အဆင့်မြင့် ဇိမ်ခံတန်းဝင် အသေးစား SUV 2015 Dodge Durango

SUV-2015-Dodge-Durango-LH-Online-Article-2015Aug18.jpg

ကားဈေးကွက်က မထင်ရဘဲနဲ့ SUV ကားတွေ ခေတ်ကောင်းတဲ့ဘက်ကို လှည့်လာတာတစ်ခုကတော့ ထူးဆန်းနေပါတယ်။ တကယ်တမ်းဆိုရင်တော့ မြို့တွင်း
သုံးအနေနဲ့ပဲ ဖြစ်ဖြစ်၊ ပွဲတက်အနေနဲ့ပဲ ဖြစ်ဖြစ် ကြည့်ကောင်းတယ်ဆိုတဲ့ မော်ဒယ်က ဆီဒင်တွေပါ။ ဒါပေမဲ့ SUV ဆိုတဲ့ နေရာမှာလည်း ကိုယ်ထည်ပိုင်း သေးသေး၊ ဝန်လည်း ပေါ့ပေါ့၊ စွမ်းဆောင်ရည်လည်း မဆိုးတဲ့ မော်ဒယ်တွေဖြစ်တဲ့ Crossover တွေ ခေတ်စားလာတာ ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေက ပုံမှန်ဆိုရင် အင်ဂျင်စနစ်အကြီးစားတွေ တပ်ဆင်ထားမှာ ဖြစ်ပေမယ့် Crossover ဆိုတဲ့ မော်ဒယ်တွေကတော့ အင်ဂျင်အလတ်စား ဒါမှမဟုတ်ရင် Turbo လို စနစ်တွေ ကူထားတဲ့ အင်ဂျင်အသေးစားစနစ်တွေကို တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည်လည်း မဆိုးသလို ဆီစားလည်း သက်သာတာကြောင့်၊ နောက်ဆုံး လမ်းကြောင်းစုံမှာလည်း မောင်းနှင် နိုင်မှာဖြစ်လို့ ဈေးကွက်မှာ လူကြိုက်များလာတာပါ။ ဒီတော့ဈေးကွက်ကို လည်း စောင့်ကြည့်နေတဲ့ ကားကုမ္ပဏီတွေက Crossover လို မော်ဒယ်တွေ ထုတ်လုပ်လာဖို့ ပြင်ဆင်လာကြပြီး ဒီထဲမှာ Dodge လည်း ပါလာတယ်ဆိုရင် မမှားပါဘူး။ ကောင်းပါပြီ၊ ဒီတော့ Dodge ရဲ့ မော်ဒယ်ကလည်း ဘယ်လောက်ထိအောင် ပြင်ဆင်ထားတယ်ဆိုတာ ကြည့်ရအောင်ပါ။

Durango အကြောင်း

တစေ့တစောင်း ဒီဇိုင်းအပိုင်းကတော့ Dodge ရဲ့ ရိုးရာရုပ်ထွက်အတိုင်း ထုတ်လုပ်ဖန်တီးထားတာ တွေ့ရပြီးတော့ ကြည့်လိုက်တာနဲ့ Dodge မှန်း သိသာ၊ ကွဲပြားအောင် ထုတ်လုပ်ထားဆဲပါ။ ဒါပေမဲ့ ရုတ်တရက်ကြည့်ရင်တော့ Durango က Mitsubishi RVR နဲ့ ရုပ်ထွက်ချင်း ဆင်ချင်သလိုရှိသလို နောက်က်မီးခွက် အထိုင်တွေကတော့ Ford Mustange ရဲ့ အထိုင်တွေနဲ့ အနည်းငယ် ဆင်တူတာ တွေ့ရပါတယ်။ အတွင်းပိုင်း ဖန်တီးထားမှုကတော့ အထူးသဖြင့် သားရေ၊ ကာဗွန်ဖိုက်ဘာ အထိုင်အရောမှာ အဖြူ နဲ့အနက်အရောက တော်တော်ကို ကြည့်ကောင်းလွန်းပါတယ်။ တည်ငြိမ်တယ်။ ရင့်ကျက်တယ်။ ဆွဲဆောင်မှု အပြည့်ရှိပါတယ်။

