ဆိုရှယ်မီဒီယာနှင့် ပရဟိတစိတ်ဓာတ်

IMG_9755.jpg

မြန်မာနိုင်ငံရဲ့ ဒေသအများစု မှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးခံခဲ့ရတဲ့ သဘာဝဘေး အန္တရာယ်ကြီးအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မိတ်ဆွေတွေနဲ့ အတူ စုပေါင်း လုပ်ကိုင်နိုင်ခဲ့တဲ့ အပေါ် မဆွေမွန်ချိုဆိုတဲ့ သူမတစ်ယောက် တစိမ့်စိမ့်တွေးပြီး ကျေနပ်နေပါတယ်။ ရေလွှမ်းမိုးခံခဲ့ရလို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေခဲ့တဲ့ ဒေသက ရာနဲ့ချီ တဲ့လူတွေ အတွက် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တဲ့ အတွက် သူမ ကျေးဇူးတင်တဲ့ အရာတွေမှာ  Facebook လူမှုကွန်ရက်နဲ့ မြန် မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဆက်သွယ်ရေး ကဏ္ဍတွေက ထိပ်ဆုံးက ပါဝင်နေတယ်လို့ ဆိုလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစလို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်တဲ့ ရေလွှမ်းမိုးမှုတွေ ဆက်တိုက် ဖြစ်ပေါ် ခဲ့ပါတယ်။ ဒေသခံ လူဦးရေ တစ်သန်းလောက် အထိ ရေဘေးသင့်ခဲ့ရပြီး၊ အသက်ဆုံးရှုံးမှုတွေပါ  ဖြစ်ပေါ်ခဲ့တဲ့ ဒီသဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေဟာ နိုင်ငံပိုင် သတင်းစာတွေ၊ နေ့စဉ်ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ်ဂျာနယ်တွေရဲ့ စာမျက်နှာတွေပေါ်မှာထက် အစောဆုံး မြင်တွေ့ ခဲ့ရတာက ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာပဲ ဖြစ်ပါတယ်။

“ကလေးမှာ ရေတွေ စကြီးနေပြီဆိုတဲ့ သတင်းက ဆိုရှယ်မီဒီယာပေါ်မှာ အရင်တက်လာတာ။ အဲ့ဒီအချိန်ကစပြီး သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီသိလာကြရတာ။ နေ့စဉ်ထုတ် သတင်းစာတွေ မှာက အဲ့ဒီနောက်မှ သိရတာ။ အဓိက အချက်ကတော့ မိုဘိုင်းဖုန်း သုံးလာနိုင်တာတွေ များလာတာနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ ဆက်သွယ်ရေး ကဏ္ဍပြောင်းလဲမှုကို ကျေးဇူးတင်တယ်။ လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Facebook က ဒီနေရာမှာ အရမ်းအသုံးတည့်လို့ ကျေးဇူးတင်တယ်” ဟု သူမက ဆိုပါတယ်။

မဆွေမွန်ချိုလို အင်တာနက် ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်ကနေ ရေဘေးသင့် ဒေသက ပြည်သူတွေအတွက် ပရဟိတ လုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်နေတဲ့ အခြား အဖွဲ့အစည်းတွေ၊ လူငယ်တွေ အများအပြား ရှိနေပါသေးတယ်။

မြန်မာနိုင်ငံရဲ့ စမတ်ဖုန်း သုံးစွဲနိုင်တဲ့ ပမာဏက လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုနေတဲ့ အရေအတွက်က သန်း ၂၀ ကျော် အထက်မှာ ရှိနေပါပြီ။ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနေတဲ့ အရေအတွက်က ၁၈ သန်းကျော် ရှိနေပြီလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံတွင်း တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှု အရှိန်နဲ့ မြင့်တက်လာတာနဲ့ တစ်ချိန်တည်းမှာပဲ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာရေးစီးကြောင်းပေါ်မှာ ခလုတ်ဖုန်းတွေကနေ ကွန်ပျူတာ တစ်လုံးနီး ပါး အသုံးပြုလာနိုင်တဲ့ စမတ်ဖုန်း ကိုင်ဆောင်မှုက မြင့်သည်ထက် မြင့်လာနေပါတယ်။

