Firefox ၏ default search engine ကို Yahoo အဖြစ် Mozilla ပြောင်းလဲ

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Mozilla သည် ၎င်း၏ Firefox browser တွင် default search engine အဖြစ် Yahoo သို့ ပြောင်းလဲခဲ့ကြောင်း blog ၌ထုတ်ပြန် သွားခဲ့သည်။
အဆိုပါ blog တွင် Google သည် ၂၀၀၄ ခုနှစ်မှ စတင်၍ Fire-fox ၏ကမ္ဘာလုံးဆိုင်ရာ default search engine ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ရာ ကုမ္ပဏီအနေဖြင့် ယှဉ်ပြိုင်မှုများ ပြုလုပ်နိုင်မည့် နည်းဗျူဟာနှင့် အခြားရွေးချယ်မှုများကို ရှာဖွေသုံးသပ်ရန် အခွင့်အရေးအဖြစ် မှတ်ယူခဲ့ကြောင်း Mozilla မှထုတ်ပြန်ခဲ့သည်။ ထိုသို့ ကုမ္ပဏီ အနေဖြင့် မူဝါဒပိုင်းဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် Yahoo
ကို ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ Yahoo သည် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံအတွက် Firefox default search engine ဖြစ်လာမည် ဖြစ်သည်။ ရုရှားရှိ Firefox သုံးစွဲသူများအတွက် Yandex နှင့် တရုတ်ရှိ Firefox သုံးစွဲသူများအတွက် Baidu တို့ကို default search engine အဖြစ်အသီးသီး သတ်မှတ်ပေးထားသည်။
Mozilla က Yahoo သည် Firefox အတွင်းရှိ “Do Not Track” preference များကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ အပြောင်းအလဲနှင့် ပတ်သက်၍ Mozilla က ကမ္ဘာလုံးဆိုင်ရာ default search engine တစ်ခုတည်း အသုံးပြုမှုကို အဆုံးသတ်ကာ ဝက်ဘ်ရှိဆန်းသစ်မှုနှင့် ရွေးချယ်မှု တိုးတက်လာရန် ပြုလွယ်ပြောင်းလွယ်သော ပုံစံတစ်မျိုးဖြင့် ချဉ်းကပ်မှုတစ်ခု စတင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
-စိုးထက်
Ref: TheNextWeb