နောက်ပြီး အသက်ကယ် စနစ်အပါအဝင် အတွင်းပိုင်း တည်ဆောက်ထားရှိမှုတွေက လုံခြုံစိတ်ချရမှု အပိုင်းမှာရောအကြမ်းခံနိုင်ရည်မှာပါ မြင့်မား ကောင်းမွန်
ပါတယ်။ နောက်ပြီး တတိယထိုင်ခုံတန်း ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရသလို အရွယ်ရောက် ခရီးသည်တွေအထိ လိုက်ပါစီးနင်းနိုင်အောင် ကျယ်ဝန်း မြင့်မားပါတယ်။ နောက်တစ်ခုကတော့ စွမ်းဆောင်ရည် ဖြစ်ပြီးတော့ အထူးသဖြင့် V8 အင်ဂျင်တပ် မော်ဒယ်တွေက ပိုမို ကောင်းမွန်ပါတယ်။

Dodge လည်း နောက်ပိုင်းမှာ အာရှ SUV တွေကို အားကျလာတယ်နဲ့ တူပါတယ်။ ကိုယ်ထည်ကို အလျားတိုအောင်၊ မျက်နှာစာ ကျဉ်းအောင် ထုတ်လုပ်လာ တယ်လေ။ ဒီတော့ တတိယ ထိုင်ခုံတန်း ထည့်ထားတဲ့ Durango က ပြိုင်ဘက် အမေရိက SUV တွေနဲ့စာရင်တော့ ဝန်တင်ခန်း ကျဉ်းသွားပါတယ်။ ရမှတ် ရရှိမှု အပိုင်းမှာတော့ တစ်စီးလုံး အနေနဲ့ ၈.၃ မှတ်၊ စွမ်းဆောင်ရည် ၈.၄ မှတ်၊ အတွင်းပိုင်း ၇.၉ မှတ်၊ လုံခြုံ စိတ်ချရမှု ၉.၄ မှတ်နဲ့ ဈေးကွက် အောင်မြင်နိုင်မှု ၉ မှတ်ထိအောင် ရရှိထားပါတယ်။

ကိုယ်ထည်ပိုင်းနဲ့ အင်ဂျင်

အလျားက ၁၆ ပေနဲ့ ၁၀ လက်မနီးပါး၊ မျက်နှာစာအကျယ် ၆ ပေနဲ့ ၄ လက်မဝန်းကျင်နဲ့ကားရဲ့ အမြင့်က ၅ ပေနဲ့ ၁၁ လက်မဆိုတော့ Dodge က အာရှ ဈေး
ကွက်လို အလယ်အလတ်တန်းစား SUV ဈေးကွက်ထိအောင် ခြေဆန့်နိုင်ဖို့ ရည်ရွယ်ထားသလား အောက်မေ့ရပါတယ်။ မြေပြင်နဲ့ ကင်းလွတ်ပမာဏက ၈ လက်မကျော်ကျော်ဆိုတော့ ပုံမှန်လောက်ပဲဖြစ်ပြီး Off-road, On-road ရွေးစရာ မလိုတော့ပါဘူး။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၄၈၀၀ နီးပါးဆိုတော့ အမေရိကထုတ် SUV တွေထဲမှာ ပေါ့ပါး၊ သေးငယ်တဲ့ SUV တစ်စီးလို့ ဆိုနိုင်လောက်ပါတယ်။

