UIT ကျောင်းသားများ ပြုလုပ်ထားသော နည်းပညာများကို စုစည်းပြသ

11838576_836998006414487_8122050564118506720_o.jpg

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology) ၏ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်သည့် ပရောဂျက်များကို သြဂုတ်လ ၁၀ ရက်က အဆိုပါကျောင်းတွင် စုစည်းပြသခဲ့သည်။

အဆိုပါနည်းပညာများတွင် မိမိစားသုံးလိုက်သော အစားအစာများ တည့်၊ မတည့် သိရှိစေရန်၊ ရောဂါနှင့် မစားသင့်သော အစားအစာများ အလွယ်တကူ ရှာဖွေသိရှိစေရန်၊ အစားအစာများ၏ ကောင်းကျိုး၊ ဆိုး ကျိုးများကို သိရှိစေရန် ဆောင်ရွက်ထားသည့် Food Check Prolog & Java Project၊ အဆောင်နေ လိုသူများအတွက် အဆောင်၏ အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ အဆောင်မှချမှတ်ထားသည့် စည်းကမ်းများကို အနယ်နယ်အရပ်ရပ်မှ အဆောင်ရှာဖွေသူများ ဝင်ရောက်ကြည့်ရှုနိုင်မည့် MyanHost.com.mm , Bluetooth ဖြင့် ထိန်းချူပ်မောင်းနှင်နိုင်သည့် လှေ၊ Bluetooth ဖြင့်ထိန်း ချူပ်မောင်းနှင်နိုင်သည့် တင့်ကားငယ် (Android Controlled Tank) အစရှိသည့် နည်းပညာများ ပါဝင်ကြောင်း တွေ့ရသည်။

ယင်းအပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် Objectives မေးခွန်းများကို ဝက်ဘ်ဆိုက်ပေါ်တွင် ဂိမ်းအသွင်ဖြင့် အလွယ်တကူ လေ့ကျင့်နိုင်မည့် PMP (Practice Makes Perfect)၊ အရေးပေါ် သွေးလိုအပ်လျှင် အလျင်အမြန် ရှာဖွေနိုင်မည့် Myanmar Blood စသည်တို့လည်း ပါဝင်ခဲ့သည်။

ထိုသို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော နည်းပညာများကို ပြသသည့်အခမ်းအနား အား UIT Open Campus ဟုအမည်ပေးထားပြီး ကျောင်းသား၊ ကျောင်းသူများ မိမိတို့စိတ်ပါဝင်စားသည့် အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် အများပြည်သူများမှ အဆိုပါတက္ကသိုလ်၏ လုပ်ဆောင်နေမှုများကို လေ့လာနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပထမနှစ်မှာ C++ Language သုံးပရောဂျက်များ၊ ဒုတိယနှစ်မှ Java Language သုံး Desktop Application ပရောဂျက်များ၊ HTML, CSS, Java Script, Language သုံး ဝက်ဘ်ဆိုက်များနှင့် Web Application များ၊ တတိယနှစ်မှ Java နှင့် Prolog Language သုံး ဝက်ဘ်ဆိုက်များ၊ HTML, Java Script, PHP Language သုံးဝက်ဘ်ဆိုက်များနှင့် Web Application များကို ပြသခဲ့ခြင်း ဖြစ်သည်။ Hardware ဆိုင်ရာ ပရောဂျက်များအနေဖြင့် ပထမနှစ်မှ Digital Circuit Application ပရောဂျက်များ၊ ဒုတိယနှစ်မှ Analog and Digital Circuit Integrated ပရောဂျက်များ၊ တတိယနှစ်မှ Microcontroller-based Application ပရောဂျက်များကို ပြသခဲ့သည်။ အဆိုပါ တက္ကသိုလ်မှာ အထက်တန်းအောင်စာရင်း အမှတ် ၄၅၀ နှင့် အထက် ရရှိသူများ လျှောက်နိုင်ပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး လက်ခံ သင်ကြားပေးနေကြောင်း သိရသည်။