



CarsDB.com မှ ဝန်ဆောင်မှုများအား ရှင်းလင်းတင်ဆက်ခြင်းနှင့် iOS Application အသစ်မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ Central Hotel ၌ သြဂုတ်လ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် CarsDB.com မှ CEO ဖြစ်သူ ကိုဝေယံလင်းမှ ဝန်ဆောင်မှုများဖြစ်သည့် အခမဲ့ ဝန်ဆောင်မှုများ၊ Premium Dealers နှင့် Premium Cars ဝန်ဆောင်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး CTO ဖြစ်သူ ကိုမြတ်မင်းဟန်မှ အသစ်ထုတ်လုပ်လိုက်သော iOS Application အသုံးပြုပုံများနှင့် Feature များကို မိတ်ဆက် ရှင်းလင်းတင်ပြခဲ့သည်။
“ကျွန်တော်တို့ CarsDB.com က မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ လူသုံးအများဆုံး ကားအရောင်းအဝယ် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ လစဉ် ဝင်ရောက်ကြည့်ရှုသူဦးရေ ၁၂၀,၀၀၀ ကျော်ရှိပြီး ရောင်းချဖို့အတွက် ကားအစီးရေ ၁၅,၀၀၀ ကျော် တင်ထားပါတယ်။ ကျွန်တော်တို့ ဒီ CarsDB.com ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ကားအရောင်းအဝယ်လုပ်ငန်းများကို အွန်လိုင်းကနေတစ်ဆင့် ထိရောက်စွာ ဝန်ဆောင်မှုပေးနေပါတယ် ” ဟု CarsDB.com မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
CarsDB.com ၏ ဝန်ဆောင်မှုများတွင် အခမဲ့ကားကြော်ငြာတင်ခြင်း၊ Premium Dealer အဖြစ် ကားကြော်ငြာတင်ခြင်းနှင့် Premium Cars အဖြစ် ကားကြော်ငြာတင်ခြင်းတို့ ပါဝင်ပြီး အဆိုပါ ဝန်ဆောင်မှုများကို CarsDB.com တွင် အခမဲ့မှတ်ပုံတင်ပြီး စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
အခမဲ့ ကားကြော်ငြာတင်ခြင်းတွင် ရောင်းချလိုသော ကား၏ အချက်အလက်များနှင့် ဈေးနှုန်းများ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ထည့်သွင်းပြီး ကားကြော်ငြာ တင်နိုင်မည်ဖြစ်သည်။ အခမဲ့ တင်ထားသော ကားကြော်ငြာများသည် ဝက်ဘ်ဆိုက်ပေါ်တွင် ရောင်းမထွက်မချင်း အမြဲတမ်းရှိနေမည်ဖြစ်ပြီး အသုံးပြုသူများမှ ရှာဖွေသောအခါ မြင်တွေ့နိုင်မည် ဖြစ်သည်။