ပြည်တွင်းအနေအထားထိအောင် လူကြိုက်များလာတဲ့ GMC Terrain

2011-GMC-Terrain-SLE-010.jpg

ဟုတ်ပါတယ်၊ မော်ဒယ်က တကယ်တမ်းဆိုရင် အမေရိကန်ထုတ် မော်ဒယ်လည်း ဖြစ်တယ်၊ နောက်ပြီးတော့ ပြည်တွင်း ဈေးကွက် အနေအထားမှာ လူသိများပေမယ့် ဒီလောက်ကြီး လူကြိုက်များတာမျိုး မဟုတ်ပေမယ့် အခုနောက်ပိုင်း GMC Terrain တွေ ပြည်တွင်းမှာ တော်တော်ကို စီးလာကြတာပါ။ ဘာကြောင့် လဲဆိုရင် ဒါက ကျွန်တော့်အမြင် တစ်ခုတည်းနဲ့ ပြောပြချင်တာဖြစ်ပြီး အင်ဂျင်အရွယ်ကအစ အရွယ်သေးသေးနဲ့ နောက်ဆုံး ကိုယ်ထည်အရွယ်ကလည်း Compact လို့ ခေါ်တဲ့ အရွယ်တော် အနေအထားနဲ့ ထုတ်လုပ်လာတာကြောင့်ပါ။ များသောအားဖြင့် အမေရိကန်ထုတ် SUV တော်တော်များများက အားလုံးသိကြတဲ့ အတိုင်းပဲ အကြီးစားမော်ဒယ်တွေဖြစ်ပေမယ့် အခုမော်ဒယ်က ကိုယ်ထည်အနေအထား သင့်တာကြောင့်ပါ။ ဒါဟာ Terrain ကို လူစီးများတဲ့ တစ်ချက်တည်းတင် မဟုတ်သေးဘဲ သူနဲ့ ကိုယ်ထည်အရွယ်ချင်း သိပ်မကွာလှတဲ့ Cadillac SRX လို မော်ဒယ်တွေကိုပါ ပြည်တွင်း အနေအထားမှာ လက်ခံတဲ့ အတွက်ကြောင့် ကျွန်တော်က ပြောလိုက်တာပါ။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်လိုက်ရအောင်ပါ။

ထူးခြားလာသမျှ ….

အခု နောက်ဆုံး Terrain မှာတော့ ထူးခြားချက်အနေနဲ့ အရောင်အပိုင်းမှာဖြစ်ပြီး အရင်ကမော်ဒယ်တွေမှာ အနီရောင်ကို အားထားပြီး ထုတ်လုပ်ခဲ့တာ တွေ့
ရပေမယ့် ဘာကြောင့်များ ရယ်မသိဘဲ အခု နောက်ဆုံးထုတ် မော်ဒယ်မှာ အနီရောင် မထုတ်တော့လဲ မသိပါဘူး။ နောက်ပြီးအရောင်ပိုင်း ရွေးချယ်နိုင်မှု အပိုင်းမှာ အပြင်အရောင်အနေနဲ့ အမည်း၊ အဖြူ ၊ ငွေရောင်နဲ့ ကာကီရောင် လေးမျိုးတည်း ရနိုင်တော့သလို အတွင်းခန်းကဆိုရင် အမည်းနဲ့ အထည်သား တစ်မျိုးတည်း ရပါလိမ့်မယ်။ ဒါဟာ ရှေ့ပိုင်းထုတ် မော်ဒယ်တွေနဲ့ အခု မော်ဒယ်ကို ကွဲပြားအောင် ဖန်တီးလိုက်တဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။