ပြည်တွင်းမှာ စမတ်ဖုန်းနဲ့ လူမှုကွန်ရက် အသုံးပြုနေတဲ့ အရေအတွက်က ၂ သန်းကျော်ရှိလာတဲ့ အပြောင်းအလဲတစ်ခုက စမတ်ဖုန်း အသုံးပြုသူတိုင်းကို လူထုထဲက သတင်းသမား တစ်ဦး ဖြစ်လာစေတာပဲ ဖြစ်တယ်လို့ ပြည်တွင်းက သတင်းစာ ဆရာအချို့က ဆိုကြပါတယ်။

နည်းပညာမြင့်မားလာတဲ့ စမတ်ဖုန်းတွေကို  ကိုင်ဆောင် အသုံးပြုသူတွေ များပြားလာတာနဲ့ အမျှ ရောဒေသတိုင်းမှာ နေ့စဉ်နဲ့ အမျှ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေဟာ အင်တာနက်ပေါ်က လူမှု ကွန်ရက် စာမျက်နှာတွေကို အချိန်နဲ့ တပြေးညီ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

စမတ်ဖုန်း အသုံးပြုမှု မြင့်တက်လာခြင်းရဲ့ အကျိုးဆက်ကြောင့် လူထုထဲက တာဝန်သိတဲ့ နိုင်ငံသား သတင်းထောက်တွေလည်း အများအပြား ပေါ်ထွက်လာတာဖြစ်ပြီး သတင်း အမှန်တွေကိုလည်း အဖွဲ့အစည်းတစ်ခုက သော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သော်လည်းကောင်း ထိန်ချန်ရန် အခွင့်အရေးများလည်း နည်းပါးလာပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လွတ်လပ်ခွင့်ကို သတင်းအမှောင်ချ ခံထားခဲ့ရတဲ့ ကာလတစ်ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် အချိန်မှာ ဒီနေ့ခေတ်လို စမတ်ဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှုများ တွင်တွင်ကျယ်ကျယ် မထွန်းကားသေးသောကြောင့် စာဖတ်သူများ အနေဖြင့် သတင်း အမှန်များနှင့် ဖြစ်ပေါ်နေသည့် ပကတိအကြောင်းအရာများကို အတိအကျ သိရှိခွင့် မရရှိခဲ့ကြဘူးလို့ ပြည်တွင်း သတင်းစာလုပ်ငန်းက သတင်းထောက်အချို့က ဆိုကြတယ်။

“သတင်း အမှောင်ချခံထားခဲ့ရတဲ့ ကာလတုန်းက လူတွေသတင်းတစ်ခုကို အတိအကျ၊ မှန်မှန်ကန်ကန် သိရဖို့ အခွင့်အလမ်းက အရမ်းနည်းခဲ့တယ်။ အခုလို စမတ်ဖုန်း သုံးတာတွေ မြင့်တက်လာပြီး အင်တာနက် ဆက်သွယ်မှု စနစ်ကလည်း တော်တော်လေး ကောင်းလာတဲ့အချိန်မှာ လူမှုကွန်ရက်က အရမ်း အကျိုးရှိလာတယ်။ အခု ရေဘေးသင့်တဲ့ ကိစ္စမှာ ဆိုရှယ် မီဒီယာပေါ်ကမှတစ်ဆင့် ပရဟိတ လုပ်ငန်းတွေကို ပိုပြီး လုပ်ဖြစ်လာကြတာပါ”လို့ စင်ကာပူနိုင်ငံတွင် နေထိုင်သည့် Facebook ပုံမှန်သုံးစွဲသူ Web Developer တစ်ဦးဖြစ် တဲ့ အမျိုးသားလူငယ် တစ်ဦးက ပြောပါတယ်။

