3D တီဗွီများကို ထပ်မံထုတ်လုပ်တော့မည် မဟုတ်ဟု Sony နှင့် LG အတည်ပြု

Sony နှင့် LG တို့သည် 3D ထောက်ပံ့မှု ပါဝင်သော တီဗွီများကို ထပ်မံထုတ်လုပ်မည် မဟုတ်ကြောင်း CNET က ဖော်ပြခဲ့သည်။ ယခုနှစ်တွင် ပြုလုပ်ခဲ့သော CES ပြပွဲတွင်လည်း 3D တီဗွီသစ်များကို အဓိက ကုမ္ပဏီများက ပြသခဲ့ခြင်း မရှိပေ။ 3D နည်းပညာ ထောက်ပံ့ထားသော တီဗွီများမှာ ဆက်လက်ခေတ် မစားတော့သော်လည်း ၎င်းနည်းညာမှာ ရုပ်ရှင်ရုံများတွင် ဆက်လက်ရှင်သန် လျက်ရှိသည်။

သို့သော်လည်း ရုပ်ထွက် အရည်အသွေး ကောင်းမွန်သော HDR နှင့် 4K တီဗွီများမှာ ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် content ဖန်တီးသူ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့လျက် ရှိကြသည်။ ထို့အပြင် ရုပ်ရှင်နှင့် တီဗီအစီအစဉ်များတွင် virtual reality နည်းပညာကို အသုံးပြုမှုများ ရှိလာသည်။

3D နည်းပညာ ထောက်ပံ့မှုမှာ ၂၀၁၀  ခုနှစ်တွင် အလွန်ရေပန်း စားလာခဲ့သည်။ ရုပ်ရှင်စတူဒီယိုများ အနေဖြင့် 3D Blu-ray များကို ယနေ့ထိ ထုတ်လုပ်ဆဲဖြစ်သည်။ 3D တီဗီအတွေ့အကြုံကို အိမ်တွင်ခံစားရန် မျက်မှန် လိုအပ်ချက်မှာ ထုတ်ကုန်၏ အဓိကအားနည်းချက် ဖြစ်သည်။ တီဗွီဖန်တီး သူများသည် မျက်မှန်မပါဘဲ 3D ပုံရိပ်များ ကြည့်ရှုနိုင်မည့် မျက်နှာပြင်များကို ဖန်တီးရန် ကြိုးပမ်းခဲ့ဖူးသည်။

ယခုအခါတွင် 3D တီဗွီများ ဇာတ်သိမ်းသွားသော်လည်း ၎င်းနည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုများမှာ ရုပ်ရှင်ရုံဆီသို့ ရောက်ရှိသွားမည် ဖြစ်သည်။

Ref: PCMag