3D printer အသုံးပြုပြီး သေနတ်များ ဖန်တီးသူ ဖမ်းဆီးခံရ

3D printer ကိုအသုံးပြုပြီး သေနတ်များ ထုတ်လုပ်ဖန်တီးတဲ့ သြစတြေးလျ နိုင်ငံသားတစ်ဦးကို Sydney မြို့အရှေ့ဘက် Waverley က အိမ်တစ်အိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိတဲ့ Sicen Sun ကို ခွင့်ပြုချက်မရှိဘဲ ပစ္စတိုသေနတ်များ ထုတ်လုပ်မှု၊ သေနတ်ထုတ်လုပ်ဖို့အတွက် digital blueprint များ ပိုင်ဆိုင်မှုတို့နဲ့ ဆစ်ဒနီက တရားရုံးတစ်ခုမှာ စွဲချက်တင်ခဲ့ပါတယ်။

3D printer နဲ့ ဖန်တီးထားတဲ့ လက်နက်တွေကြောင့် အခုလို တရားစွဲဆိုခံရတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၁၃ ခုနှစ်မှာ 3D printer နဲ့ ထုတ်လုပ်ထားတဲ့သေနတ်ကို ကျည်ဆန်အစစ်နဲ့ ပထမဆုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီးနောက် အာဏာပိုင်တွေက အဲ့ဒီနည်းပညာကို ထိန်းချုပ်တားဆီးခဲ့ပြီး ရဲတွေက အိမ်လုပ်လက်နက်တွေကို ရှာဖွေသိမ်းဆည်းခဲ့ကြပါတယ်။

Sun ရဲ့ ရှေ့နေဖြစ်သူ Jason Keane ကတော့ Sun ဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို နှစ်သက်သူတစ်ဦးသာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ဒုစရိုက်သမားတစ်ယောက် မဟုတ်ဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

Sun ကို အာမခံပေးဖို့ တရားရုံးက ငြင်းဆိုထားပါတယ်။

Ref: CNET