မိုဘိုင်းဖုန်း သုံးစွဲမှုမြင့်တက်လာခြင်းရဲ့ နောက်ဆက်တွဲအကျိုး သက်ရောက်မှုတွေ ဖြစ်တဲ့ စမတ်ဖုန်းအသုံးပြုသူ များပြားလာတာတွေ၊ မိုဘိုင်းဖုန်းပေါ်ကနေ အင်တာနက် သုံးစွဲမှု များပြား လာတာတွေကြောင့် စမတ်ဖုန်း ကိုင်ဆောင်သူတိုင်း တာဝန်သိ နိုင်ငံသား သတင်း သမားတစ်ဦးဖြစ်နိုင်ဖို့ အခွင့်အရေးရှိလာပြီး သတင်းအမှန်တွေကို ထိန်ချန်ဖို့လည်း အခွင့်အရေးတွေ နည်းပါးလာတာကြောင့် ဆိုရှယ်မီဒီယာပေါ်က ပရဟိတ လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်လာနိုင်တာပါလို့ ရန်ကုန်မှာ နေထိုင်ကြတဲ့ လူငယ်အချို့က တညီတညွတ်တည်း ဆိုလာကြပါတယ်။

“ကျွန်မအမြင် ပြောရရင်တော့ လူတိုင်းက ဆိုရှယ်မီဒီယာပေါ်မှ သတင်းသမားဖြစ်လာတယ်။ အင်တာနက်သုံးတဲ့ သူတိုင်း သတင်း တွေကို အမြန်ဆုံးသိလာရတယ်။ သတင်းတွေကို လျင်လျင်မြန်မြန် သိလာရလို့ အခုလို ရေဘေးသင့်တဲ့ ဒေသတွေအတွက် လူမှုရေး လုပ်ငန်းတွေကို လုပ်နိုင်တာပါ။ သတင်းစာ လွတ်လပ်ခွင့် ရလာတာကိုလည်း ကျေးဇူးတော့တင်မိ ပါတယ်”ဟု ဆေးဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်ပြီး ရေဘေးရှောင် ပြည်သူများအတွက် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ပေးနေသည့် မသီရိက ဆိုပါတယ်။

ပြောင်းလဲ တိုးတက်လာတဲ့ မြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာသုံးစွဲမှုမှာ အစိုးရအဖွဲ့အစည်းက လူသိများတဲ့ တာဝန်ရှိသူအချို့လည်း သိသိသာသာ ပါဝင်လာနေပါတယ်။ အစိုးရဘက် ဆိုင်ရာ တာဝန်ရှိသူ အချို့ဟာလည်း  သတင်းအချက်အလက်တွေကို Facebook လို လူမှုကွန်ရက်ပေါ်ကနေ ဖြန့်ဝေတာတွေကို ပိုပြီး လုပ်ဆောင်လာ ကြပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ သုံးစွဲမှု ရေစီးကြောင်း ပြောင်းလဲလာတာကို သိသာစေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။

ဆိုရှယ် မီဒီယာပေါ်ကနေ တစ်ဆင့် ပရိဟတ လုပ်ငန်းတွေကို အများပြည်သူနဲ့ အတူတူ လုပ်ဆောင်လာကြတဲ့ အဖွဲ့တွေမှာ ပုဂ္ဂလိက အဖွဲ့အစည်းတွေအပြင် အစိုးရနဲ့ ဆက်စပ် အခြားအဖွဲ့ အစည်းတွေလည်း ရှိနေပါသေး တယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သူတို့ရဲ့ ဝန်ဆောင်မှုကို သုံးစွဲနေသူတွေနဲ့ ပူးပေါင်းပြီး ဆိုရှယ် မီဒီယာပေါ် ကနေတစ်ဆင့် ကျပ်သိန်းပေါင်း သုံးထောင်ကျော် ပမာဏရှိတဲ့ အလှူငွေတွေကို ရေဘေးသင့်တဲ့ ဒေသက ပြည်သူ တွေအတွက် ရရှိခဲ့တယ်လို့ သိရပါတယ်။

