မိုဘိုင်းဖုန်းအသုံးပြုမှု အချက်အလက် ပေါက်ကြားခြင်း အတွက် Ooredoo ကို တရားစွဲမည်

1185259_415034928619753_2075864627_n.png

Ooredoo မိုဘိုင်းဆင်းမ်ကတ် 09-973573372 ကို ကိုင်ဆောင်ထားသည့် အမည်မဖော်လိုသော အမျိုးသမီးသည် ၎င်း၏ မိုဘိုင်းဖုန်း ဆက်သွယ်ပြောဆိုမှု အချက်အလက်များ ပေါက်ကြားခဲ့သည့် အတွက် Ooredoo ကို တရားစွဲဆိုသွားမည်ဟု အင်တာနက်ဂျာနယ်သို့ ပြောသည်။

“အခုခရီးသွားနေလို့ပါ။ ရှေ့နေလည်း ငှားပြီးသွားပြီ။ ပြန်လာတာနဲ့ တရားစွဲသွားမှာပါ။ ၁၀ ရက်အတွင်း နစ်နာမှုကို ဖြေရှင်းပေးဖို့အတွက်လည်း အကြောင်းကြားထားခဲ့တာ အခု ပြည့်သွားပါပြီ” ဟု မိုဘိုင်းဖုန်း ပြောဆိုမှု မှတ်တမ်းများ ချိုးဖောက်ခံခဲ့ရသည့် အမျိုးသမီးက ဆိုသည်။

မိုဘိုင်းဖုန်းပြောဆိုမှု မှတ်တမ်းများ ပေါက်ကြားခဲ့ခြင်းသည် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စ ရပ်တစ်ခုဖြစ်ပြီး အဆိုကိစ္စရပ်နှင့် အဓိကသက်ဆိုင်သည့် ဝန်ထမ်း အမျိုးသမီးတစ်ဦးကို Ooredoo အနေဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့သည့်အပြင် အချက်အလက်ပေါက်ကြားမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှုများလည်း ပြုလုပ်ထားသည်ဟု သိရသည်။

“၀န်ထမ်းရဲ့သူငယ်ချင်း အမျိုးသမီး တစ်ဦးဆီကနေ အခြားအမျိုးသား တစ်ဦးဆီကို ပေါက်ကြားသွားခဲ့တာပါ။ ဒါဟာ ကာယကံရှင်အနေနဲ့တော့ အတော်ခံပြင်းထိုက်ပါတယ်။ အခုဆိုရင် အချက်အလက် ထုတ်ပေးလိုက်တဲ့သူကို ဇူလိုင်လ ၃ ရက်နေ့ကစပြီးတော့ အလုပ်ထုတ်လိုက်ပါတယ်။ ပြီးတော့ တရားစွဲဆို ထားတာလည်း ရှိပါတယ်”ဟု Ooredoo ဟု ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။

အချက်အလက် ပေါက်ကြားခြင်း ဆိုသည်မှာ မိုဘိုင်းဖုန်းခေါ်ဆိုမှု မှတ်တမ်းများသာဖြစ်ပြီး အသံဖိုင်များနှင့် ဓာတ်ပုံများ ပေါက်ကြားခဲ့ခြင်းမဟုတ်ကြောင်း၊ ဆိုရှယ်မီဒီယာ၌ ပျံ့နှံ့နေသည့် အချို့သောအချက် အလက်များသည် မှားယွင်းနေကြောင်းနှင့် ဝန်ထမ်းများသည် အလုပ်စတင် ဝင်ရောက်စဉ်ကတည်း က အချက်အလက်လုံခြုံရေးနှင့် ပတ်သက်၍ ဝန်ခံလက်မှတ် ထိုးထားသူများဖြစ်ကြောင်း ဒေါ်သီရိကြာညိုက ဆိုသည်။

“ဒီလိုမျိုး အချက်အလက်တွေဆိုတာ အစိုးရက တောင်းရင်တောင်မှ စိစစ်ပြီးမှ ပေးရတာမျိုးတွေပါ။ အခု ဝန်ထမ်းကိုလည်း တရားစွဲထားတယ်။ အချက်အလက် ပေါက်ကြားခြင်း ခံခဲ့ရတဲ့ ကာယကံရှင်ကိုလည်း သေချာရှင်းပြပါတယ်။ Ooredoo အနေနဲ့ကလည်း ဒါကို ငွေကြေးအရှိန်အဝါနဲ့ ဖြေရှင်းမှာ မဟုတ်ပါဘူး။ တရားဥပဒေအရ ဖြေရှင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။