TI5 Records

CL_qW6rUEAAvZkM.jpg

၂ဝ၁၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ The International TI5 Dota 2 ပြိုင်ပွဲကြီးကတော့ သြဂုတ်လ ၈ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ Washington.DC မှာရှိတဲ့ Seattle Tower, Key Arena မှာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကမ္ဘာ့အဆင့် Dota 2 Tournament ကြီးဟာ ကမ္ဘာအဝှမ်းမှာရှိတဲ့ Professional Dota 2 အသင်းပေါင်းများစွာ ဝင်ပြိုင်လျက်ရှိပြီး ဆုကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာသန်းချီပြီး ပေးလျက်ရှိလို့ တစ်ကမ္ဘာလုံးက မျက်စိဒေါက်ထောက် ကြည့်
ရတဲ့ ခေတ်သစ်အားကစား E-Sports တွေထဲက အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခုဆိုလည်း မမှားပါဘူး။ ယခုနှစ်မှာတော့ နောက်ဆုံးအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့တဲ့ အသင်း ၁၆ သင်းကို ချီးမြှင့်တဲ့ စုစုပေါင်း ဆုကြေးငွေပမာဏအဖြစ် အမေရိကန် ဒေါ်လာ $18,429,613 (မြန်မာငွေ ကျပ် ၂၂,၈၅၂,၇၂ဝ,၁၂ဝ) (သိန်းပေါင်း ၂ သိန်း ၂ သောင်းကျော်) အထိ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပထမဆုရရှိခဲ့တဲ့ အမေရိကန် အခြေစိုက် အသင်း Evil Geniuses (EG) ဟာ အထက်ပါ ဆုကြေးငွေရဲ့ ၃၆% ဖြစ်တဲ့ $6,616,014 (မြန်မာငွေ ၈,၂ဝ၃,၈၅၇,၃၆ဝ) ခန့်ကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ် နှစ်ခုနီးပါး သက်တမ်းကြာမြင့်လာပြီ ဖြစ်တဲ့ E-Sports လောကဟာ ကမ္ဘာကို တစ်ဟုန်ထိုး ထိုးဖောက်နေတဲ့ ခေတ်သစ် အားကစားတစ်ခုဖြစ်ပါတယ်။ ဒီသက်တမ်းအတွင်းမှာ ကမ္ဘာနဲ့အဝှမ်း E-Sports ပြိုင်ပွဲပေါင်း ၁၁၈၂၇ ခု၊ Professional ကစားသမားပေါင်း ၂ သောင်းကျော်နဲ့ မတူညီတဲ့ E-Sports Video Game အမျိုးအစားပေါင်း ၂ဝဝ ကျော်နဲ့ လည်ပတ်လျက်ရှိပါတယ်။ အဆိုပါ E-Sports Video Game ၂ဝဝ ကျော်ထဲကမှ CS:GO, League of Legends, Star Craft 3, Dota 2, Hearthstone, Hero of The Storm တို့ဟာ ထိပ်တန်းဦးဆောင်လျက်ရှိတဲ့ Game များဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာခေတ်စားလျက်ရှိတဲ့ Dota 2 ကတော့ ကမ္ဘာ့စံချိန်တင် အောင်မြင်မှု အကြီးမားဆုံး နံပါတ်တစ် E-Sports တစ်ခုလည်း ဖြစ်ပါတယ်။ Formula One ကားမောင်း ပြိုင်ပွဲများ၊ Professional တန်း Golf ပြိုင်ပွဲများ၊ Tennis ပြိုင်ပွဲများကိုပင် ကျော်လွန်ပြီး ဆုကြေးပမာဏ အမြောက်အများ ပေးနိုင်တဲ့ Dota 2 The International Tournament များဟာ ကမ္ဘာက လက်ခံတဲ့ အားကစားတစ်ခုအဖြစ် ရပ်တည်ခဲ့တာ ၅ နှစ်ခန့်ပင် ကြာမြင့်ခဲ့ပါပြီ။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာအဝှမ်းမှာ Dota 2 ပြိုင်ပွဲပေါင်း ၄ဝဝ ဝန်းကျင်ခန့် ကျင်းပလျက်ရှိပြီး Dota 2 တစ်မျိုးတည်းကနေ ဆုကြေးငွေပေါင်း $49,780,567 (မြန်မာငွေ ၆၁,၇၂၇,၉၀၃,၀၈၀) (သိန်းပေါင်း ၆၁ သိန်း ကျော်ခန့်) ကို ဆုကြေးစား ကစားသမားတွေကို ချီးမြှင့်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာမှာရှိသမျှ E-Sports တွေ အားလုံးဟာ ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာသန်း ၁၅ဝ ခန့် ချီးမြှင့်ပေးပြီး ဖြစ်ပါတယ်။ ဒါကြောင့် Dota 2 E-Sports ဟာ E-Sports ဆုကြေးအား လုံးရဲ့ 30% ကို တာဝန်ယူထားနိုင်လောက်အောင် အောင်မြင်တဲ့ Game တစ်ခုဆိုတာ ထင်ရှားစွာ သိမြင်နိုင်ပါတယ်။

