ပထမဆုံးအကြိမ် Product Show ဦးဆောင်သူ ကျောင်းသားများနှင့် တွေ့ဆုံခြင်း

11845191_10203331804015470_1689193078176570096_o.jpg

ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ဖန်တီးထားသည့် နည်းပညာ ထုတ်ကုန်များအား ပြသသည့် UCSY Product Show အားပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် အဆိုပါ  Product Show အား ၂၀၁၅၊ သြဂုတ်လ၊ ၁၀ နေ့လည် ၁၁ နာရီခွဲမှ စတင်ကာ အဆိုပါ တက္ကသိုလ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့် နည်းပညာ ထုတ်ကုန်များ၊ ပညာသင်ကြားနေစဉ် ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ပတ်သက်၍ UCSY Product Show ကို ဦးဆောင်သူ ကျောင်းသား ကိုရဲလင်းဝေနှင့် အဖွဲ့အား တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နှုတ်ဖော်ပြ လိုက်ပါသည်။

UCSY က ကျောင်းသားတွေ ဖန်တီးထားတဲ့ Product show တစ်ခု ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။ ဘယ်လို product တွေကို ပြသမှာပါလဲ။

ဟုတ်ပါတယ်ခင်ဗျာ။ Product အမျိုးအစားတွေအနေနဲ့ Web Application, Web Design, Mobile Application နဲ့ Game တွေပါဝင်မှာ ဖြစ်ပါတယ်။

ဒီ product show ကို UCSY ကျောင်းသားတွေ စုစည်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

တစ်အချက်အနေနဲ့ ကွန်ပျူတာ တက္ကသိုလ်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အားကျအတုယူ နိုင်စေဖို့ပါ။ သူတို့တွေအနေနဲ့ ကျောင်းစာအပြင် လက်တွေ့အသုံးချ နယ်ပယ်က ပညာရပ်တွေကိုပါ လေ့လာသင်ယူထားဖို့ လိုကြောင်းကို သိမြင်စေချင်ပါတယ်။ နှစ်အချက်အနေနဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း တီထွင်ဖန်တီးနိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်ဆိုတာကို ချပြလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

Product Show ကျင်းပမယ့် အချိန်ကာလ အတိအကျကိုလည်း ပြောပြပေးပါဦး။

သြဂုတ်လ (၁၀)ရက်၊ တနင်္လာနေ့၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ကျောင်းသားဘယ်နှစ်ဦး ပါဝင်ပြီး ဒီနည်းပညာ ထုတ်ကုန်ပြပွဲကို လုပ်နေတာပါလဲ။

ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ ကျော် ပါဝင်ပြီးတော့ Product Show အတွက် ၂ လကြာ ကြိုးစားခဲ့ကြပါတယ်။

ဒီ Product Show ပြုလုပ်ဖို့အတွက် ကျောင်းသားတွေကို အဓိက ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေ ရှိရင်လည်းသိချင်ပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်နဲ့ အစိုးရဖက်က ထောက်ပံ့ပေးမှုရော ရှိပါသလား။

ယခုလို Product Show ဖြစ်မြောက်ဖို့အတွက် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖွဲ့စည်းထားတဲ့ UCSY Computer Science Club ရဲ့လက်အောက်ဖြစ်တဲ့ Study Group ကနေစတင်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က သက်ဆိုင်ရာ တာဝန်ရှိ ဆရာ၊ ဆရာမများ၏ ခွင့်ပြုချက်ကြောင့်သာ CS Club ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပါမောက္ခချုပ်က CS Club အတွက် ကွန်ပျူတာ Lab ခန်းနှင့် internet access ကိုလည်း ထောက်ပံ့ပေးထား ပါတယ်။

ဒီ Product Show မှာပြသမယ့် နည်းပညာ ထုတ်ကုန်တွေကို ဖန်တီးတဲ့အခါမှာ အဓိကရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိရင်လည်း သိချင်ပါတယ်။

