THS နှင့် GTI တွင် ကန့်သတ်ချက် အချို့လျှောပေါ့့ပေးသွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ေá€

DSCF7716-.gif

လာမည့် ပညာသင်နှစ် တွင် THS နှင့် GTI တို့တွင် အသက် ကန့်သတ်ချက် လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝေးလံ ခေါင်ဖျားသော ဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ကျောင်းသား/ကျောင်းသူ များ နည်းပညာ တက္ကသိုလ်များတွင် တက်ရောက်ခွင့်ကို အမှတ်လျှော့ပေါ့ ပြီး  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီက နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတွင်  ကျင်းပခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် ပညာသင်နှစ်တွင် စက်မှုအထက်တန်းကျောင်း ဖြစ်သော THS တွင် အသက်အကန့်အသတ် လျှော့ပေါ့ပေးတော့မည်ဖြစ်ရာ  အခြေခံပညာ အလယ်တန်း ဖြစ်သော ၈ တန်းအောင်မြင်ပြီး သူဖြစ်က အဆိုပါ THS တွင်သင် ကြားလိုက သင်ကြားခွင့်ပေးတော့ မည်ဟုဆိုသည်။ အလားတူပင် စက်မှုကောလိပ်ဖြစ်သော GTI တွင် လည်း အသက်အကန့်အသတ် လျှော့ပေါ့ပေးတော့မည်ဖြစ်ရာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ အနေဖြင့်  GTI နှင့် တစ်ပြိုင်နက် အခြားဘာသာရပ်အဝေးသင် တက်ရောက်သူဖြစ်စေ (သို့မဟုတ်) အခြားတက္ကသိုလ်မှ ဘွဲ့ရပြီးသားသူများဖြစ်စေ တက်ရောက် သင်ကြားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

“ဒီလို အသက်အကန့် အသတ်တွေ လျှော့ချပေး လိုက်တော့ THS အတွက် အလယ်တန်း အောင်ပြီး အထက်တန်း ဆက်မအောင်ဘဲ Drop Out (ပညာရေး တစ်ပိုင်းတစ်စနဲ့ ထွက်လာသူ) ဖြစ်သွား လို့ အလုပ်အကိုင် မရရှိနိုင်တဲ့ ကလေးတွေလည်း ၈ တန်းအောင်နဲ့ အလုပ်အကိုင် ရသွားတာပေါ့။ ဒီလို အလုပ်အကိုင်ရရှိရေးနဲ့ ကျွမ်း ကျင်လုပ်သားရရှိရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပညာ တတ်မြောက်လိုသူများ ကျောင်းအတွင်း ရောက်ရှိလာစေရေးအတွက် ဖြစ်ပါတယ် ” ဟု အင်တာနက်ဂျာနယ်မှ မေးမြန်းချက်ကို အဆိုပါဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

ထိုပြင် နည်းပညာတက္ကသိုလ် အတွက် ကျောင်းသား/ ကျောင်းသူများ အတွက်မူ ဝေးလံခေါင်ဖျား သော ဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ကျောင်းသား/ကျောင်းသူများကို သတ်မှတ်ထားသော ဝင်ခွင့်ဦးရေ၏ ၃ ရာခိုင်နှုန်း ကို ဝင်ခွင့် အမှတ်ထက်  လျှော့ပေါ့ပေးပြီး ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထပ်မံပြောကြားသည်။ ထိုသို့ ဝင်ခွင့်ပြုရာတွင် တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများသည် ဆယ်တန်း စာမေးပွဲ ဖြေဆိုရာတွင် မည်သည့်စာစစ်ဌာနမှ အောင်မြင်သူဖြစ်စေ၊ဝေးလံခေါင်ဖျားသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ မိမိဒေသအတွက် ဒေသကို အမှန်တကယ် အကျိုးပြန်ပြုနိုင်သူ ဟုတ်/မဟုတ် အတွက် ဒေသအာဏာပိုင်များ၏ စိစစ်ထောက်ခံချက်နှင့် ထိုသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ လျှော့ပေါ့မှုဖြင့် တက်ရောက်သော ကျောင်းသား/ကျောင်းသူများအနေဖြင့် အဆိုပါ အကျိုးကို တက္ကသိုလ်ဝင်ခွင့်တွင်သာ ခံစားခွင့်ရရှိမှာ သာဖြစ်ပြီး နောင်ပညာသင်နှစ် (ဒုတိယနှစ်၊ တတိယနှစ်) များအတွက်မူ အခြားသော နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူ များ နည်းတူ သတ်မှတ် အရည်အချင်းနှင့် သတ်မှတ် အောင်ရမှတ်တို့ ရရှိရန် လိုအပ်ကြောင်းလည်း ဝန်ကြီး ဒေါက်တာကိုကိုဦးက ထပ်ဆင့် ရှင်းလင်း ပြောဆိုခဲ့သည်။