
တိုက်ခိုက်မှုအတွက် သဲလွန်စ မကျန်ရှိဘဲ သုံးစွဲသူများ၏ ကွန်ပျူတာများမှ တစ်ဆင့် ဖိုင်များကို ခိုးယူနိုင်သော အားနည်းချက်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Firefox နောက်ဆုံးဗားရှင်းကို အသုံးပြုရန် Mozilla က တိုက်တွန်းပြောကြားခဲ့သည်။
Mozilla ၏ blog post တစ်ခုတွင် ပြောကြားချက်အရ ရုရှား သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် တွေ့ရှိခဲ့သော ကြော်ငြာသည် Firefox ၏ အားနည်းချက်တစ်ခုကို အသုံးချကာ သုံးစွဲသူ၏ ကွန်ပျူမှ ဖိုင်များကို ရှာဖွေပြီး ယူကရိန်းရှိ ဆာဗာတစ်ခုထံ အချက်အလက်များ ပေးပို့ကြောင်း သိရသည်။
အဆိုပါ အားနည်းချက်သည် Windows နှင့် Linux သုံးစွဲသူများတွင် သက်ရောက်မှုရှိပြီး Mac သုံးစွဲသူများကမူ ပစ်မှတ်ထားခြင်း မခံရကြောင်း၊ သို့သော်လည်း Mac သုံးစွဲသူများအနေဖြင့် ဟက်ကာများ၏ ပစ်မှတ်မှ ကင်းလွတ်သည်ဟု မယူဆနိုင်ကြောင်း ကုမ္ပဏီမှ သတိပေးခဲ့သည်။
၎င်းအားနည်းချက်သည် Firefox ၏ PDF viewer နှင့် ဆက်စပ်မှုရှိသောကြောင့် PDF viewer မပါဝင်သော Firefox for Android မိုဘိုင်းထုတ်ကုန်များတွင် အန္တရာယ်မရှိကြောင်း Firefox မှ ပြောကြားခဲ့သည်။
Mozilla ကမူ Windows နှင့် Linux ပေါ်တွင် Firfox သုံးစွဲသူတိုင်း နောက်ဆုံးဗားရှင်း 39.0.3 ကို အသုံးပြုကြရန် တိုက်တွန်းခဲ့သည်။ လုပ်ငန်းသုံး user များအနေဖြင့် အားနည်းချက်ကို ပြင်ဆင်ထားသော Firefox ESR 38.1.1 ကို အသုံးပြုရန် အကြံပြုခဲ့သည်။
ထို့အပြင် သုံးစွဲသူများအနေဖြင့် password များ နှင့် ဖိုင်များအတွက် key များကို ပြောင်းလဲရန် အကြံပြု တိုက်တွန်းခဲ့သည်။
Ref: SMH