးပြီလို့ လုပ်ကြံတင်တာမျိုးကို သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေအရ အရေး ယူတာမျိုးပေါ့။

ပြည်တွင်းမှာ ရက်သတ္တပတ် ငါးပတ်အတွင်း Facebook account အသစ်ပြုလုပ်တဲ့ အရေအတွက်က ၈ သိန်းလောက် ရှိတယ်လို့ နည်းပညာ အသိုင်း အဝိုင်းက ပြုလုပ်ထားတဲ့ သုတေသန အချက်အလက်တွေအရ သိရပါတယ်။ ဒီပမာဏထဲမှာ ဘယ်လို သုံးစွဲသူတွေ ပါဝင်နိုင်မယ်လို့ အန်ကယ် ခန့်မှန်းပါလဲရှင့်။

အတော်များများက ရွေးကောက်ပွဲ အကြိုကာလမှာ မိမိထောက်ခံသူများ အတွက် မဲဆွယ်ပေးဖို့၊  ရွေးကောက်ပွဲ သတင်းတွေ သိနိုင်ဖို့ ဖြစ်နိုင်ပါတယ်။ အဖျက် သဘော လုပ်ချင်တဲ့သူတွေလည်း ပါနိုင်ပါတယ်။ အဲဒီလို လူတွေ မများပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။

အခုဆိုရင် ပြည်တွင်းက နေ့စဉ် သတင်းစာနဲ့ သတင်းဌာနတွေရဲ့ Facebook အသိအမှတ်ပြု တရားဝင် သတင်းစာမျက်နှာတွေနဲ့ ပုံစံတူ Page အတုတွေ ထွက်ပေါ်နေပါတယ်။ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဒီလို စာမျက်နှာအတု ပြုလုပ်သူတွေကိုရော အရေးယူဖို့ ရှိပါသလားရှင်။ ရှိခဲ့မယ် ဆိုရင် ဘယ်လိုပုံစံနဲ့ အရေးယူမယ် ဆိုတာ သိပါရစေ။

 Facebook ကိုတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး အတုတွေကို တိုင်ကြားလာရင် စိစစ်ပြီး ဖြုတ်ချပေးဖို့ ညှိနှိုင်းထားပါတယ်။ မကြာခင်က 7Day News အကောင့် တု ကိုလည်း Facebook က ဖြုတ်ချ ပေးတယ်လို့ သိရပါတယ်။

အခုလို မြန်မာအစိုးရနဲ့  Facebook တို့ပူးပေါင်း လုပ်ဆောင်မယ့် လူမှုကွန်ရက် စာမျက်နှာတွေပေါ် အမုန်း စကားဖြန့်ဝေသူတွေကို အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်ကို ဘယ်လောက်အထိ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါလဲ။ ဒီအစီအစဉ် အောင်မြင်မှု ရှိမယ်၊ အမုန်းစကား ဖြန့်ဝေသူတွေ၊ ရေးသားသူတွေ လျော့နည်းသွားမယ်လို့ ဘယ်လောက် ရာခိုင်နှုန်းအထိ မျှော်မှန်းထားပါသလဲ။

ဒီတစ်ခုထဲနဲ့တော့ အမုန်းစကားတွေ လျော့သွားအောင် လုပ်လို့ မရပါဘူး။ ဒါဟာ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ ပညာရေး အဖွဲ့အစည်းတွေပါ ပါဝင်ပြီး လူထု လှုပ်ရှားမှု အသွင် လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုက အစပျိုး ပေးတာပဲရှိပါတယ်။ ပန်းစကားလှုပ်ရှားမှုလို လှုပ်ရှားမှုတွေ များများပေါ်လာရမယ်။ ပါတီတွေ ကိုယ်တိုင်က မိမိတို့ ပါတီ ထောက်ခံသူတွေကို ပညာပေးရမယ်။ အပေါင်းအသင်းတွေက မိမိတို့ အထဲက ရေးသူရှိရင် တားရမယ်။ ဥရောပ နိုင်ငံတွေမှာလို နိုင်ငံရေးသမား၊ အားကစားသမား၊ အနုပညာရှင်၊ ဘာသာရေး ခေါင်းဆောင်စတဲ့ ထင်ရှားသူတွေက ဒါမျိုးရေးတာ ပြောတာကို ဆန့်ကျင်ရမယ်။

