Convertible ထဲမှာ MX-5 Miata ကို မီတဲ့ မော်ဒယ်မရှိဘူး

mazda-mx-5-2016-hardtop-LH-online-carreview-2015Sep1.jpg

ခေါင်းစဉ်က နည်းနည်းလွန်သွားသလားတော့ မသိဘူးဗျ။ Convertible ဆိုတဲ့ အမိုးဖွင့် မော်ဒယ်တွေ အများအပြား ဈေးကွက်မှာ ဝင်နေပါလျက်၊ နာမည်ကျော် Audi လို တံဆိပ်တွေလည်း အမိုးဖွင့် မော်ဒယ်တွေ ထုတ်လုပ်ပါလျက်၊ ဒီကားတွေကို ဈေးကွက်မှာလည်း ဝယ်လက်အများကြီးရှိပါလျက်၊ ပြည်တွင်းမှာလည်း အမိုးဖွင့် မော်ဒယ်တွေ တွေ့နေရပေမယ့် MX-5 Miata တွေ အတွေ့ရနည်းနေတဲ့ အနေအထားမှာ သူ့ကိုမီတဲ့ မော်ဒယ်မရှိဘူးလို့ ကျွန်တော်က ပြောလိုက်တာ တစ်ချက်က အတိသယဝုတ္တိ နည်းနည်းဆန်သွားတာပါ။ ဒါပေမဲ့ ကျွန်တော် ဆိုလိုတာက တန်ကြေးတူ၊ အရွယ်အစားတူ အနေအထားမှာ MX-5 Miata ကို မီတဲ့ မော်ဒယ် မရှိဘူးလို့ ဆိုလိုတာပါ။ ကားတစ်းစီးနဲ့ တစ်စီး ပြိုင်ဘက် သတ်မှတ်တဲ့ နေရာမှာ အဓိက အချက် နှစ်ချက်ကိုပဲ ကြည့်ရပါတယ်၊ အဲဒါကတော့ တန်ကြေးနဲ့ အရွယ်အစားပါ။ ဒီနှစ်ချက်နဲ့ ခွဲခြားပြီး မော်ဒယ်တွေကို နှိုင်းစာကြည့်ချိန်မှာတော့ MX-5 Miata ရဲ့ ပြိုင်ဘက်တွေကို သူက ကျော်ဖြတ်နိုင်စွမ်း ရှိနေတာကြောင့် သူ့ကို သဘောကျမိသလို အခုလည်း မိတ်ဆက်ပေးဖို့ စီစဉ်လိုက်တာပါ၊ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။

အားသာချက် …

မော်ဒယ်ရဲ့ အားသာချက်ကို ပြောရမှာတော့ တော်တော်လေး များတယ်လို့ ဆိုရမှာပါ၊ အရင်ဆုံး ပြောရမယ့် အချက်ကတော့ မောင်းနှင်လို့ ကောင်းမွန်တဲ့
အချက်ပါ၊ သက်သောင့်သက်သာရှိစေတယ်၊ ခရီးဝေး မောင်းနှင်နိုင်တယ်၊ အမြန်နှုန်း လျှော့ချ၊မြှင့်တင်ရမှု စိတ်ကြိုက် ဖြစ်စေတယ်၊ လက်ကိုင်ပိုင်း လားရာ ပြောင်းလဲရမှု အားကောင်းတယ်၊ လက်ကိုင် တည်ငြိမ်တယ်၊ ဈေးနည်းနည်းနဲ့ ရနိုင်တဲ့ မော်ဒယ်ဖြစ်သလို သူ့ကို Soft top နဲ့ Hard top လို မော်ဒယ်တွေ အနေနဲ့လည်း သတ်မှတ်နိုင်ပြီး အဆိုပါ အမျိုးအစားထဲကို ထည့်လိုက်မယ်ဆိုရင်တော့ MX-5 Miata က အကောင်းဆုံး ဖန်တီးမှု အဆင့်ရှိ တဲ့ မော်ဒယ်တစ်ခုဖြစ်လာပါတယ်။ နောက်တစ်ချက်ကတော့ မော်ဒယ်က အသစ်တန်ကြေးလည်း နည်းသလို အပိုပစ္စည်း တန်ဖိုး ကအစ နောက်ဆုံး ပြင်ဆင်စရိတ်ပါ ချိုသာနေတာ တစ်ချက်က ရေရှည်အတွက်ပါ အဆင်ပြေ ကောင်းမွန်စေတာလည်း ဖြစ်ပါတယ်။

အားနည်းချက် …

အားနည်းချက် အပိုင်းမှာ အတွင်းခန်း  နည်းနည်းကျဉ်းချင်တာ တစ်ခုတွေ့ရပြီး ဒါကလည်း ပြိုင်ဘက် မော်ဒယ်တွေထက် ကျဉ်းတဲ့ အနေအထားဖြစ်ပြီးတော့ အခန်းအကျယ်က သေချာကြည့်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ MX-5 Miata ကို အနောက်ပိုင်း ဈေးကွက်မှာ ဈေးကွက် မအောင်မြင်စေတဲ့ အချက်
ကတော့ အမိုးပိုင်းဖြစ်ပြီး အမိုးနိမ့်တာကြောင့် အရပ်ရှည်တဲ့ သူတွေအတွက် အဆင်မပြေဘဲ စမ်းသပ်မောင်းနှင်ကြည့်ပြီးတာနဲ့ လူကြိုက် နည်းသွားစေတာ ပါ။ နောက်ဆုံး တစ်ချက်ကတော့ USB Input လို အခြေခံသုံး Feature လေး တစ်ခုမပါရှိတာ တစ်ချက်က ခေတ်သစ် မော်ဒယ်တွေထဲမှာ နောက်ကျန် နေစေတာပါ။

