New Tab စာမျက်နှာကို ပြောင်းလဲနိုင်မည့် အကောင်းဆုံး Chrome extension (၈) ခု

ယခုဖော်ပြမည့် Chrome extension များသည် Chrome browser ကို နေ့စဉ် သုံးစွဲသူများ အနေဖြင့် လှပပြီး ဒီဇိုင်းဆန်းသစ်သည့် new tab စာမျက်နှာများဖြင့် မြင်တွေ့အသုံးပြု နိုင်စေမည့် အကောင်းဆုံး extension များဖြစ်သည်။ အဆိုပါ extension များကို Chrome Web Store https://chrome.google.com/web-store မှ ရယူကာ Chrome browser တွင်ထည့်သွင်း အသုံးပြုနိုင်သည်။

iOS7 New Tab

Chrome browser ၏ new tab စာမျက်နှာကို iOS home screen ကဲ့သို့ အသုံးပြုလိုသူများ နှစ်သက်စေမည့် extension ဖြစ်သည်။ သုံးစွဲသူအနေဖြင့် နှစ်သက်သည့် bookmark များကိုထည့်သွင်း ထားနိုင်သည်။

Momentum

Momentum သည် new tab  စာမျက်နှာတွင် တစ်နေ့တာ လုပ်ဆောင်ရမည့် အရာများနှင့် စိတ်ဓာတ်ကို လှုံ့ဆော်ပေးသည့် ဆိုရိုးစကားများကို ဖော်ပြပေးသည့် extension ဖြစ်သည်။ ထို့အပြင် အလွန်လှပသည့် ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြပေးမည်ဖြစ်ပြီး အဆိုပါ ဓာတ်ပုံသည် နေ့စဉ်ပြောင်းလဲ နေမည်ဖြစ်သည်။ ထို့အပြင် new tab စာမျက်နှာတွင် Google ၌ တိုက်ရိုက်ရှာဖွေမှု  ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည်။ မလိုအပ်သည့် လုပ်ဆောင်ချက်များကိုလည်း hide လုပ်ထားနိုင်သည်။

Modern New Tab

Windows 8 ကဲ့သို့ပင် Chrome  browser တွင် live tile များဖြင့် ဖော်ပြပေးမည့် Modern New Tab extension ဖြစ်သည်။ သုံးစွဲသူအနေဖြင့် live tile ဖြင့် ဖော်ပြပေးမည့် ဝက်ဘ်ဆိုက်များကို စိတ်ကြိုက် ထည့်သွင်းနိုင်ပြီး RSS feed များနှင့်ချိတ်ဆက် ထားသောကြောင့် နှစ်သက်ရာ ဆိုက်များမှ နောက်ဆုံးပေါ် သတင်းများကို အဆိုပါ live tile များပေါ်တွင် တွေ့မြင်ရမည် ဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက် တစ်ခုချင်းစီ၏ icon များအပြင် background နှင့် color theme များကိုလည်း ပြင်ဆင်ပြောင်းလဲ နိုင်သည်။

Dream Afar New Tab

Deram Afar extension သည် ကမ္ဘာတစ်ဝန်းမှ ဓာတ်ပုံများနှင့်အတူ ရာသီဥတု၊ လည်ပတ် အသုံးပြုမှု အများဆုံး ဆိုက်များနှင့် Google ကို အလျင်အမြန် အသုံးပြုနိုင်မည့် search box တို့ကိုဖော်ပြ ပေးထားသည်။ မနှစ်သက်သည့် feature များကိုလည်း တစ်ခုချင်းစီ hide လုပ်ထားနိုင်သည်။

Earth View from Google Maps

Earth View from Google Maps extension သည် Chrome browser ၏ new tab စာမျက်နှာတွင် Google Earth မှဂြိုဟ်တု ပုံရိပ်များကို ဖော်ပြပေးမည် ဖြစ်သည်။ နေ့စဉ် နေရာသစ်များကို ရှာဖွေဖော်ပြ ပေးမည်ဖြစ်ပြီး ညာဘက် အောက်ထောင့်ရှိ ကမ္ဘာလုံး icon ကို နှိပ်၍လည်း Google Maps ၏ လက်ရှိ တည်နေရာ မြင်ကွင်းကိုလည်း ကြည့်ရှုနိုင်သည်။

Currently

Currently extension သည် သုံးစွဲသူ၏ တည်နေရာ အပေါ်မူတည်ကာ လက်ရှိဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေများနှင့် အချိန်ကို အလိုအလျောက် ဖော်ပြပေးသည်။ သုံးစွ သူအနေဖြင့် အရောင်များကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး တည်နေရာကိုလည်း ရွေးချယ်ထည့်သွင်း နိုင်သည်။

Dayboard

Dayboard သည် တစ်နေ့တာ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက် ၅ ခုကို new tab စာမျက်နှာတစ်ခု ဖွင့်တိုင်းသတိပေး ဖော်ပြပေးမည့် extension ဖြစ်သည်။ နေ့စဉ် လုပ်ဆောင်ထားသည့် လုပ်ဆောင် ချက်များကိုလည်း ဖော်ပြပေးနိုင်သည်။

Card Board

Chrome browser new tab စာမျက်နှာကို Google Now အသွင်အပြင်နှင့် ဖော်ပြပေးသည့် extension ဖြစ်သည်။ Card Board သည် နောက်ဆုံး ပြုလုပ်ထားသည့် download များ၊ bookmark များ၊ quick setting များကို  Google Now card များအဖြစ် ဖော်ပြပေးမည် ဖြစ်သည်။

-ဘမ္ဘီ