ကာတာဆက်သွယ်ရေး ကုမ္ပဏီနဲ့ နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီတို့က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထက်အရင် ဆိုရှယ် မီဒီယာ ပေါ်ကနေတစ်ဆင့် ရေးဘေး သင့် ဒေသခံတွေ အတွက် ကယ်ဆယ် ရေးလုပ်ငန်းတွေကို စတင် လုပ်ဆောင်ခဲ့တာပါ။

“ရေဘေးသင့်တဲ့ ဒေသတွေ က ဒေသခံတွေ အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုလူ မှုကွန်ရက် စာမျက်နှာပေါ်ကနေမှ တစ်ဆင့် ကြော်ငြာတယ်။ နောက် ဖုန်းတွေကို SMS တွေ ပေး ပို့တယ်။ အောင်မြင်ပါတယ်။ လူတွေကလည်း  အားတက်သရော ဖုန်းSMS ကနေတစ်ဆင့် လှူဒါန်းကြတယ်။ ဒါက ဒီနိုင်ငံမှာ ဆက်သွယ်ရေး ကဏ္ဍ တိုးတက်လာတာကို မီးမောင်း ထိုးပြတာပါပဲ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုလာပါတယ်။

ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်ကနေ ပရဟိတ လုပ်ငန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေ ကို အရပ်ဖက်အဖွဲ့အစည်းတွေ အပြင် အစိုးရအဖွဲ့အစည်း အချို့ကပါ ထဲထဲဝင်ဝင် လုပ်ဆောင် လာကြပေမယ့် အစိုးရပိုင်းက အချို့ အဖွဲ့အစည်းတွေမှာတော့ ဆိုရှယ် မီဒီယာတစ်ခုဖြစ်တဲ့ လူမှုကွန်ရက်ကို ကြောက်လန့်တဲ့ ရောဂါတစ်ခု ရှိနေပါတယ်။

“ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး လုပ်ကိုင်တာ အခက်အခဲ မရှိပေမယ့် ဌာနဆိုင်ရာဘက်ကတော့ ဒီဆိုရှယ်မီဒီယာကို အနှောင့်အယှက်တစ်ခုလို မြင်နေတာကိုတော့ သတိထားမိပါ တယ်” ဟု မန္တလေး အလင်း သတင်းစာက သတင်းအယ်ဒီတာ ကိုသန့်ဇင်ဦး က ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ရေလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး ကျွဲ၊ နွားနဲ့ အခြားတိရစ္ဆာန်တွေပါ ဒုက္ခရောက်၊ သေဆုံးတာတွေ၊ နာမကျန်း ဖြစ်လာတာတွေ ရှိနေပါ တယ်။ ရေဘေးသင့် တိရစ္ဆာန်တွေ ထဲက နွားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးရွားနေတဲ့ သတင်းဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ သိသိသာသာ ရှိသွားမှာကို ဒေသအချို့က တာဝန်ရှိသူများက စိုးရိမ်နေခဲ့ကြတယ်လို့လည်း သိရပါတယ်။