သာချက် .. နာချက် …

Terrain အသစ်နဲ့ ပတ်သက်ပြီး မြင်မိသလောက်ကို ပြောရမယ်ဆိုရင် Lock စနစ်က အတွင်း၊ အပြင် နှစ်ခုစလုံး ပြည့်စုံကောင်းမွန်တာဖြစ်သလို အတွင်းပိုင်း အပြင်အဆင် ဆွဲဆောင်မှု ကောင်းရုံတင်မဟုတ်ဘဲ အသုံးပြု ပစ္စည်းတွေရဲ့ အရည်အသွေး ကောင်းမွန်တာကြောင့် စိတ်ချယုံကြည်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဝေးပြေးလမ်းကြောင်းတွေမှာ မောင်းနှင်ရမှု ကောင်းမွန်သလို V6 အင်ဂျင်နဲ့ လိုချင်သူတွေအတွက်လည်း ရနိုင်
မှာ ဖြစ်ပါတယ်။ နောက်ဘက်ထိုင်ခုံတန်းက ရှေ့တိုး၊ နောက်ဆုတ်ကနေ အနိမ့်၊ အမြင့်အနေအထားတွေကိုပါ စိတ်ကြိုက် ချိန်ညှိနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ မော်ဒယ်သစ်ရဲ့ အနေအထားက ပုံမှန် လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်ဆိုရင် အဝေးပြေးလမ်းကြောင်းတွေပေါ်
မှာ အင်ဂျင်သံက တည်ငြိမ်မှုမရှိဘဲ ကွဲထွက်နေတာ တွေ့နိုင်သလို ကုမ္ပဏီကပြောတဲ့ ဆီစားနှုန်း အနေအထားနဲ့ လက်တွေ့စမ်းသပ် မောင်းနှင်မှုတွေအရ တွေ့ရ
တဲ့ ဆီစားနှုန်းတွေ မတူညီတဲ့အချက်တွေ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဖျော်ဖြေရေးစနစ်ထဲက Display  စနစ်က အားနည်းချင်တာ ဖြစ်ပါတယ်။

မောင်းနှင်ဖို့ရာအတွက် …

V6 အင်ဂျင်စနစ်နဲ့လည်း ရနိုင်တယ်လို့ ပြောခဲ့သလို အဆိုပါ အင်ဂျင်စနစ်က စွမ်းဆောင်ရည်ပိုင်းမှာ အားကောင်းပေမယ့် ဘရိတ်ပိုင်းမှာ အားပြန်နည်းချင် တာကြောင့် ကျွန်တော်က ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်ကိုပဲ အကြိုက်တွေ့မိတာကြောင့် အခုလည်း သူ့အကြောင်းပဲ ပြောပါ့မယ်။ ၂.၄ လီတာသုံး လေးလုံးထိုး အင်ဂျင်ကနေ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၉၀၀ မှာ ရုန်းအားက ၁၇၂ ပေါင်-ပေရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၈၂ ကောင်အား ရှိမှာဖြစ်လို့ စွမ်းအင်ပိုင်း ပိုအားကောင်းပြီး မြို့တွင်း လမ်းကြောင်းတွေနဲ့ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ SUV ဖြစ်တာကြောင့် လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှုရနိုင်မှာ ဖြစ်ပေမယ့် ရုန်းအားနည်းနေတဲ့ အနေအထားက အရမ်းတော့ အားမကောင်းနိုင်ပါဘူး။

ဘယ်လောက်ရုန်းကန်ရမလဲ

မော်ဒယ်က ပြောခဲ့ပြီးသလို အရွယ်တော် အနေအထားရှိတဲ့ မော်ဒယ်တစ်ခုဖြစ်ပြီးတော့ ကိုယ်ထည်အလျား ၁၅ ပေနဲ့  ၅.၃ လက်မ၊ မျက်နှာစာအကျယ်က ၆ပေနဲ့ ၀.၈ လက်မရှိမှာ ဖြစ်သလို ကားရဲ့ အမြင့်ကတော့ ၅ ပေနဲ့ ၆.၃ လက်မထိအောင်ပဲ ရှိမှာဖြစ်လို့ မျက်နှာစာ ကျယ်ဝန်းတဲ့ အနေအထားမှာ တိမ်းမှောက်ဖို့တော့ ခက်တဲ့အနေအထားပါ။ ဒါဟာ GMC ရဲ့ ထုတ်လုပ်မှု ပုံစံဖြစ်ပြီး အတွင်းခန်း အနေအထားကို ကြည့်မယ်ဆိုရင် ရှေ့ဘက်ခန်းက ၅၅.၇ လက်မ နဲ့ နောက်ဘက်ခန်းကတော့ ၅၅.၃ လက်မထိအောင်ရှိနေမှာပဲ ဖြစ်ပါတယ်။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ၃၈၅၃ ပေါင် ထိအောင်ရှိနေမှာ ဖြစ်နေလို့ ပုံမှန်ထက် နည်းနည်းများနေချင်ပေမယ့် ဝန်တင်ဆောင် ရုန်းကန်နိုင်မှုကတော့ ပေါင် ၁၅၀၀ ထိအောင်ဖြစ်လို့ စိတ်ကြိုက်အနေအထားပါ။

