နည်းပညာကို ခြုံလုံပါလိမ့်လေး

Smartclothes-UTW-Online-Article-2015Aug20-(2).jpg

နည်းပညာ လောကသား တော်တော်များများက ၂၀၁၄ ခုနှစ် ကို “the year of wearable ” လို့သတ်မှတ် ပြောဆိုခဲ့ကြတယ်။ အမှန်တကယ်လည်း smartwatch တို့ health tracker တို့ အပြိုင်အဆိုင် ဈေးကွက်ဝင်ထုတ်လုပ် ရောင်းချခဲ့ကြတာကို တွေ့မြင်ခဲ့ ကြရပါတယ်။ ၂၀၁၅ ခုနှစ်ကို ရောက်တဲ့အခါ smartwatch နဲ့ trackers တို့ထက် ပိုပြီး မြှင့်တင် ဆောင်ရွက်ရင်း smart clothes ဆိုတဲ့ ကဏ္ဍသစ်အထိ တိုးချဲ့ဆောင်ရွက်လာတာကို တွေ့ကြရ ပြန်တယ်။ နည်းပညာကို လက်ပတ်တန်ဆာ အဆင့်ကနေ အဝတ်တန်ဆာ အဆင့်ကို ကူးပြောင်းသွားတာလို့ ပြောကြရမှာ ဖြစ်တယ်။ အဝတ်အစား ဒီဇိုင်းထွင်ပြီး ထုတ်လုပ်တဲ့ ပညာရှင်တွေက biometric အပိုင်းကို အသုံးချနိုင်လာတဲ့ သဘောလို့ ပြောရပါလိမ့်မယ်။ Wearable Smart Clothes တွေ အများအပြား နှစ်ဆန်းပိုင်းကတည်းက တီထွင်ချုပ်လုပ်မှုတွေ ရှိခဲ့တယ်။ ဒီအထဲက အောင်မြင်မှု ရရှိနေပြီး ရေရှည် ထုတ်လုပ်နိုင်မယ့် အဆင့်ဝင် အမျိုးအစားအချို့ကို မိတ်ဆက်တင်ပြရင်ပင် နည်းပညာစနစ်သုံး အဝတ်တန်ဆာများ အကြောင်းကို စေ့စေ့ငုံငုံ သိရှိနိုင်ပါတယ်။

ဘားကွင်း ကစားသမားတွေရဲ့ ကိုယ်ကြပ်ဝတ်စုံမှာ sensors တွေ ထည့်သွင်းထားတဲ့ Athos ကိုယ်ကြပ်ဝတ်စုံက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကိုယ်ကြပ် ဝတ်စုံလေးထဲက sensors တွေက bluetooth စနစ် အကူအညီနဲ့ စမတ်ဖုန်းဆီကို တွေ့ရှိတဲ့ ကျန်းမာရေးဆိုင်ရာ ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေကို ပို့ပေးတယ်။ Sensors တွေက 6-axis accelerometer ပုံစံနဲ့ တိုင်းထွာ စစ်ဆေးပေးတာ ဖြစ်တယ်။ အထက်အောက် ဝတ်စုံက တစ်စုံစာကို ၁၉၉ ဒေါ်လာနဲ့ ဈေးနှုန်း သတ်မှတ် ရောင်းနေတယ်။ ဒီလို ကိုယ်ကြပ်ဝတ်စုံတွေကို အခုအခါပြေး ခုန်ပစ်သမားတွေကလည်း အသုံးချ လာနိုင်စရာအကြောင်း ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အားကစားသမားရဲ့ ခန္ဓာကိုယ်ဆိုင်ရာ သတင်းအချက်အလက်များ မှတ်သားပေးထားပြီး ဝတ်ဆင်အသုံးပြုမှုကို စမတ်ဖုန်းက တစ်ဆင့်ကြည့် ရှုစစ်ဆေးနိုင်စေတယ်။

