အိန္ဒိယတွင် စမတ်ဖုန်းများ ထုတ်လုပ်ရန် Xiaomi နှင့် Foxconn ပူးပေါင်း

11866287_10205334334377710_1520933243191889892_n.jpg

တရုတ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ Xiaomi သည် တိုးတက်လာသော အဓိက စမတ်ဖုန်းဈေးကွက် ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ယှဉ်ပြိုင်ရာ၌ အသာစီး ရရှိစေရန် ဒေသအတွင်း စမတ်ဖုန်းများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

Xiaomi ၏ စမတ်ဖုန်းများကို ဘီလျံနာ တယ်ရီဂေါင်းပိုင်ဆိုင်သည့် ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီ Foxconn Technology Group မှ ထုတ်လုပ်ပေးသွားမည် ဖြစ်သည်။ Xiaomi ကုမ္ပဏီ၏ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ စတင်ခဲ့သည့် ‘Make in India’ အစီအစဉ်ကို ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

Apple အတွက် အရေးအကြီးဆုံး supplier ဖြစ်သော Foxconn သည် လာမည့် ၅ နှစ်အတွင်း အိန္ဒိယတွင် ကန်ဒေါ်လာ ၅ ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် အခြားဈေးကွက်များတွင် ရောင်းအားနှေးကွေးမှုနှင့် ရင်ဆိုင်နေရသော စမတ်ဖုန်းထုတ်လုပ်သည့် နိုင်ငံတကာ ကုမ္ပဏီများအတွက် အပြိုင်အဆိုင်ဈေးကွက်တစ်ခု ဖြစ်လာဖွယ်ရှိသည်။

Foxconn သည် အန်ဒရာပရက်ရှ်ပြည်နယ် စီရီမြို့အခြေစိုက် စက်ရုံတစ်ခုတွင် Xiaomi ဖုန်းများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပထမဆုံးထုတ်လုပ်မည့် ဖုန်းမှာ Xiaomi ၏ Redmi 2 Prime ဖြစ်ပြီး RAM 2GB နှင့် memory 16GB အထိဆင့်မြှင့်တင်ထားသော Redmi 2 ဗားရှင်းဖြစ်သည်။ အဆိုပါစမတ်ဖုန်းကို သြဂုတ်လ ၁၀ရက်မှစတင်၍ Mi.com အပြင် Flipkart, Amazon နှင့် Snapdeal တို့တွင် ရှုပီး ၆,၉၉၉ (ကန်ဒေါ်လာ ၁၀၉) ဖြင့်ရောင်းချသွားမည် ဖြစ်သည်။ Redmi 2 Prim တွင် Qualcomm Snapdragon 410 64-bit ပရိုဆက်ဆာ၊ 4G Dual SIM ထောက်ပံ့မှုနှင့် ၄.၇လက်မ HD display တို့ပါဝင်လာသည်။

Ref: Forbes