iOS နှင့် Android အတွက် Pokemon Go ဂိမ်းကို Nintendo ဖန်တီးနေ

12002281_10153183102337825_2895850953488723521_n.jpg

Nintendo သည် Google developer ဟောင်းများဖြင့် ဖွဲ့စည်းထားသော Niantic အဖွဲ့နှင့် ပူးပေါင်းကာ စမတ်ဖုန်းများအတွက် တည်နေရာအခြေခံ Pokemon ဂိမ်းသစ်တစ်မျိုးကို ဖန်တီးလျက်ရှိသည်။

Pokiemon Go သည် ကစားသူများက GPS အကူအညီဖြင့် virtual Pokemon ကို ရှာဖွေကာ တိုက်ခိုက်ရမည့် ဂိမ်းဖြစ်သည်။

Nintendo သည် Pokemon Go Plus ဟုခေါ်သော ဂိမ်းကစားရာတွင် တွဲဖက်အသုံးပြုနိုင်မည့် ထုတ်ကုန်တစ်ခုကိုလည်း ဖန်တီးလျက်ရှိသည်။ စမတ်နာရီကဲ့သို့ လက်တွင် ပတ်ထားနိုင်သော ၎င်းထုတ်ကုန်သည် ဂိမ်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်မည် ဖြစ်ပြီး ကစားသူက ဖုန်းကို တစ်နေကုန် ကြည့်နေစရာ မလိုရန်အတွက် ကူညီပေးမည် ဖြစ်သည်။ Bluetooth မှတဆင့် ဂိမ်းကစားသူ၏ စမတ်ဖုန်းနှင့် ချိတ်ဆက်ထားသည့် Pokeball သဏ္ဍာန် Go Plus သည် Pokemon ရှိသည့် နေရာနှင့် နီးကပ်လာသည့်အခါ တုန်ခါမှု ပြုလုပ်ပြီး သတိပေးမည်ဖြစ်သည်။ ထို့နောက်တွင် ခလုတ်တစ်ခုကိုနှိပ်ကာ Pokemon ကို ဖမ်းရမည် ဖြစ်သည်။

Pokemon Company မှ အမှုဆောင်အရာရှိချုပ် ဆုနဲခဇု အိရှိဟာရကမူ Pokemon Go အတွက် ကွယ်လွန်သွားပြီဖြစ်သော Nintendo အမှုဆောင်အရာရှိချုပ် ဆာတိုရုအီဝါတနှင့် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

Pokemon Go ကို ၂၀၁၆ ခုနှစ်တွင် iOS နှင့် Android အတွက် ဖြန့်ချိမည် ဖြစ်သည်။ ၎င်းဂိမ်းကို အခမဲ့ ကစားနိုင်ပြီး အမျိုးမျိုးသော in-app purchase များ ပါဝင်မည် ဖြစ်သည်။ Pokemon Go Plus အတွက် ဈေးနှုန်းကိုမူ မကြေညာသေးပေ။

Ref: TheVerge