ဘယ်လောက်စွမ်းနိုင်မလဲ …

မော်ဒယ်က ပုံမှန် အင်ဂျင်စနစ်နဲ့ဆိုရင် တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အချိန် ၉.၁ စက္ကန့် ထိအောင်ယူမှာ ဖြစ်ပေမယ့် V6 အင်ဂျင်တပ် မော်ဒယ်ဆိုရင်တော့ ၇
စက္ကန့်ပဲ ကြာမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းတော့ သိသိသာသာ ကွဲပြားတာ တွေ့ရပါတယ်။ မော်ဒယ်တွေကတော့ ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံယက်စနစ်နဲ့လည်း တွေ့ရပါတယ်။ Transmission ပိုင်းမှာတော့ Auto စနစ်နဲ့ပဲ ထုတ်လုပ်ထားတာ တွေ့နိုင်ပြီး ဂီယာချက် ၆ ချက်ကိုပဲ သုံးနိုင်မယ့် အနေအထားပါ။ ဒီတစ်ချက်ကတော့ ပြည်တွင်း အနေအထားအတွက် ဒီလောက်စကား မပြောပေမယ့် ပုံမှန်ဆိုရင်တော့ ၇ ချက်လောက်ဖြစ်သင့်ပါတယ်။

ဒါလေးတွေလဲ မှတ်ထားသင့်တယ်လေ ….

မော်ဒယ်တွေက ဆီစားနှုန်းအပိုင်းမှာက မြို့တွင်းမှာဆိုရင် ၂၂ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၃၂ မိုင်ထိအောင် ရမှာဖြစ်ပြီး ပျမ်းမျှကတော့ ၂၆ မိုင်လောက်ထိအောင် ရမှာပါ။ V6 မော်ဒယ်တွေကတော့ City ကို ၁၇ မိုင်နဲ့ Highway ကို ၂၄ မိုင်လောက်ပဲ ရပါလိမ့်မယ်။ နောက်ပြီး ဘရိတ်ပိုင်းမှာက ပုံမှန် အင်ဂျင်တပ် မော်ဒယ်တွေက တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်မယ်ဆိုရင် ၁၁၉ ပေမှာ ရပ်မှာဖြစ်လို့ ပုံမှန်ထက် နည်းနည်း ပိုကောင်းလာတာဖြစ်ပြီး V6 ကတော့ ၁၂၃ ပေထိ အောင်သွားမှာဖြစ်လို့ အားနည်းချင်နေတာ ဖြစ်ပါတယ်။ Satellite Radio လို တပ်ဆင်မှုတွေကအစ နောက်ဆုံး ဂြိုဟ်တု အခြေပြု မြေပုံစနစ်တွေလည်း ပါချင်ပေမယ့် အချက်အလက်ပြ စနစ်ကတော့ ကိုယ့်လက်ထဲ ရောက်ရင် ပြန်ပြီး ပြင်ဆင်အဆင့်မြှင့်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ကောင်းပါပြီ၊ ဒါဆိုရင်တော့ အရောင်ပိုင်းပြန်ပြီး ဆန်းသစ်ထားတဲ့ Terrain အနေနဲ့ အရမ်းကြီးတော့ ဈေးကွက်မှာ အောင်မြင်လာဖို့ သိပ်မတွေ့ရဘူးဆိုပေမယ့် လက်ရှိ အနေအထားကိုတော့ အကောင်းဆုံး ဆက်လက်ထိန်းထားနိုင်မယ့် မော်ဒယ်တစ်ခုဆိုတာ အသေအချာဖြစ်နေပါပြီ။