Android ဖုန်းများတွင် Screen Lock ကျခြင်းအတွက် အလွယ်တကူ ပြန်လည်ပြုလုပ်ခြင်း

02_TKK_Screeshot_Userguide_4Sep2015.jpg

Android OS ဖုန်းတွေမှာ အသုံးပြုတဲ့ Pattern Lock, Pin Lock, Password အစရှိတဲ့  Screen Lock စနစ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ်က Password ကိုမေ့သွားလို့ပဲဖြစ်ဖြစ်  အကြောင်းအမျိုးမျိုးကြောင့် ဖုန်းဟာ Screen Lock ကျတတ်ပါတယ်။ အဲဒီလိုမျိုး Screen Lock ကျသွားတဲ့အခါမှာ ဖုန်းရဲ့စနစ်တွေထဲကို ဝင်လို့မရတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့အချိန်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ တော်တော်များများ ရှိပါတယ်။ အချို့နည်းလမ်းတွေဟာ ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပေးဖို့ လိုအပ်တာမျိုးရှိသလို ဘာမှပြုလုပ်ဖို့ မလိုအပ်ဘဲ ပြုလုပ်နိုင်တဲ့ စနစ်တွေလည်း ရှိပါတယ်။ အချို့စနစ်တွေဟာ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ပြုလုပ်ရတာ မျိုးတွေလည်း ရှိပါတယ်။

ကိုယ့်ဖုန်းထဲမှာ အရေးကြီး အချက်အလက်တွေ ရှိတဲ့အတွက် ပျက်လို့မရဘူး၊ မဆုံးရှုံးချင်ဘူးဆို ရင်တော့ ကွန်ပျူတာနဲ့ဖုန်းကို ချိတ်ဆက်ပြီး ADB Commands ထဲမှာလည်း Lock ကိုဖြည်လို့ရပါတယ်။ ဒီလိုပြုလုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ကွန်ပျူတာမှာ Android ADB အသုံးပြုနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ဖုန်းဟာ Root Access ရထားပြီးသားဖုန်းဖြစ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ဖုန်းရဲ့ Lock ကိုပြန်လည် ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ADB ကိုအသုံးပြုမယ်ဆိုရင် ADB ရဲ့ Commands တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်သိရှိ အသုံးပြုနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းလမ်းဟာ ဖုန်းထဲက အချက်အလက်တွေကို မပျောက်ပျက် သွားစေဘူးဆိုပေမယ့် ပြုလုပ်ပုံ အဆင့်ဆင့်မှာလည်း အနည်းငယ် ရှုပ်ထွေးမှုတွေ ရှိတဲ့အတွက် သီးသန့်ထပ်မံ ဖော်ပြပေးသွားပါမယ်။

လွယ်ကူတဲ့နည်းလမ်းကို အသုံးပြုမယ် ဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ပျောက်ဆုံးဆုံးရှုံး သွားနိုင်ပါတယ်။ အဓိကအနေနဲ့ Contact တွေ ပျက်သွားပါလိမ့်မယ်။ ဓာတ်ပုံတွေကတော့ Memory Card ထဲမှာ ရိုက်ထားတယ်ဆိုရင် မပျက်နိုင်ပါဘူး။ ဖုန်းမှတ်ဉာဏ်ထဲမှာရှိသမျှ အချက်အလက်တွေတော့ ဆုံးရှုံးနိုင်ပါတယ်။

စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံးအနေနဲ့ Screen Lock ဖြစ်နေတဲ့ ကိုယ့်ရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ဖုန်းပါဝါပိတ်သွားပြီ ဆိုရင်တော့ ဖုန်းကိုပါဝါ ပြန်ဖွင့်ရပါမယ်။ ဒီလိုပြန်ဖွင့်တဲ့နေရာမှာ ပါဝါခလုတ်တစ်ခုတည်းကိုပဲ နှိပ်ပြီးဖွင့်လို့ရပါဘူး။ Samsung  ဖုန်းတွေမှာ ဆိုရင်တော့ များသောအားဖြင့် အသံအတိုးအကျယ်  Volume Up ခလုတ်၊ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Home ခလုတ်နဲ့  ပါဝါခလုတ်သုံးခုကို တစ်ပြိုင်နက်တည်း နှိပ်ထားရမှာ ဖြစ်ပါတယ်။