ရွေးကောက်ပွဲကာလမှာ ပေါ်ထွက်လာနိုင်တဲ့ အမုန်းစကားရေးသားမှု၊ ဖြန့်ဝေမှုတွေထဲမှာ ပြုလုပ်သူတွေဟာ မည်သူတစ်စုံတစ်ဦး ဖြစ်နေပါစေ  ဥပဒေအတိုင်း အရေးယူ မှာပါလား။ အရေးယူမှုတွေဟာ တိကျ မှန်ကန်မျှတမှုတွေ ဖြစ်လာအောင် မြန်မာအစိုးရက Facebook နဲ့ ဘယ်လို သဘောတူညီ ချက်တွေ ရှိထားပါလဲ။

ဥပဒေအရ Facebook နဲ့ ဘာမှ ညှိမထားပါဘူး။ ပညာပေးရေးနဲ့ reporting system ရှိရေးကိုပဲ ပူးပေါင်း ဆောင်ရွက်နေတာပါ။ ဒီဆောင်ရွက်မှုဟာ အင်တာနက် လွတ်လပ်ခွင့်ကို ထိခိုက်ဖို့ မဟုတ်ပါဘူး။

လူမှု ကွန်ရက် စာမျက်နှာတွေပေါ်မှာ အခုလို အမုန်းစကား ဖြန့်ဝေသူတွေကို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်တာ အပြင်ကွန်ရက်ပေါ်က အနိုင်ကျင့်ခြင်း ဆိုတဲ့ အဖွဲ့အစည်း တစ်ခုခုကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် အခြား Cyberbully လုပ်တာတွေ ကိုရော အရေးယူဖို့ရှိပါလား။

Cyber မှုခင်းထဲမှာ အကျုံးဝင်တာမှန်သမျှ ဥပဒေမရှိသေးရင် ဥပဒေရှိအောင်၊ ဥပဒေရှိရင် အ ကောင် အထည်ဖော်နိုင်အောင်၊  နောက်ပြီး သုံးစွဲသူတွေ အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိအောင် ပညာပေးဖို့ စတာတွေ အားလုံး ဆက်လုပ်သွားရမှာပါ။

အသုံးပြုနေတဲ့ account အရေအတွက် ၆ သန်းလောက်ရှိနေတဲ့ အထဲမှာ အမုန်းစကား ရေးသား ဖြန့်ဝေသူတွေကို အရေးယူတဲ့ အခါ ဘယ်လို အခက်အခဲတွေ ရှိနိုင်မလဲ။

အကောင့်တုတွေကို ဖော်ထုတ်နိုင်ဖို့ ခက်ခဲတယ်။ နောက်ပြီး အမုန်းစကားကို တားမြစ်ခြင်းနဲ့ အင်တာနက်ပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိခြင်းကို ခွဲခြား နားလည်ဖို့ လိုပါတယ်။ ဒါဟာ အဓိက အခက်အခဲနှစ်ခုပါပဲ။

Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမုန်းစကား ရေးသား ဖြန့်ဝေသူတွေကို အရေးယူ ဆောင်ရွက်မယ်ဆိုတာမှာ အစိုးရ အဖွဲ့ဝင် ပုဂ္ဂိုလ် တစ်ဦးဦးက ဝါဒဖြန့်တဲ့ အရေးအသားသော် လည်းကောင်း အခြားအဖွဲ့အစည်း တစ်ခုခုကို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တဲ့ အရေးအသားသော် လည်းကောင်း၊ အမုန်းစကားလို့ သတ်မှတ်လို့ရတဲ့ အရေးအသားသော် လည်းကောင်း ရေးသားခဲ့မယ် ဆိုရင်ရော ဘယ်လို ဆောင်ရွက်ဖို့ ရှိပါလဲ။

