iPhone နှင့် iPad အတွက် ပထမဦးဆုံး Firefox public preview ကို Mozilla မိတ်ဆက်

11947507_10153175496922825_4400975348766413184_n.jpg

Firefox သည် iOS ဈေးကွက်ဝေစုကို ရယူရန် ကြိုးပမ်းသည့်အနေဖြင့် ကြီးမားသည့် ခြေလှမ်းသစ်တစ်ရပ်ဖြင့် စတင်လိုက်သည်။

iPhone နှင့် iPad များအတွက် Mozill browser ၏ ပထမဦးဆုံး public preview ကို နယူးဇီလန်ရှိ သုံးစွဲသူများထံ ဖြန့်ချိပေးခဲ့ကြောင်း ကုမ္ပဏီက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ ကမ္ဘာတစ်ဝန်းဖြန့်ချိမှုကို ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း Mozilla မှ ဆိုခဲ့သည်။

Firefox သည် Windows 10 အပါအဝင် Windows ကွန်ပျူတာများနှင့် Mac များအတွက် desktop version များ ဖြန့်ချိထားသလို Android ထုတ်ကုန်များအတွက်လည်း မိုဘိုင်းဗားရှင်း ဖြန့်ချိထားသည်။ Mozilla သည် ယခင်က Apple အနေဖြင့် third-party browser များအတွက် ကန့်သတ်ချုပ်ချယ်လွန်းသည်ဟုဆိုကာ iOS ဗားရှင်းကို ထုတ်လုပ်မည့် အကြံအစည်အား စွန့်လွှတ်ခဲ့သည်။ သို့သော်လည်း Apple က iOS 8 နှင့်အတူ non-Apple browser များအတွက် အဆင်ပြေစေရန် လုပ်ဆောင်ခဲ့သောကြောင့် Mozilla က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

iOS အတွက် မိတ်ဆက်ပေးခဲ့သော ပထမဦးဆုံး public preview တွင် Mozilla က အဓိက feature သုံးမျိုးကို ရည်ညွှန်းပြောကြားခဲ့သည်။

Intelligent Search သည် သုံးစွဲသူက default search provider ကို ရွေးချယ်စေနိုင်ပြီး ရှာဖွေမှုရလဒ်ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ Firefox Account feature ကမူ Firefox password များ၊ tab များနှင့် browser history များကို desktop မှ iPhone နှင့် iPad ထံ sync ပြုလုပ်ပေးမည် ဖြစ်သည်။ ထို့အပြင် ဖွင့်ထားသည့် tab များကို thumbnail မြင်ကွင်းဖြင့် ဖော်ပြပေးမည့် Visual Tabs ကိုလည်း preview တွင် ပါဝင်လာသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က Firefox ကို iOS ပေါ်မှာ သုံးစွဲတဲ့အခါမှာ အလွန်ကောင်းမွန်တဲ့ browsing အတွေ့အကြုံတစ်ခုကို ဖန်တီးဖို့ ဖြစ်ပါတယ်။ Public launch မလုပ်ခင်မှာ ပထမဦးဆုံးဖြန့်ချိတဲ့ public preview နဲ့အတူ ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံက သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေကို စုဆောင်းသွားမှာပါ။ ဒီတုံ့ပြန်ချက်တွေက နှစ်ကုန်ပိုင်းမှာ App Store ကနေ ကမ္ဘာတစ်ဝန်းကို ဖြန့်ချိမယ့် Firefox for iOS ထံ feature သစ်တွေ သယ်ဆောင်ပေးဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု Mozilla မှ ပြောကြားခဲ့သည်။

Ref: CNET