တပ်ဆင်ထားမယ့် အင်ဂျင်က ၃.၆ လီတာသုံး V6 အင်ဂျင် ဖြစ်တာကြောင့် ပေါင် ၄၈၀၀ လောက်ကိုတော့ အကောင်းဆုံး ရုန်းနိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ Audi ရဲ့ Q7 မော်ဒယ် SUV ဆိုရင် ပေါင် ၅၃၀၀ လောက် လေးတာကို ၃.၀ လီတာသုံး V6 နဲ့ ရုန်းခိုင်းထားတာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး အင်ဂျင်ရဲ့ ရုန်းအားက ၂၆၀ ပေ-ပေါင်ကို ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၂၉၀ အားဆိုတာ ကြည့်လိုက်ရုနဲ့ Dodge က အင်ဂျင်ပိုင်း တည်ဆောက်မှုမှာ ဘယ်လောက် ဆရာကျတယ်ဆိုတာ သိနိုင်ပါတယ်။

စွမ်းဆောင်ရည်နဲ့ ဆီ

အင်ဂျင်ရဲ့ တစ်မိနစ် လည်ပတ်နှုန်းက အမြင့်ဆုံး အပတ်ရေ ၆၄၀၀ ရှိမယ် ဆိုတော့ အနည်းငယ် များနေတာကြောင့် ဆီစားနှုန်းတော့ တာသွားနိုင်ပါတယ်။ နောက်ဘီးယက်စနစ်ဖြစ်ပြီး အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၈ ချက်ထိအောင် ဖြစ်သလို Auto စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းက သဘောကျစရာဖြစ်ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းကို အချိန် ၅.၄ စက္ကန့်နဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဆီစားနှုန်းအပိုင်းမှာတော့ အရင်က ထုတ်လုပ်လာခဲ့တဲ့ Dodge ရဲ့ Truck နဲ့ မတူဘဲ တော်တော်လေး သက်သာလာတာ တွေ့နိုင်ပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၂၄.၆ ဂါလံထိအောင်ဆံ့မှာဖြစ်ပြီးတော့ သူ့ရဲ့ ပျမ်းမျှ ဆီစားနှုန်း ဆီတစ်ဂါလံကို ၂၁ မိုင် ဖြစ်ပါသတဲ့။ မြို့တွင်း လမ်းကြောတွေမှာ ၁၇ မိုင်နဲ့ အဝေးပြေးလမ်းတွေပေါ်မှာ ၂၄ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ့် Durango က Dodge ရဲ့ လက်ထွက်မှ ဟုတ်ပါလေစလို့တောင် မေးရမလိုပါဘဲ။

တပ်ဆင်ထားရှိမှုနဲ့ လုံခြုံစိတ်ချရမှု

ပုံမှန် SUV တွေရဲ့ စွမ်းဆောင်နိုင်မှုအတိုင်း Bluetooth တပ်ဆင်ထားတယ်။ နောက်ပြီး Media Player နဲ့ Monitor တစ်လုံး ပါရှိမှာ ဖြစ်သလို Satellite Radio ကိုလည်း နားဆင်နိုင်မယ်။ Memory Card နဲ့ ဖြစ်ဖြစ် USB နဲ့ ဖြစ်ဖြစ်လည်း ချိတ်ဆက် ဖွင့်လှစ်နိုင်မယ်။  Audio ပိုင်းအတွက် Speaker ၆ လုံးထိအောင် ပါရှိမယ်။ ထိုင်ခုံနေရာ ၇ ခုံနဲ့ ခရီးသည် ၈ ယောက်ထိအောင် စီးနင်းနိုင်မယ်။

ဘရိတ်စနစ်က လေးဘီးချုပ် ABS စနစ် ဖြစ်ပြီးတော့ တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ မောင်းနှင်နေရင်းကနေ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ရုတ်တရက် ရပ်တန့် လိုက်
မယ်ဆိုရင် အကွာအဝေး ပေ ၁၂၀ နီးပါးပဲ ယူမှာ ဖြစ်တာကြောင့် ကောင်းမွန်ပါတယ်။ နောက်ပြီး Traction Control နဲ့ Stability Control တွေလည်း သုံးနိုင်မှာ ဖြစ်
သလို Power Steering ကိုပါ တပ်ဆင်ထားတာတွေက Navigation System မပါပေမယ့် ကောင်းမွန်ပါတယ်။