အထည်ချုပ် လုပ်ရေးမှာ နာမည်ကျော်ကြားလှတဲ့ Victoria ကုမ္ပဏီက အမျိုးသမီးအတွင်းခံ ဘရာစီယာမှာ နှလုံးခုန်နှုန်းပြ မော်နီတာတစ်ခုကို ထည့်သွင်းချုပ်လုပ်ပြီး Victoria Secret လို့ အမည်ပေး ရောင်းချနေတာကလည်း စိတ်ဝင်စားစရာ ဖြစ်စေတယ်။ အပြေးသမား လက်ဝှေ့သမားတွေ အတွက် အားကစားသမားရဲ့ နှလုံးခုန်နှုန်းထားကို အတိအကျ ဖော်ပြ ပေးနိုင်တယ်။ ဒါ့အပြင် ချုပ်လုပ်ထားတဲ့ အထည်စက ဝတ်ဆင်သူကို သက်သောင့်သက်သာ ဖြစ်စေကာ အစဉ်အေးပြီး ခြောက်သွေ့နေ ပါလိမ့်မယ်။ Victoria ရဲ့ Secret Heart- Rate monitor က အားကစားမလုပ်တဲ့ နှလုံးရောဂါ ဝေဒနာသည်များ အတွက်လည်း အသုံးဝင်တယ်။ ၇၅ ဒေါ်လာနဲ့ ဈေးနှုန်း သတ်မှတ် ရောင်းချတဲ့ နည်းပညာ ထည့်သွင်း အသုံးပြုထားတဲ့ ဘရာစီယာလို့ ဆိုရပါလိမ့်မယ်။

ကျွမ်းဘားအားကစား သမားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေခဲ့တဲ့ Radiate Shirt ကတော့ သွေးပူလေ့ကျင့်မှု အခြေအနေ အရပ်ရပ်ကို အရောင်ပြောင်း လဲပြီး ပြသပေးတယ်။ ကိုယ်ကျပ်တီရှပ် ပုံစွပ်ကျယ်ဖြစ်တယ်။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် လက်တိုတစ်ထည်ကို ဒေါ်လာ ၅၀ နဲ့ ရောင်းချပြီး လက်ရှည်ကို ဒေါ်လာ ၆၀ နဲ့ ရောင်းချတယ်။ ကြေးရေတက် လူတန်းစားများအတွက် ဂုဏ်လုပ်ဝတ်ဆင်တဲ့ အဝတ်အစားတွေမှာ နာမည်ကြီးလှတဲ့ Ralph Lauren  က biometric shirt လို့ အမည်ပေးထားတဲ့ wearable ကလည်း လူကြိုက်များကြတယ်။ Biosensing silver wiring နဲ့ ရက်လုပ် ထားတဲ့အတွက် ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို ဖတ်ကြား တင် ပြပေးနိုင်ပါတယ်။ Ralph Lauren တံဆိပ်ပါရှိပြီး ကျန်းမာရေးဝတ်စုံလို့ နားလည်ထားတဲ့အတွက် ၂၀၁၅ ခုနှစ်အတွက် ရောင်းသွက်မယ့် အဝတ်အထည် တစ်မျိုးလို့ နားလည်ထားလိုက်ကြတယ်။

ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တာ မဟုတ်တဲ့ wearable smart clothes တွေကတော့  GO Utility Vest ဖြစ်တယ်။ ၅၈၀ ဒေါ်လာနဲ့ ရောင်းချတာ ဖြစ်တဲ့ အတွက် ဈေးနှုန်းကတော့ မသေးလှပေ။ ဂျာကင်အင်္ကျီ မှာ solar panels တွေ ထည့်သွင်း ထားတဲ့အတွက် နေရောင်ခြည်က ထုတ်လုပ်ပေးတဲ့ စွမ်းအင်ကိုရယူပြီး သယ်ဆောင် ပါရှိတဲ့ထွေ ထွေရာရာ အီလက်ထရွန်နစ် ကိရိယာ အမျိုးမျိုးအတွက် အားသွင်းပေး နိုင်စေပါတယ်။ နွေးထွေးတဲ့ ဝတ်စုံအဖြစ်လည်း အသုံးချနိုင်ပါ သေးတယ်။