ပထမဦးဆုံး ပြုလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေ အများကြီးရှိပါတယ်။ Study Group ကို စတင်ဖို့ Udemy က Project base online course လေးခု ဝယ်ယူခဲ့ပါတယ်။ Web, Web Design, Mobile Application နဲ့ Game Course တွေဖြစ်ပါတယ်။ Study Group ကို ဝင်ရောက်ဖို့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ online form ဖြည့်ရပါတယ်။ အဲဒီမှာ တစ်နေ့တစ်နာရီ Self-study လုပ်နိုင်မလားဆိုပြီး မေးထားပါတယ်။ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ ကျော် Form ဖြည့်ပြီး Team အနေနဲ့ ပြန်ဖွဲ့တဲ့အခါမှာ Team ၂၀ ထွက်ရှိလာပါတယ်။ Team ၁ ခုမှာ ကျောင်းသား၊ ကျောင်းသူ ၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ Team တိုင်းမှာ Leader ကိုယ်စီရှိပါတယ်။ Leader အနေနဲ့ ဦးဆောင်နိုင်မှူ အားနည်းတာကြောင့်လည်း ၂ လအတွင်း Product မထွက်ရှိတဲ့ Team တွေလည်း ရှိပါတယ်။ အချို့ Team တွေမှာ ပူးပေါင်းလုပ်ဆောင်မှူတွေ အားနည်းတာကြောင့် Team ပျက်သွားခဲ့ရ တာတွေလည်း ရှိပါတယ်။ တချို့ကလည်း လုပ်နေရင်းနဲ့ မလုပ်နိုင်တော့ ပါဘူးဆိုပြီး လက်လျော့ လိုက်တာတွေလည်း ရှိပါတယ်။ ၂လအတွင်း Product တွေ မထွက်ရှိမှာကို ကျွန်တော်အရမ်းစိုးရိမ် ခဲ့ရပါတယ်။ ဝယ်ယူထားတဲ့ online course တွေကို အကုန်လုံး တစ်ခါတည်းမပေးလိုက်ဘဲနဲ့ တစ်ပတ်တစ်ခါ သူတို့လေ့လာလို့ရနိုင်မယ့် အနေအထားရှိတဲ့ Video Lecture တွေကို share ပေးပါတယ်။ Video Lecture ကို ကြည့်ပြီး လေ့လာပြီး သိလိုတာရှိရင် internet က ရှာပြီး သူတို့ကိုယ်တိုင်လေ့လာရပါတယ်။ ၂ လပြည့်လို့ Product မထွက်ရင် ဘာဖြစ်မယ်။ ညာဖြစ်မယ်ဆိုပြီး ပြောဆိုထားတာလည်း မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေ အချင်းချင်းကပဲ ပြန်ပြီး mentor လုပ်ပေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ မေတ္တာရပ်ခံရတာ ရှိပါတယ်။ Motivation လုပ်ပေးရတာတွေ ရှိပါတယ်။ ခြုံပြီး ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေဟာ ငယ်ငယ်ကတည်းက အများနဲ့ ပူးပေါင်းလုပ်ဆောင်မှု ဆိုင်ရာတွေ အတွေ့အကြုံအများကြီး ရှိခဲ့မယ်၊ တက္ကသိုလ်မှာလည်း ကျောင်းသား activities တွေမှာ ပူးပေါင်းပါဝင်မယ်၊ ကျူရှင်အားကိုး၊ Guide အားကိုးနဲ့မှ စာသင်ယူလေ့လာ နိုင်တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်လည်း self-taught ပြုလုပ်နိုင်မယ်ဆိုရင်တော့ ခုနက ကျွန်တော်ပြောတဲ့ အခက်အခဲ ပြသနာတွေ ရှိလာမှာ မဟုတ်ပါဘူး။

အိုင်စီတီ နည်းပညာဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာ ကွန်ပျူတာတက္ကသိုလ်တက်ရောက်သင်ကြားနေရတဲ့ ကျောင်းသားတွေ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ရှိရင်လည်း သိချင်ပါတယ်။

ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားတွေက မနက်ကျောင်းကို သွားဖို့ ကားပေါ်မှာ တစ်နာရီခွဲလောက် ညောင်းနေအောင် ကားစီးရပါတယ်။ ပြီးတော့မှ ကျောင်းရောက်ပါတယ်။ စာသင်တယ်။ နေ့လည် break time ၄၅ မိနစ်ရပါတယ်။ နေ့လည်စာ ထမင်းစားပါတယ်။ ပြီးတော့ အတန်းပြန်တက်တယ်။ ညနေကျောင်းဆင်းတယ်။ အိမ်ကို တစ်နာရီခွဲလောက် ကားပြန်စီးရပါတယ်။ Looping လိုပါပဲ။ တစ်နေ့တစ်နေ့ ဒါကိုပဲ လုပ်နေရပါတယ်။ ဘယ်မှာလဲ ကျွန်တော်တို့ idea တွေ စဉ်းစားဖို့အချိန်။ ဘယ်မှာလဲ ကျွန် တော်တို့ idea တွေ အကောင်အထည်ဖော်ဖို့ အချိန်။ ဘယ်မှာလဲ ကျွန်တော်တို့ creation တွေ ပြုလုပ်ဖို့အချိန်။ ကျွန်တော်တို့ ဦးနှောက်တွေကို တံခါးဖွင့်ပေးထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီး နိုင်စွမ်းတွေကို ကမ္ဘာထိချပြနိုင်အောင် ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ ကြိုးစားနိုင်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်လည်း autonomy ဖြစ်လာတဲ့အခါ အပြောင်းအလဲတွေ ဖြစ်စေချင်ပါတယ်ခင်ဗျာ။ အပြောင်းအလဲက လုပ်ဖို့ ကြာတယ်ထင်ရပေမယ့် တကယ်ကို နှစ်ပြီးလုပ်နိုင်ရင် မကြာပါဘူး။ CS Club ကို ယခုနှစ် January လမှာ စတင်ခဲ့ပြီး ယခုနှစ်မှာပဲ Product Show အထိ ကျွန်တော်တို့ လူငယ်တွေအားနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့ပါတယ်။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေ အမြဲပြောလေ့ရှိတဲ့ Capacity ပေါ့။ သင်ကြားရေးတစ်ခုတည်း မဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးမှူတွေ၊ အသစ်အသစ်သောနည်းပညာတွေကို လေ့လာမှုပိုင်းတွေမှာ အားကောင်းတဲ့ ဆရာ၊ ဆရာမတွေရဲ့ အထောက်အပံ့တွေ အများကြီး လိုအပ်နေပါတယ်။

ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား တစ်ဦးအနေနဲ့ အစိုးရဆီက ဘယ်လိုထောက်ပံ့မှုတွေကို လိုအပ်ပါလဲရှင်။ အစိုးရဖက်က ပညာသင်ကြားရေးနဲ့ ပတ်သတ်ပြီး ထောက်ပံ့ပေးမှုတွေကရော ပြည့်စုံလုံလောက်တယ်လို့ ထင်ပါလားရှင့်။

အဓိကတော့ တက္ကသိုလ်ကို သွားလို့လာလို့ အဆင်ပြေနိုင်မယ့် မြို့တွင်းအနီးတဝိုက်မှာပဲ ရှိစေချင်ပါတယ်။ ဒီလိုသွားရလာရ အဆင်ပြေနိုင်မှပဲ Harvard တက္ကသိုလ်က ပြုလုပ်သလို extension school ဆိုတာမျိုးတွေ ပြုလုပ်နိုင်ပါလိမ့်မယ်။ အခုဆို ကျောင်းပိတ်ရက်မှာ ပညာရပ်တစ်ခုကို သင်ကြားပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တောင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ကို သီးသန့်သွားဖို့ ပြုလုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ပြည့်စုံလုံလောက်တဲ့ အခြေအနေမျိုးအထိတော့ မရောက်ရှိသေးပါဘူး။

ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတစ်ဦးအနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ အိုင်စီတီအခန်းကဏ္ဍကို ဘယ်လိုဖြစ်စေချင်ပါလဲ။ ဘယ်လိုပုံစံနဲ့ ပံ့ပိုးပေးချင်ပါလဲ။

ကျွန်တော်တို့ နိုင်ငံမှာက အိုင်စီတီ နည်းပညာဖွံ့ဖြိုးဆဲ အချိန်ကာလပဲ ရှိသေးတာကြောင့် ဖြစ်စေချင်တာတွေကတော့ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့တော့ ဖန်တီးမှူတွေ ပြုလုပ်သွားမယ်။ လူနေမှူဘဝရဲ့ နေ့စဉ်အခက်အခဲတွေ၊ နှောင့်နှေးကြံ့ကြာမှူတွေကို နည်းပညာနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။

ဒီ Product Show နဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ အကြောင်းအရာတွေ ကျန်ရှိသေးရင် ဖြည့်စွက်ပြောကြား ပေးပါဦး။

Product Show အတွက် Sponsor Company အဖြစ် ပါဝင်ချင်ပါက www.fb.com/ucsycsclub ကနေလည်း ဆက်သွယ်နိုင် ပါတယ်ခင်ဗျာ။ ပွဲအပြီးမှာ ကျွန်တော်တို့အနေနဲ့ ရေဘေးသင့်ဒေသတွေကို လှူဒါန်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နည်းပညာကို စိတ်ပါဝင်စားတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနဲ့ နည်းပညာရှင်များလည်း တက်ရောက်ပေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါရစေခင်ဗျာ။