“သူတို့ မလုပ်နိုင်ဘူး ဆိုတာမျိုး ပြောလာကြမှာကို စိုးထိတ်တာပေါ့။ ပုဂ္ဂလိက အဖွဲ့အစည်းက လူငယ်လေးတွေ လာလှူကြတယ် နွားစာတွေ။ နွားတွေ အစာရေစာပြတ် တယ်ဆိုတာ အင်တာနက်ပေါ် ဆိုရှယ်မီဒီယာနဲ့ ပရဟိတ စိတ်ဓာတ်မှ ရောက်ပြီးမှ နွားစာအလှူတွေ ဆက်တိုက်ဝင်လာတာ။ ဒီဘက်က နွားတွေဆို အစာရေ စာပြတ်နေတာ ငါးရက်ခြောက်ရက်လောက် အထိ ရှိခဲ့တာ။ဖုန်းတွေပေါလာတာနဲ့ အင်တာနက် ဆိုတာကြီးကို ကျေးဇူးတင်မိပါရဲ့ဗျာ”ဟု ဧရာဝတီ တိုင်းဒေသကြီးက ရေဘေးသင့် ဒေသတစ်ခုဖြစ် တဲ့ အင်္ဂပူမြို့နယ်က ဒေသခံ တောင်သူ တစ်ဦးက အခုလိုပဲ ပြောလာတာဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေကနေမှ တစ်ဆင့်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ပရဟိတလုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ခဲ့တဲ့ အတွက် ပရိဟတ အဖွဲ့အစည်းအသီးသီးက လူငယ်တွေက ပျော်နေကြတာကို ဒီနေ့စာဖတ်သူရဲ့Facebook စာမျက်နှာပေါ်မှာ မြင်တွေ့ရမှာ သေချာပါတယ်။

“ဆိုရှယ်မီဒီယာကြောင့်အကူအညီ ရောက်တာလည်းမြန်တယ်။ အခုနွားအကောင်ရေ တစ်သောင်းခွဲကျော်ကို အွန်လိုင်းတစ်ခုတည်း အသုံးပြုပြီးကူညီနိုင်ခဲ့တယ်။ ကူညီနေဆဲ အကောင် ၅၀၀၀ လောက်ရှိတယ်။ ဒါတွေအားလုံးက ဆိုရှယ်မီဒီယာ ကျေးဇူးပါ။ သုံးရက်လောက် အတွက်နေ့ ညဆက် လုပ်လိုက်တာ ဒီပမာဏကို ကူညီလိုက်နိုင် တယ်ပေါ့နော်။ ဒီမှာ အကျိုးကျေးဇူးတွေက နွား အကောင်သောင်းနဲ့ ချီပြီး ကူညီဖို့ ချိတ်ဆက်ကြတဲ့ နေရာမှာအလှူခံတဲ့ကျွန်တော်ရော လှူတဲ့ လူတွေရော တာဝန်ခံ ခွဲဝေပးတဲ့ လူတွေရော အပြင်မှာသိတဲ့ လူရှိသလို လုံးဝမသိတဲ့ လူတွေလည်း အများကြီးပါပဲ။ အပြင်မှာအလှူခံရင် ဒီလောက် အချိန်ခဏလေးနဲ့ ပမာဏများများ မရနိုင်ပေမယ့် အွန်လိုင်းရဲ့အားသာချက်က မြန်တော့ ဒီလို ကောင်းကျိုးတွေ ရပါတယ်”လို့ ကိုသန့်ဇင်ဦးက ဆိုရှယ် မီဒီယာပေါ်ကနေ ပရဟိတ လုပ်ကိုင်ရတဲ့ အကျိုးကျေးဇူးတွေကို အခုလိုပဲ ပြောလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်အနည်းငယ် အတွင်း မိုဘိုင်းဖုန်း သုံးစွဲမှုတွေ မြင့်တက်လာပြီးစမတ်ဖုန်း အသုံးပြုသူတွေပါ များပြားလာတာကြောင့် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ အရေအတွက်ကလည်း အခုအချိန်မှာ၁၈သန်းလောက် ရှိနေပါပြီ။ စမတ်ဖုန်းကိုင်ပြီး Facebook အသုံးပြုသူ အရေအတွက်က နှစ်သန်းကျော် ရှိနေတာကြောင့် ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ သတင်းတွေမှာ ဟုတ်မှန်တဲ့ သတင်းတွေ အပြင် လုပ်ကြံတဲ့ သတင်းမှားတွေပါ ရောထွေး နေတတ်ပါတယ်။