HTC ဖုန်းတွေမှာ ဆိုရင်တော့ Home ခလုတ်က ခလုတ်တစ်ခုအနေနဲ့ ပါဝင်တာမျိုး ရှားပါတယ်။ HTC ဖုန်းတွေမှာဆိုရင်တော့  အသံ အတိုးအကျယ် Volume Down Key နဲ့ ပါဝါခလုတ်နှစ်ခု တစ်ပြိုင်နက်တည်း နှိပ်ရမှာ ဖြစ်ပါတယ်။

LG ဖုန်းတွေမှာဆိုရင်လည်း HTC ဖုန်းတွေလိုပဲ Volume Down Key နဲ့ ပါဝါခလုတ်နှစ်ခုကို တစ် ပြိုင်တည်းနှိပ်ရမှာဖြစ်ပါတယ်။  အဓိကကတော့ Android OS ဖုန်း တစ်ခုမှာရှိနေတဲ့  Recovery Mode စနစ်ထဲကို ဝင်တာဖြစ်ပါတယ်။ Huawei ဖုန်းတွေမှာဆိုရင်လည်း Home Key ပါရင် Home Key ကိုပါ တွဲဖက်နှိပ်ရမှာဖြစ်ပြီး Home Key မပါဘူးဆိုရင်တော့ Volume Up (သို့မဟုတ်) Down Key နဲ့ပါဝါခလုတ်ကို တွဲနှိပ်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ Android ဖုန်းတော်တော် များများအတွက် Recovery Mode ကိုခေါ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုမျိုး Recovery Mode ကို ခေါ်လိုက်တဲ့အချိန်မှာ ဖုန်းကပါဝါ တစ်ချက်လင်းသွားပြီးရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ဖုန်းရဲ့ Recovery Mode ထဲကို ရောက်ရှိသွားတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီနေရာမှာ စတင်မြင်တွေ့ ရတာကတော့ reboot system now ဆိုတဲ့စနစ်ဖြစ်ပြီး သူ့ရဲ့အောက်မှာတော့ အခြားစနစ်တွေ ရှိနေပါသေးတယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းမှာ ရှိနေတဲ့ စာတန်းလေးတွေကို Volume Down Key ကိုအသုံးပြုပြီးအောက်ဘက်ကို ရွှေ့ပြောင်းပြီး ဆင်လာခဲ့လိုက်ပါ။ wipe data/ factory reset ဆိုတဲ့ စာတန်းနေရာ လေးကိုရောက်အောင် သွားပါ။

ဒီစာတန်း နေရာလေးကို ရောက်ရင်တော့ ပါဝါခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင်ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ No ဆိုပြီး အများကြီး ပြထားတဲ့အလယ်မှာ Yes ဆိုပြီးပြထားတဲ့နေရာမှာ Delete all user data ဆိုတဲ့နေရာဆီကို Volume Down Key ကို အသုံးပြုပြီး ရွှေ့လာခဲ့လိုက်ပါ။ ရောက်ပြီဆိုရင်တော့ ပါဝါခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းကို Reset ပြုလုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။ ဖုန်းဟာ Reset လုပ်လိုက်တာ ဖြစ်တဲ့အတွက် ဖုန်းမှာပြုလုပ်ထားတဲ့ Lock စနစ်ဟာလည်း ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Lock စနစ်ပျက်ပြယ် သွားခြင်းနဲ့အတူ ဖုန်းရဲ့မှတ်ဉာဏ်ထဲမှာရှိနေတဲ့ အချက်အလက်တွေကိုလည်း ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ဖုန်းကို Recovery Mode ကနေဝင်ပြီး Factory Reset ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပြီး အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဖုန်းထဲက အချက်အလက်တွေကို ဆုံးရှုံးသွားစေနိုင်ပေမယ့် အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။