ကိုယ်ထည်ပိုင်း …

အရောင်အပိုင်းမှာ ကိုယ်ထည်ပိုင်း အရောင်က ၅ ရောင်တည်း ထုတ်လုပ်ထားတာ တွေ့နိုင်ပြီးတော့ အမိုးပိုင်းကတော့ ကိုယ့်လက် ထဲရောက်မှ ပြောင်းလဲနိုင်ပေမယ့် မူလအနေနဲ့တော့ တစ်ရောင်တည်း ရနိုင်သလို အတွင်းခန်း အပြင်အဆင်ကလည်း တစ်မျိုးတည်း ရပါလိမ့်မယ်။ မော်ဒယ်က အလျားအပိုင်းမှာ ၁၃ ပေနဲ့ ၁.၃ လက်မပဲရှိပြီး အသေးစား အမိုးဖွင့် မော်ဒယ်ဖြစ်သလို မျက်နှာစာအကျယ်က ၅ ပေနဲ့ ၇.၇ လက်မ၊ အမြင့်က ၄ ပေနဲ့ ၁ လက်မပဲ ရှိပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်ထည်နဲ့ မြေပြင်က ၄.၆ လက်မထိအောင် ကင်းလွတ်အောင် ဖန်တီးထားပြီး Off-Road မဟုတ်ပေ မယ့် မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်အောင်တော့ ဖန်တီးထားတာ တွေ့ရပါတယ်။ ကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်က ၂၄၈၀ ပေါင်ထိအောင် လေးမှာဖြစ်ပြီး ဝန်တင်ဆောင်နိုင်မှုကတော့ ပေါင် ၆၀၀ ကျော်ပဲ ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး အင်ဂျင်အရွယ်က ၂.၀ လီတာသုံး ဖြစ်ပါတယ်။ အင်ဂျင်ရဲ့
အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၅၀၀၀ မှာ ရုန်းအားက ၁၄၀ ပေါင်-ပေထိအောင် ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၆၇ အား ထိအောင်ရှိနေမယ့် တစ်ချက်ကတော့ စိတ်ကြိုက်ပါပဲ။ ဒီနေရာမှာ မော်ဒယ်က အခြေခံ အင်ဂျင်လည်ပတ်အားများနေတာ တစ်ချက်ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းကို အားနည်းသွားစေတာတွေ့ရပြီး အင်ဂျင်ရဲ့ အမြန်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ် အပတ်ရေ ၇၀၀၀ ထိအောင်ဖြစ်လို့ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းကိုတော့ အားကောင်းသွားစေတာလည်း တွေ့ ရပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်က Sport တန်းဝင်မော်ဒယ်မျိုးဖြစ်အောင် ဖန်တီးထားတာကြောင့် ရှေ့ဘီးယက်စနစ်နဲ့ မလာဘဲ ရုန်းအားကောင်းတဲ့ နောက်ဘီးယက်ပုံစံနဲ့ ထုတ်
လုပ်ထားတာ တွေ့ရပါတယ်။ ဂီယာချက်ပြောင်းလဲ အသုံးပြုမှုမှာတော့ Manual စနစ်နဲ့ ထုတ်လုပ်ထားတာ တွေ့ရပြီး ဂီယာချက် ၅ ချက်ထိအောင်ပဲ သုံးနိုင်မယ့် အနေအထားက ပုံမှန်ထက် ဂီယာချက် တစ်ချက်လောက် လျော့နည်းနေတာလည်း ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အား များတာကြောင့် တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အမြန်နှုန်း မြှင့်တင်နိုင်မှုက အချိန် ၆.၈ စက္ကန့်ထိအောင် ကြာသွားတာ တွေ့ရပေမယ့် တစ်ဖက်ကအမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဘက်မော်ဒယ်တွေထက် အားကောင်းတာ တွေ့ရပါတယ်။

သုံးသပ်ချက် …

မော်ဒယ်က ဆီစားနှုန်းအပိုင်းမှာဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ  ၂၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ့် အနေအထားက ၂.၀ လီတာသုံး အင်ဂျင်တပ် မော်ဒယ် အတွက်ရော၊ စွမ်းဆောင်ရည်မြင့် မော်ဒယ်တစ်ခုအတွက်ပါ အနေတော်လောက် ဖြစ်နေတာကြောင့် အားနည်းချက်လို့ မဆိုသာပါဘူး။ ဘရိတ်ပိုင်း စွမ်းဆောင်ရည်မှာက တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် Grade အပေါ်မူတည်ပြီးတော့ ပေ ၁၁၀ ကနေ ၁၁၈ ပေ ကြားပဲယူတာတွေ့ရတာကြောင့် ပျမ်းမျှ အနေအထားလောက် ဖြစ်နေတာပါ။ ဒါဆိုရင်တော့ အရေးကြီးတဲ့ အပိုင်းတွေမှာလည်း အားမနည်းဘူး၊ ဈေးလည်း ချိုချိုသာသာနဲ့ရနိုင်မယ်၊ အပို ပစ္စည်းလည်း ပေါတယ်၊ ချိုတယ်၊ စွမ်းဆောင် ရည်လည်း ကောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ MX-5 Miataကို ရွေးချယ်ဖို့ဆိုတာပဲ ကျန်တော့မယ် ထင်ပါတယ်။

Ref: www.edmunds.com