“သတင်းအမှောင်ချခံထားရသည့် ကာလတစ်ခုဖြစ်တဲ့ နာဂစ်မုန်တိုင်းတုန်းကတော့ ပရဟိတအလုပ်တွေကို ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရတယ်။ တကယ်ကိုပရဟိတ လုပ်သူတွေ ဟာ အခက်အခဲ အများကြီးနဲ့ ရင်ဆိုင် တွေ့ကြုံခဲ့ရတယ်။ ဒေသခံအာဏာပိုင်တွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ခြိမ်းခြောက်မှုတွေကိုလည်း အများကြီး ကျော်ဖြတ်ခဲ့ကြရတယ်။ အဲဒီတုန်းက ပရဟိတလုပ်ရင် ထောင် ကျနိုင်တဲ့ အနေအထားရှိနေတဲ့ အတွက် မိသားစု အသိုင်းအဝိုင်း၊ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေရဲ့ စိုးရိမ်ပူပန်စွာ တားဆီးမှုတွေကြောင့် လွတ်လပ်စွာ လှုပ်ရှားခွင့်မရခဲ့ပါဘူး”လို့ ရခိုင်တိုင်း ရင်းသား လူငယ်တစ်ဦးဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေသူ ကိုတေဇာအောင်က သူ့ရဲ့ အတွေ့အကြုံကိုအခုလို ဆိုလာတာပါ။

ဒါပေမဲ့ လက်တလော ဖြစ်ပေါ်ခဲ့တဲ့မြန်မာနိုင်ငံက ရေဘေးသင့်တဲ့ ဒေသတွေ အတွက် လိုအပ်တဲ့ အကူအညီတွေကို မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေကနေ တစ်ဆင့် ဆိုရှယ် မီဒီယာကို အသုံး ချပြီး အောင်အောင်မြင်မြင် လုပ်ဆောင်ပေးနိုင်နေတာတွေနဲ့ ပတ်သက်ပြီး ကိုတေဇာအောင်ကအခုလို ဆက်ပြောပါတယ်။

“အခုရေဘေးမှာဆိုရင် မိဘတွေကိုယ်တိုင်ပရဟိတလုပ်ဖို့ အတွက်အားပေးကူညီတာ တွေတွေ့ရတယ်။အဲဒီလိုပြောင်းလဲလာတာဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲမှုကလည်း အများကြီး ပါဝင် ပတ်သက်နေပါတယ်။ ဒါ့အပြင်စမတ်ဖုန်းတွေ ဈေးနှုန်းသက်သာလာတယ်၊ ဖုန်းခေါ်ဆိုခတွေ အင်တာနက် အသုံးပြုခတွေဟာ လည်း သက်သာလာတဲ့ အတွက် အင်တာနက် သုံးစွဲသူဦးရေဟာ သိသာစွာ တိုးတက်လာနေပါတယ်။ အဲလိုတိုးလာတဲ့အခါမှာ တစ်နေရာမှာ ဖြစ်ပျက်နေတာကို နောက်တစ်နေရာက သူတွေက ချက်ချင်းသိရှိလာနိုင်ကြတယ်။ အဲ့လို အားသာချက်တွေကလည်း ပရဟိတ လုပ်ဖို့အတွက် တွန်းအားတွေ ဖြစ်ပေါ်လာသလို လုပ်ချင်စိတ်တွေကို နှိုးဆွပေးနေတာ ဖြစ်တယ်လို့ ထင်တယ်”

