iOS တွင် Beats သီချင်း ဝန်ဆောင်မှုကို ပေါင်းစပ် ထည့်သွင်းရန် Apple စီစဉ်

Apple သည် လာမည့်နှစ် အစောပိုင်းတွင် iPad နှင့် iPhone များတွင် အသုံးပြုထားသော iOS operating system တွင် Beats သီချင်း ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေကြောင်း Financial Times မှဖော်ပြသွားခဲ့သည်။
Apple သည် Spotify နှင့် Rhapsody ကဲ့သို့ သီချင်း ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန် iOS အတွင်း ထည့်သွင်းသွားမည့် ဝန်ဆောင်မှုကို Beats ဟူသည့် အမည်အသုံးပြုဖွယ် မရှိကြောင်းသိရသည်။ အဆိုပါ ဝန်ဆောင်မှုသည် ဝင်ငွေလမ်းကြောင်း သစ်များရရှိရန် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့်လည်း Apple ၏ စီးပွားရေးစနစ်တွင် ရှိနေစေမည် ဖြစ်သည်။ ထို့အပြင် Apple သည် ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ Apple သည် Beats ကိုဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့သောကြောင့် ကုမ္ပဏီ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဝယ်ယူမှုတစ်ခု ဖြစ်သည်။
Apple သည်၎င်း၏ TouchID လက်ဗွေ ဖတ်စနစ်ကို အသုံးပြု၍ ဝန်ဆောင်မှုကို အလွယ်တကူ အသုံးပြုနိုင်ရန် အသုံးချဖွယ်ရှိကြောင်း Financial Times မှဖော်ပြခဲ့သည်။ ကုမ္ပဏီ အနေဖြင့်လည်း စတိုးများနှင့် ဝက်ဘ်ဆိုက်အချို့တွင် in-app ဝယ်ယူမှုများအတွက် မိုဘိုင်းငွေပေးချေမှု စနစ် Touch ID ကို အသုံးပြုနိုင်ရန် ဖန်တီးပေးထားသည်။
-စိုးထက်
Ref : CNET