Sword Art Online : Hollow Fragment

SwordArtOnlineHollowFragment-5-NAL-Online-gamereview-2015Aug6.jpg

Bandai Namco Games က ရေးဆွဲဖြန့်ချိထားတဲ့ Sword Art Online: Hollow Fragment ဂိမ်းသစ်ဟာ ရောင်းအား အကောင်းဆုံး Light Novel Series နှင့် Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Sword Art Online (SAO) ကို မှီငြမ်းထားတဲ့ ဂိမ်းဖြစ်ပြီး ယခင် ဂျပန်ဘာသာဖြင့် ထွက်ထားတဲ့ SAO ဂိမ်းတွေရှိပေမယ့် Hollow Fragment ကတော့ English ဘာသာစကားနဲ့ ပထမဆုံးထွက်ရှိလာတဲ့ SAO ဂိမ်းဖြစ်ပါတယ်။ PSVita Version ရဲ့ enhanced version အဖြစ် PS4 မှာ ထွက်ရှိလာတဲ့ Sword Art Online: Hollow Fragment ဂိမ်းသစ်ဟာ Sword Art Online: Infinity Moment ကို graphics ပိုင်း ပိုမိုကောင်း မွန်အောင် ပြု ပြင်ထားတဲ့အပြင် Hollow Area လို့ခေါ်တဲ့ နေရာသစ်မှာ ဇာတ်လမ်းဆင်ထားတဲ့ Story mode လည်း ပါဝင်တာကြောင့် တစ်ဂိမ်းဝယ်ရုံနှင့် ဂိမ်းနှစ်မျိုးစလုံး ရတယ်လို့ ပြောနိုင်ပါတယ်။

PlayStation 4 မှာ retail version အဖြစ် disc နှင့် ထွက်ထားတာမဟုတ်ဘဲ PlayStation Network မှာ $20 နဲ့ Digital Version ဝယ်ယူကစားနိုင်မယ့် Sword Art Online ရဲ့ ဇာတ်လမ်းကတော့ စိတ်ကူးယဉ် Virtual Reality Online ဂိမ်းလောကအတွင်း နေရာယူထားပေမယ့် ကစားသူအနေနဲ့ကတော့ Offline Singleplayer ဂိမ်းတစ်ခုအဖြစ် ကစားရမှာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက် Kirito ရဲ့ ဝတ်စုံနဲ့ ဆံပင်အစရှိတဲ့အပြင်ပိုင်း cosmetic effects တွေကိုတော့ ပြင်ဆင်နိုင်ပေမယ့် ဂိမ်းအတွင်း ဇာတ်ကောင်စရိုက်ကတော့ မူရင်းဇာတ်လမ်းထဲက Kirito အတိုင်းပဲ ပုံသေရွေးချယ်နိုင်တာ တွေ့ရပါတယ်။ ဂိမ်းရဲ့ တရားဝင် စတင်ဖြန့်ချိ ရောင်းချတဲ့နေ့၊ ကစားသူတွေ ဝင်ရောက်လာတဲ့ Official Launch Date မှာတင် ဂိမ်းရဲ့ အထပ် ၁၀၀ ရှိတဲ့ Dungeon Floors အားလုံးကို ကစားလို့ မနိုင်မချင်း players အားလုံး ပြင်ပလောကကို ထွက်ခွင့်မရှိသလို ဂိမ်းအတွင်း Game Over ဖြစ်တာနဲ့ အပြင်မှာပါ သေသွားမှာဆိုတဲ့ အချက်ကို ကြော်ငြာလိုက်ပြီး နောက်မှာတော့ ကစားသူအားလုံး Game Over မဖြစ်အောင်ရော၊ Dungeon floor တွေကို နိုင်အောင်ပါ ကြိုးပမ်းရပုံကို ဇာတ်လမ်းဆင်ထားပါတယ်။