မြန်မာနိုင်ငံရဲ့Facebook  လူမှုကွန်ရက်ကို သုံးစွဲနေတဲ့ အရေအတွက်က အခုအချိန်မှာ ၅သန်းကျော်နေပြီဖြစ်ပါတယ်။ တစ်ရက်ကို  Facebook Account အသစ်ပြု လုပ်သူအရေအတွက် ၇ သောင်းလောက် ရှိနေတာကြောင့် လူသုံးများနေတဲ့ ဒီဆိုရှယ် မီဒီယာပေါ်မှာ သတင်းအမှားတွေက အမှန်တွေနဲ့ရောထွေးနေမှုဟာ အချိန်နှင့်အမျှ ဖြစ်နေပါတယ်။

ဒါက Facebook ဟာစာဖတ်သူနဲ့ အင်တာနက် အသုံးပြုသူတွေအတွက် သတင်းရင်းမြစ်တစ်ခု ဖြစ်လာနေတာပဲ ဖြစ်ပါတယ်။ အမှားအမှန် သတင်းတွေနဲ့ရောထွေးနေတတ်တဲ့ ဒီလူမှု ကွန်ရက်ပေါ်မှာ ဝါဒဖြန့်တဲ့ သတင်းမှားတွေကလည်း နေ့စဉ်နဲ့အမျှပါပဲ။

လူမှုကွန်ရက်ပေါ်ကနေ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အခါမှာသတင်းမှားတွေနဲ့လည်းတွေ့ကြုံနေရတယ်လို့ ပရဟိလုပ်ကိုင်နေသူ လူငယ်တွေဆီကနေသိရပါတယ်။

“လူမှုကွန်ရက်ဟာ သတင်းရစ်မြစ်တစ်ခု ဆိုတဲ့ အချက်ကတော့ လက်ခံပါတယ်။ ဒါပေမဲ့ အလုံးစုံမှန်ကန်တဲ့ သတင်းအရင်းအမြစ် မဟုတ်တော့ တချို့ကိစ္စတွေမှာ အဆိပ်တွေ ပါလာတတ်တယ်။ အဲ့အချက်က သိပ်ကြောက်စရာ ကောင်းပါတယ်။ အခုထိတော့ ၅၀-၅၀ဟာ အမှန်နဲ့အမှား ရောထွေးနေတုန်းပဲ လို့ညီမတော့မြင်တယ်။ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက ပါးနပ်ပြီးရှေ့နောက် တွေးခေါ် ချင့်ချိန်နိုင်ရင်တော့ ကိုယ်သင့်တဲ့ အဆိပ်ကနည်းမှာပါ”လို့ပြောလာတဲ့သူက ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ မဝတ်ရည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသတင်း အမှောင်ချခံထားခဲ့ရတဲ့ ကာလတစ်ခုကနေ လွတ်မြောက်လာတဲ့ ဒီနေ့အချိန်မှာ မိုဘိုင်းဖုန်း အသုံးပြုသူတွေနဲ့ စမတ်ဖုန်း အသုံးပြုသူတွေ အပြင် အင်တာနက်သုံးစွဲမှုနှုန်းက ကျေးလက်ဒေသတွေမှာပါ မြင့်တက်လာနေတာဖြစ်လို့ ဆိုရှယ်မီဒီယာဟာ အသုံးတည့်မယ့် ဆေးတစ်ခုတော့ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ် ။ အမှားအမှန် သတင်းတွေ ရောထွေးနေတတ်တဲ့ ဆိုရှယ် မီဒီယာပေါ်က နေလူမှုရေးလုပ်ငန်းနဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်လာနိုင်တာတွေကလည်း တနေ့တခြား တိုးတက်နေပါတယ်။

မဆွေမွန်ချိုကတော့ သူမဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေကို သူမသူငယ်ချင်းတွေနဲ့ အတူတူ ဆိုရှယ် မီဒီယာစာမျက်နှာတွေပေါ်ကနေ ဆက်ပြီး လှုပ်ရှားသွားမယ်လို့ ဆုံးဖြတ် ထားပြီးပြီ ဖြစ်ပါတယ်။