ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားနိုင်ရန် အတွက် မြန်မာစင်တာ စတင်ဖွá€

Myanmar-Center_YZNKK_Chin-Mai_News_2015Sep04.jpg

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ်တွင် မြန်မာစာဘာသာရပ်၊ ယဉ်ကျေးမှုနှင့်ဓလေ့ရိုးရာများကို ဘာသာရပ်တစ်ခု အနေဖြင့် ထည့်သွင်းသင်ကြားနိုင်ရန် အတွက် မြန်မာစင်တာ  (Myanmar Center) ကို ယခုလပထမပတ်က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါတက္ကသိုလ်တွင် မြန်မာစာ သင်ကြားပေးနေသည့် ဆရာများထံမှ သတင်းရရှိသည်။

ချင်းမိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် မြန်မာကောင်စစ်ဝန်တို့က မြန်မာစင်တာကို ယခုလ ၂ ရက်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ မြန်မာစင်တာကို ဖွင့်လှစ်လိုက်ရတဲ့ရည်ရွယ်ချက် က ထိုင်းလူမျိုးပဲဖြစ်ဖြစ်၊ တခြား ဘယ်နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မြန်မာစာပေနဲ့ယဉ်ကျေးမှုတွေကို  လေ့လာလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာသင်ကြားနေသည့် ဆရာမတစ်ဦးဖြစ်သူ ဒေါ်ယမင်းရွှေစင်ထိုက်က အင်တာနက် ဂျာနယ်သို့ ပြောကြားသည်။

ယခုလက်ရှိဖွင့်လှစ်လိုက်ပြီ ဖြစ်သည့်မြန်မာစင်တာတွင် လာမည့်နှစ်၌ မြန်မာစာဘာသာကို အဓိကဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန်အတွက် ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ချင်းမိုင်တက္ကသိုလ်မှတာဝန်ရှိ သူများကဆွေးနွေးပြီးဖြစ်ကြောင်း ဒေါ်ယမင်းရွှေစင်ထိုက်က ဆက်လက်ပြောကြားသည်။

အဆိုပါတက္ကသိုလ်တွင် ယခုကဲ့သို့ မြန်မာစင်တာကိုဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ထိုင်း၊ မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုရေးရာများကို အပြန်အလှန် ဖလှယ်နိုင်ရန် အတွက်ဟု သိရသည်။

ယခု ဖွင့်လှစ်လိုက်သည့် မြန်မာစင်တာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့်  သတင်းအချက်အလက်များ၊ စာပေများနှင့် အခြားသုတေသနဆိုင်ရာ အချက်အလက် များကိုပါ လေ့လာ သင်ယူနိုင်ရန် ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ချင်းမိုင်တက္ကသိုလ် တွင် ဖွင့်လှစ်ထားသော မြန်မာစင်တာသို့ မြန်မာစာပေနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာ စာပေများနှင့် မြန်မာနှင့် သက်ဆိုင်သော အကြောင်းအရာများကို ပေးပို့ လှူဒါန်းနိုင်သည်ဟု ဒေါ်ယမင်းရွှေစင်ထိုက်က ဆိုသည်။

အဆိုပါတက္ကသိုလ်တွင် ယခုနှစ်မှစတင်၍ မြန်မာစာဌာနကို ထားရှိမည်ဖြစ်ပြီး မြန်မာစာဘာသာကို လေးနှစ်သင်ကြားပေးမည် ဖြစ်ကာ အသိအမှတ်ပြုဘွဲ့လက် မှတ်ကိုပါ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။