စက်ဘီးပြိုင်ပွဲမှာ ဆင်နွဲလေ့ရှိတဲ့ အားကစား သမားတွေအတွက် Adidas ရဲ့ အစီအစဉ်နဲ့ Hotpants ဆိုတဲ့ ဘောင်းဘီ ထုတ်လုပ်မှုလည်း ရှိခဲ့တယ်။ စယ်စီးယပ်စ် ၃၈ အထိ ကြွက်သားများ အတွက် နိုးထလာစေရန် အပူပေးနိုင်တယ်။ ဒါပေမဲ့ ပြေးခုန်ပစ် အားကစားသမား များအတွက်လည်း အသုံးဝင်စေပါတယ်။ နှလုံးခုန်နှုန်း၊ အသက် ရှူနှုန်းထားတို့ကို မှတ်တမ်းတင် သတင်းပို့နိုင်တဲ့ Xexoskin ဆိုတဲ့ smart shirts လေးကိုလည်း ထုတ်လုပ်ရောင်း ချနေပါသေးတယ်။ အီတလီချည်မျှင်နဲ့ အထည် ထုပ်လုပ်ရေးက တီထွင်ကြံဆ ထုတ်လုပ်ခဲ့တာဖြစ်တယ်။ iOS ကိရိယာဖြစ်ဖြစ်၊ Android ကိရိယာကို ဖြစ်ဖြစ် Bluetooth စနစ်နဲ့ ခန္ဓာကိုယ်ရဲ့ သတင်းအချက် အလက်တွေကို ပေးပို့တယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ အရှည်အတို ပုံစံပေါ်မူတည်ပြီး ၂၅၅ ဒေါ်လာကနေ ၃၉၉ ဒေါ်လာအထိ သတ်မှတ်ရောင်းချတယ်။ ဆွစ်ဇာလန်နိုင်ငံ နည်းပညာတက္ကသိုလ်ကတော့ ECG reading တို့  core body temperature တို့ပါ ဖော်ပြပြီး dehydrated ဖြစ်လာမှု အခြေအနေအထိ ပြသသတိပေးနိုင်တဲ့ Xsensio အင်္ကျီကို ထုတ်လုပ်နိုင်ခဲ့တယ်။

မကြာသေးခင်ကတော့ နည်းပညာ တီထွင်မှုတွေကို ရှေ့ကဦးဆောင် လုပ်ကိုင်နေတဲ့ Google နဲ့ ဂျင်းအဝတ်အထည်မှာ ကမ္ဘာအနှံ့ ကျော်ကြားနေတဲ့ Levi တို့ ပူးပေါင်းပြီး smart clothes ထုတ်လုပ်တော့မယ်လို့ ကြေညာသွားတယ်။ ခြေအိတ်၊ လက်အိတ်၊ ဘောင်းဘီ အင်္ကျီ၊ ဂျာကင်စတဲ့ အဝတ်အထည်တွေကို အမြဲတမ်းကိုယ်နဲ့မကွာ အသုံးပြုနေတဲ့ Smartphone တို့ Tablet တို့နဲ့ ထိန်းချုပ်ဆောင်ရွက်စေဖို့ စီမံဆောင်ရွက်ထားမှာ ဖြစ်တယ်။ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် လိုအပ်တဲ့ ကျန်းမာရေး မှတ်တမ်းများကို မှတ်သားတင်ပြ ပေးနိုင်စေဖို့ စီစဉ်ခဲ့ကြတာလို့ ဆိုတယ်။ ချည်မျှင်တွေကြားမှာ radar sensors လေးတွေ ထည့်သွင်း ချုပ်လုပ်ယူမယ့် ပုံစံဖြစ်တယ်။ အဝတ်အထည်တိုင်းမှာ လူခန္ဓာကိုယ်နဲ့ သမမျှတတဲ့ ချည်သား ၈၅ ရာခိုင်နှုန်း ပါဝင်စေမယ်လို့ ဆိုတယ်။

Wearable Technology က အရှိန်အဟုန် မြင့်သထက်မြင့်မားလာကာ အားကစားသမားများအတွက် ဝတ်ဆင်စရာ အဝတ်အထည့်တွေ ထုတ်လုပ်ရောင်းချနေတဲ့ အခြေအနေက တစ်ဆင့်တက်ပြီး မကျန်းမမာဖြစ်နေတဲ့ လူမမာတွေအတွက် အထောက်အကူ ဖြစ်စေမယ့် အဝတ်အထည်တွေ အောင်မြင်စွာ ထွက်ပေါ်လာနိုင် စရာရှိကြောင်း တစ်စေ့တစောင်း တင်ပြပေးလိုက် ရပါတယ်။