Hollow Fragment ဂိမ်းရဲ့ ကောင်းကွက်တစ်ခုကတော့ အရင်ဇာတ်လမ်းသိပြီးသား အစပိုင်း Dungeon Floor တွေမှာ ဝင်ကစားစရာမလိုဘဲ ဇာတ်လမ်းကို Floor ၇၅ ကနေ စထားခြင်းပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းရဲ့ Floor ၇၅ အတွင်းဇာတ်သိမ်းခန်းကို  ပြောင်းလဲထားတာ တွေ့ရပြီး Hollow Fragment ဂိမ်းမှာတော့ မူရင်းဇာတ်လမ်းလို Alfheim online (ALO) ကို ဇာတ်လမ်းပြောင်းသွားပေမယ့် အခုထွက်ရှိလာမယ့် Sword Art Online: Hollow Fragment ဂိမ်းရဲ့ Story Mode မှာတော့ Level ၇၆ ကနေ ၁၀၀  အထိ ဆက်လက်ကစားရပုံကို Alternate Storyline အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ Floor Boss တွေကို တိုက်ခိုက်ရတာကတော့ ဆော့လို့အကောင်းဆုံး အပိုင်းတွေပဲဖြစ်ပြီး partner အပြင် ဂိမ်းတွင်း A.I NPC (Non-playable characters) ဇာတ်ကောင်တွေ အများကြီးနဲ့ ပေါင်းပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Side quests တွေ ကစားပြီးတော့ ရန်သူခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေနဲ့သူတို့ရဲ့ တိုက်ကွက်တွေကို ကြို သိအောင် စုံစမ်းနိုင်ပါတယ်။ Checkpoint တွေ အများကြီး မရှိသလို special skills တွေသုံးပြီးရင် cool down ပြန်ပြည့်ဖို့ နည်းနည်းခက်တာကြောင့် normal attack နှင့် special skills ကို သေချာချိန်ဆပြီး တိုက်ခိုက်ရမှာပါ။

အဓိကဇာတ်လိုက် မင်းသမီးတွေ အပါအဝင် တိုက်ပွဲအတွင်းမှာ Partner အဖြစ်အသုံးပြုနိုင်သူ NPC ဇာတ်ကောင်ပေါင်း ၁၀၀ ကျော်ရွေးချယ်နိုင်ပေမယ့် အများစုကတော့ တိုက်ပွဲတွင်းကို ဝတ်စုံတွေ၊ လက်နက်တွေ စိတ်ကြိုက် Customize လုပ်နိုင်မယ့် မင်းသမီးဇာတ်ကောင်တွေပဲ ခေါ်သွားဖြစ်မှာ သေချာပါတယ်။ အဓိက ဇာတ်ကောင်တွေအဖြစ် Kirito ရဲ့ in-game wife နှင့် ချစ်သူဖြစ်တဲ့ Asuna, ALO server မှ SAO server အတွင်းရောက်ရှိလာတဲ့ Kirito ရဲ့ ပြင်ပလောကမှ ညီမဖြစ်သူ Suguha ရဲ့ Avatar ဖြစ်တဲ့ Leafa၊ လက်ရှိ ပြသနေတဲ့ Sword Art Online Animation Season 2 က Gun Gale Online (GGO) Server မှ Sinon, SAO server အတွင်းမှ Silica နှင့် Blacksmith Lisbeth အပြင် ဂိမ်းအတွင်းမှာပဲ ပါဝင်တဲ့ ဇာတ်ကောင်သစ်တွေအဖြစ် Floor မှာမှ Kirito နဲ့ စတွေ့ ဖြစ်တဲ့ ဇာတ်ကောင်သစ် Strea နှင့် Hollow area အတွင်းမှ missions အတူတူကစားနိုင်မယ့် ဇာတ်ကောင်သစ် Strea တို့ ပါဝင်ထားပါတယ်။

Sword Art Online: Hollow Fragment ဂိမ်းဟာ battle gameplay တစ်ခုတည်း သီးသန့် ကြည့်မယ်ဆိုရင်တော့ တိုက်ခိုက်မှုပိုင်းတွေမှာ ဆန်းသစ်မှုတွေ အများကြီး မပါပေမယ့် မူရင်းဇာတ်လမ်းနဲ့ ကွဲပြားတဲ့ storyline အသစ်နှင့် cutscenes တွေ၊ ပျော်စရာ Dating gameplay တွေ မျိုးစုံပါဝင်သလို လက်နက် တစ်ခုချင်းစီအတွက်လည်း Skill Trees တွေ ပါဝင်ထားလို့ JRPG ဂိမ်းပရိသတ်တွေ သဘောကျမှာဖြစ်သလို SAO Series ပရိသတ် ကတော့ သေချာပေါက် နှစ်သက်မယ့် ဂိမ်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ လောလောဆယ် Western release အဖြစ် English Version မထွက်ရှိသေးတဲ့ Sword Art Online: Lost Song ကလည်း နိုဝင်ဘာလကျရင် PS4 အတွက် ဆက်လက်ထွက်ရှိလာဦးမှာဖြစ်လို့ Action RPG ဂိမ်းပရိသတ်တွေ စောင့်မျှော်နိုင်မယ့် ဂိမ်းသစ်တစ်ခု ဖြစ်ပါတယ်။