
Sony မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Sony Xperia C5 Ultra Dual အား မိတ်ဆက်ပြသပွဲနှင့် Promotion ဈေးရောင်းပွဲတော်ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းစင်တာ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဒီပွဲကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Sony Xperia C5 Ultra Dual ကို မိတ်ဆက်တဲ့ အနေနဲ့ရော၊ Sony အသုံးပြုသူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မိတ်ဆက်ပွဲ ပြုလုပ်တဲ့နေ့မှာပဲ ဒီဖုန်းကို အထူးလျှော့ဈေးဖြစ်တဲ့ ၄၁၉,၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာပါ။ ဒီဖုန်းကို ဝယ်ယူတဲ့သူများအတွက်လည်း လက်ဆောင်ပစ္စည်း များစွာထည့်သွင်း ပေးထားပါတယ်” ဟု Alpha Technology & Communication မှ Marketing Event ကို တာဝန်ယူထားသည့် ကိုအောင်ပြည့်စုံက ပြောသည်။
အဆိုပါနေ့တွင် ဝယ်ယူမည်ဆိုပါက လက်ဆောင်ပစ္စည်းများ အနေဖြင့် Tempered Glass, Cover, Dual Audio Separator, Sony Original Earpiece တို့ ပါဝင်မည့်အပြင် ပထမဆုံး ဝယ်ယူသူ ၁၀ ဦးကို Selfie Stick များ ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
Sony Xperia C5 Ultra Dual မှာ ကင်မရာပိုင်းတွင် ကောင်းမွန်သော ဖုန်းအမျိုးအစားဖြစ်ပြီး Selfie ပိုင်းအတွက်လည်း ကောင်းမွန်ကြောင်း သိရသည်။ ၎င်းတွင် ရှေ့နောက် 13 Mega Pixel ကင်မရာနှစ်လုံး ပါဝင်မည်ဖြစ်ပြီး ရှေ့ကင်မရာနှင့် နောက်ကင်မရာ နှစ်ခုစလုံးတွင် Flash မီးပါဝင်မည် ဖြစ်သည်။ ထို့ပြင် Octa-core 1.7 GHz Cortex-A53 CPU, 16GB Memory နှင့် RAM 2GB ပါဝင်လာမည် ဖြစ်သည့်အပြင် မှတ်ဉာဏ်ထပ်တိုး ရာတွင်လည်း 200GB ထိထပ်တိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။