အစိုးရ အဖွဲ့ဝင်ဖြစ်ဖြစ် အခြားကဏ္ဍ နယ်ပယ်တစ်ခုခုက ထင်ရှားသူ တစ်ဦးဦးဖြစ်ဖြစ် အဲဒီလိုစကားမျိုး ရေးသားခဲ့၊ တဆင့်ဖြန့် ဝေခဲ့တယ်ဆိုရင် ပထမဆုံး ကျင့်ဝတ် အရ ရင်ဆိုင်ရမှာပေါ့။ ဥပဒေ ချိုးဖောက်တဲ့ အဆင့်ဆိုရင်တော့ ဥပဒေ အရ ရင်ဆိုင်ရမှာပေါ့။ နိုင်ငံတကာက အမုန်းစကားကို တိုင်းတာအကဲဖြတ်တဲ့ အခါ ပြောတဲ့ အကြောင်းအရာအပြင် ပြောဆိုသူရဲ့ အရေးပါမှု၊ ကျယ်ပြန့်မှုနဲ့လည်း တိုင်းတာတယ်။ ဥပမာ။ သာမန် လူတစ်ယောက် တင်တဲ့ ပို့စ်ကို အမုန်းစကားဖြစ်ပေမယ့် အဲဒီစကားကိုပဲ ထင်ရှားသူ တစ်ယောက်က ပြောရင် ပိုပြီး ကျယ်ပြန့်နိုင်တဲ့ အတွက် တာဝန်ပိုရှိတာပါ့။ ဒီနေရာမှာ သတင်းသမားတွေလည်း သတိထားပြုသင့်ပါတယ်။ ဒိန်းမတ်လို နိုင်ငံမျိုးမှာဆိုရင် စာနယ်ဇင်း သမားများရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်၊ တွစ်တာမှာ ရေးသားချက်တွေကို စာမျက်နှာပေါ်မှာ ရေးသလိုပဲ စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာဖို့ သတ်မှတ်ထားတယ်။

နောက်ဆုံး မေးမြန်းလိုတာကတော့ အခုလို အင်တာနက် သုံးစွဲခွင့် လွတ်လပ်မှု ရှိလာတဲ့ အခြေအနေမှာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ အမုန်းစကားရေးသား ဖြန့်ဝေနေသူတွေဘက်က နေရော ဘယ်လို နားလည်မိပါလဲရှင့်။ သူတို့ဘာကြောင့် အခုလို အမုန်းစကားလို့ သတ်မှတ်နိုင်တဲ့ ရေးသားမှုတွေကို ရေးသားကြတယ်လို့ ဝန်ကြီး ထင်မြင်မိပါလဲ။

နှစ်ပေါင်းများစွာ သတင်း ငတ်မွတ်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုက ရလာတဲ့ လွတ်လပ်ခွင့်ကို အသုံးပြုတဲ့အခါ အနည်းနဲ့ အများပြဿနာရှိမှာပါပဲ။ မြန်မာနိုင်ငံ အခြေအနေမျိုးကို အခြား အသွင် ကူးပြောင်းတဲ့ နိုင်ငံတွေမှာလည်း ရှိခဲ့တာပါပဲ။ ဒါဟာ အင်တာနက် တစ်ခုတည်းပေါ်မှာ ဖြစ်နေတာ မဟုတ်ပါဘူး။ ပုံနှိပ် မီဒီယာတွေ၊ ရုပ်သံမီဒီယာတွေမှာလည်း တွေ့ခဲ့ရပါတယ်။ အင်တာနက်ကတော့ သုံးသူများပြီး ပိုကျယ်ပြန့်တာပဲ ကွာပါတယ်။