ဘောလုံးအားကစားကို ကမ္ဘာတစ်လွှားက ဘောလုံးရူးသွပ်သူ ပေါင်းများစွာက နည်းအမျိုးမျိုးဖြင့် အားပေးလျက်ရှိပါတယ်။ တစ်ကမ္ဘာလုံးကသိတဲ့ ကမ္ဘာ့အဆင့်
Professional ဘောလုံးကစားသမား တစ်ယောက်ဖြစ်လာဖို့အတွက် မလွယ်ကူသလိုပါပဲ။ Dota 2 မှာလည်း ကမ္ဘာသိဖြစ်ဖို့ မလွယ်ကူခြင်းက E-Sports ရဲ့ အနှစ်သာရတစ်ခုလို့ ပြောလို့ ရပါတယ်။ Pay-To-Win မဟုတ်ခြင်းက Sports ဆိုတဲ့ အားကစားတစ်ခုရဲ့ အခြေခံကျတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Game ဖြစ်တိုင်း E-Sports လို့ ပြောလို့ မရသလို E-Sports ကိုလည်း သာမန် Game တွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါကြောင့် ဘောလုံး အားကစားကဲ့သို့ပဲ Dota 2 မှာလည်း Professional ကစားသမား ၁ဝဝဝ ဝန်းကျင်သာရှိပေမယ့် Fan ပေါင်း သန်းပေါင်းရာနဲ့ ချီပြီးရှိနေရခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယခုနှစ် TI5 မှာ ချန်ပီယံဖြစ်သွားတဲ့ EG အသင်းမှ Offlane ကစားသမား EG.UNiVeRsE ဟာ ကမ္ဘာ့အချမ်းသာဆုံး E-Sports ကစားသမား အဖြစ် ရပ်တည်လျက်ရှိပြီး စုစုပေါင်းငွေကြေး $1,963,128 (မြန်မာငွေ ကျပ် ၂,၄၃၄,၂၇၈,၇၂၀) ကို ရရှိထားပါတယ်။ အသက် ၂၅ နှစ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံသား EG.UNiVe RsE (SaahilArora) ရဲ့ နောက်မှာတော့ ppd (Peter Dager-American), Aui_2000 (Kurtis Ling-Kanada), Fear (Clinton Loomis-American), xiao8 (Ning Zhang-China), Sumail (Sumail Hassan-Perkistan) စတဲ့ ကစားသမားများ အစဉ်အတိုင်း ကပ်လျက် လိုက်ပါနေပါတယ်။

TI (The International) ပြိုင်ပွဲများဟာ တစ်နှစ်ကို တစ်ခါနှုန်းနဲ့ ပုံမှန်ကျင်းပပေးလာခဲ့တာ စုစုပေါင်း ၅ နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆုကြေးငွေများကတော့ TI1 နဲ့ TI2 မှာ $1,600,000 တိတိ၊ TI3 မှာ $2,874,407 တိတိ၊ TI4 မှာ $10,931,103 ခန့်နှင့် နောက်ဆုံးကျင်းပသွားတဲ့ TI5 မှာတော့ $18,429,613 အထိ ပေးသွား ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် Dota 2 E-Sports ဟာ နှစ်စဉ်နဲ့အမျှ တိုးတက်လျက်ရှိပြီး လာမယ့် နှစ်များမှာလည်း ဒီထက်ပိုတဲ့ အရှိန်အဟုန်ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြီးမားတဲ့ E-Sports တစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားမှာ အသေအချာပါပဲ။ ဒါကြောင့် ကမ္ဘာပေါ်က နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ လို Dota 2 E-Sports ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ သိပ်မကြာခင် Dota 2 E-Sports ကို အကြောင်းပြု ပြီး ကမ္ဘာ့အလယ်မှာ မြန်မာ့အလံကို လွှင့်ထူခွင့် ရရှိစေနိုင်မယ့် အိပ်မက်များ၊ မျှော်လင့်ချက်များစွာဖြင့် ခရီးဆက်သွားရဦးမှာ ဖြစ်ပါတယ်။

www.dotaboo.com